ပန်တော်ကျ - Episode 15


................

တစ်ပတ်ကြာပြီးနောက်မှာတော့ ငွေမှုံက မင်းဝေကို
တရားစွဲဖို့ ရပ်ကွက်ရုံးမှာ လူကြီးများရှေ့အသိပေး
ပြောကြားခဲ့သည်။
ရပ်မိရပ်ဖလူကြီးများက ငွေမှုံ့ဆန္ဒအတိုင်း ဆောင်
ရွက်ပေးမည်ဟုကတိပေးကြပြီးနောက် အမှုကို
တရားရုံးမှာ ဦးတိုက်လျှောက်ထားလိုက်သည်။

တရားခွင်မှာ မေးမြန်းစစ်ဆေးချက်တွေကို ပြန်
လည်ဖြေဆိုနိုင်ဖို့အတွက် ရှေ့နေတစ်ဦးစီစဥ်ပေး
ပြီးနောက် တရားလိုရှေ့နေမှ အခင်းဖြစ်ခဲ့သည့်နေ့
က အကြောင်းအရာတွေကို စာသေချာရိုက်၍ ရုံး
တော်သို့ စာတင်ခဲ့သည်။

"ဒီကိစ္စမှာ သမီးရဲ့မိန်းကလေးသူငယ်ချင်း သုံး
ယောက်ကလည်း ကြံရာပါဖြစ်နေတယ်...သူတို့ကို
တရားရုံးက ဆင့်ခေါ်လိမ့်မယ်...ကြံရာပါဖြစ်နေကြ
တာရယ် သွေးဆောင်ဖြားယောင်းမှုရယ်..ပြစ်မှုကျူး
လွန်အောင် အားပေးအားမြှောက်လုပ်တာရယ်
အနည်းဆုံး ခုနှစ်နှစ်လောက်ချလို့ရတယ်..."

ငွေမှုံ ခေါင်းညိတ်ပြလိုက်သည်။ သူမ မျက်ရည်တွေ
ကျလာတော့ ရှေ့နေက ငွေမှုံ့ကိုနှစ်သိမ့်ပေးကာ

"စိတ်မကောင်းမဖြစ်နဲ့သမီး...သမီးက ဒီကောင်လေး
ကိုခါးခါးသီးသီးဖြစ်နေတာသိရက်နဲ့ သူတို့ဒီလိုလုပ်
ရက်ကြတယ်ဆိုကတည်းက သမီးအပေါ်မှာသူတို့
သူငယ်ချင်းစိတ်ဓာတ်မရှိခဲ့လို့ပဲ...တရားခွင်မှာစစ်
ဆေးကြည့်လို့ သူတို့အချင်းချင်းအပေးအယူတွေ
ရှိခဲ့ကြရင်လည်း ရှိခဲ့ကြမှာ..ပြောလို့မရဘူး..
ဒါ သူတို့စိုက်ခဲ့တဲ့အပင်ကို သူတို့ပြန်ပြီး
ရိပ်သိမ်းကြရမှာ...အန်တီက သမီးကိုမြှောက်ပင့်
ပေးနေတာမဟုတ်ဘူး..လုပ်ရမယ့် ကိစ္စမလို့...လုပ်
သင့်လုပ်ထိုက်တာကို လုပ်ရမှာ...တကယ်နစ်နာသူ
က သမီးနော်...အန်တီသမီးကို ချီးကျူးတယ်..
သမီး သတ္တိရှိတယ်...ဒီလိုမတရားမှုမျိုးအတွက်
ဒီလိုမျိုးရဲရင့်မှုရှိမှ ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်
ချမှတ်လို့ရမှာ...ဒီလိုအမှုတွေ အန်တီအများကြီး
ကိုင်ခဲ့ဖူးတယ်..အများစုက လျော်ကြေးငွေနဲ့ပြီး
သွားခဲ့ကြတာများတယ်..မိန်းကလေးရဲ့အရှက်နဲ့
သိက္ခာအတွက်တို့..ဘာဘာညာညာခေါင်းစဥ်အမျိုး
မျိုးတပ်ပြီး ပြစ်မှုကျူးလွန်သူဘက်က သူ့ဂုဏ်
သိက္ခာကိုသူ ငွေနဲ့လဲပြီးကာကွယ်သွားတာ...နစ်နာ
သူအတွက်ကြည့်ပေးတယ်ဆိုတာ ဘာမှမဟုတ်ဘူး
အဲ့သလိုလုပ်လိုက်လို့ နစ်နာသူက ပိုပြီးနစ်နာသွားရ
တာပဲရှိတယ်...ကျူးလွန်သူက အေးဆေးပဲ...
သူတို့ရဲ့ခေါင်းထဲမှာ ငွေပေးရင်ရပါတယ်ကွာဆိုပြီး
တောင် တွေးသွားကြတာတွေရှိသေးတယ်...
သမီးက နစ်နာသူမိန်းကလေးတွေအတွက် စံပြပဲ..
ဒါမျိုးအမှုတွေက ရှိလာဦးမှာပဲ...သမီးက ရှေ့
ဆောင်လမ်းပြပြီးအခုလိုရင်ဆိုင်ဖြေရှင်းရဲတာ
အန်တီ တကယ်လေးစားတယ်...တကယ်ရှက်ရမှာ
က ပြစ်မှုကျူးလွန်ထားတဲ့သူပဲ...နစ်နာသူက
ဘာအမှားမှကျူးလွန်ထားတာမဟုတ်တဲ့အတွက်
ရှက်စရာမလိုဘူး..ကြောက်စရာမလိုဘူး..ခြိမ်း
​ခြောက်မှုတွေရှိလာခဲ့ရင်လည်း အန်တီ့ကိုပွင့်ပွင့်
လင်းလင်းပြောပြ...အဲ့ဒီ့အတွက် သူတို့မှာ ထပ်တိုး
ပြစ်မှုတွေတိုးလာရုံပဲရှိမယ်...ကုန်ကုန်ပြောရရင်
ရပ်ကွက်ထဲမှာ သမီးကို ဂုဏ်သိက္ခာကျအောင်
မဟုတ်မမှန်ပြောဆိုတာတွေကိုတောင် အရေးယူ
လို့ရတဲ့ ပုဒ်မတွေရှိတယ်...သမီး ဘာမှကြောက်စ
ရာမလိုဘူး...ခေါင်းထဲမှာမြဲမြဲမှတ်ထားရမှာက..
သမီး ဘာအမှားမှလုပ်မထားဘူး..ရှက်စရာမလိုဘူး.
ပြစ်မှုကျူးလွန်ထားတဲ့သူတွေက သူတို့ကျူးလွန်
ထားတာတွေအတွက် ထိုက်သင့်တဲ့အပြစ်ကို လုံးဝ
လုံးဝ ခံယူသင့်တယ်...ဟုတ်ပြီလား.."

"ဟုတ်ကဲ့ အန်တီ.."

"အမှုစစ်မယ့်နေ့ကျရင် သမီး ဘာမှမကြောက်နဲ့
တရားသူကြီးကို သမီးပြောစရာရှိတာကိုပြော...
အန်တီရှိမယ်..ရပ်ကွက်လူကြီးတွေရှိမယ်...သမီး
ရဲ့မိသားစုဝင်တွေရှိမယ်..ဒီတိုက်ပွဲမှာ သမီး နိုင်
ကိုနိုင်ရမယ်..."

"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ် အန်တီ"

"အန်တီကလည်း သမီး အခုလို သတ္တိရှိရှိနဲ့ တိုက်ပွဲ
ဝင်ဖို့ကြိုးစားတဲ့အတွက် သမီးကို ကျေးဇူးတင်
တယ်...ဟုတ်ပြီလား.."

"ဟုတ်..."

ရှေ့နေအန်တီရဲ့အားပေးမှုတွေကြောင့် ငွေမှုံ ခွန်အား
တွေရခဲ့သည်။
တစ်ဖက်ကလည်း သူတို့၏သားကို အတတ်နိုင်ဆုံး
လွတ်မြောက်ဖို့အတွက် ကြိုးစားကြမည်ဖြစ်ကြောင်း
သူမ သိသည်။

ပထမဆုံးရုံးချိန်းနေ့သို့ရောက်လာသည်။
တရားခွင်သို့ ဖေဖေ့အမှုကိစ္စတုန်းကရောက်ဖူးပေ
မယ့် အခုက မိမိကိုယ်တိုင် တရားသူကြီး၏ရှေ့မှာ
ရပ်နေရတော့ ငွေမှုံ စိတ်လှုပ်ရှားနေသည်။
တရားခွင်မှာလာရောက်ကြည့်ရှုသည့် လူတွေကြား
ငွေမှုံ လက်သီးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်လို့
မျက်နှာကိုအနည်းငယ်မော့ထားလိုက်သည်။

သူမ၏ရှေ့နေက မကြောက်ဖို့ အားပေးသည်။
တရားခံ၏ရှေ့နေမှ ငွေမှုံ့ကို ဖြေရခက်သည့်မေးခွန်း
တွေ ဂုဏ်သိက္ခာထိခိုက်စေမည့်မေးခွန်းတွေကို
မေးလာသည်။
ငွေမှုံ အံကိုတင်းတင်းကြိတ်၍ ထိုရှေ့နေ မေးသမျှ
ကို ရဲရဲဝံ့ဝံ့နှင့် ပြန်လည်ဖြေကြားခဲ့သည်။
ငွေမှုံ မဖြေဝံ့ဘူး၊မဖြေရဲဘူးဟု ထင်ထားပုံရသော
ရှေ့နေဖြစ်သူမှာ ငွေမှုံက သူမေးသမျှကို တွန့်ဆုတ်
ခြင်းတစ်ချက်မရှိပဲ ရဲရဲဝံ့ဝံ့နှင့်
ပြန်လည်ဖြေကြားလိုက်တော့ သူ တုန်လှုပ်သွားသည်။

ငွေမှုံ ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာသည့် မျက်
ရည်တွေကို လက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်၍သုတ်
လိုက်သည်။
ငွေမှုံ့ရဲ့ရှေ့နေက ထိုင်ရာမှထလိုက်ပြီးနောက် တရား
ခံ၏ရှေ့နေဖြစ်သူကိုကြည့်လိုက်ကာ

"နစ်နာသူနေရာမှာ ရှင့်သမီးလေးသာဆိုရင် ရှင်
ဒီလိုမျိုး အောက်တန်းကျတဲ့မေးခွန်းတွေကို မေး
ရက်ပါ့မလား..ဒါပေမယ့် ...ရှင့်မေးခွန်းကြောင့်ပဲ တရားခံက ပြစ်မှုထင်ရှားကြောင်း
ပိုပြီးပေါ်လွင်သွားတာပေါ့...တရားသူကြီးမင်းရှင့်..
ဒီအမှုကို မျှမျှတတဖြစ်အောင် ပြစ်ဒဏ်ချမှတ်ပေး
ဖို့အတွက် ကျွန်မက လေးစားစွာဖြင့် တောင်းဆို
အပ်ပါတယ်ရှင်..."

တရားသူကြီးမင်းက တရားလိုရှေ့နေကို ခေါင်းညိတ်
ပြသည်။
ဘုတ်အီး တရားခွင်ကို ထိုင်ကြည့်နေရင်းမှ တရားခံ
၏ရှေ့နေဖြစ်သူရဲ့မျက်နှာကို လက်သီးနှင့် စိတ်ရှိ
လက်ရှိ ပြေးထိုးပစ်ချင်စိတ်တွေ တဖွားဖွားဖြစ်လာ
သည်။

"တောက်...အဲ့လူကတော့ စိတ်ရှိလက်ရှိ ပြေးလုပ်
လိုက်ရရင် နံပြားဖြစ်တော့မယ်..."

ဘုတ်အီးရဲ့ ကြိမ်းဝါးသံကြောင့် မိလှိုင် ဘေးဘီသို့
တစ်ချက်ကြည့်ကာ သူ့သမီးရဲ့လက်မောင်းကို
တစ်ချက်ရိုက်လိုက်သည်။

"ဟဲ့...တိုးတိုးပြော..တရားရုံးထဲမှာနော်..နင်ပါအချုပ်
ထဲရောက်သွားမယ်..."

"ဟင်း...ဥပဒေရှိနေလို့ပေါ့...မဟုတ်လို့ကတော့
အကုန်လုံးကို သတ်ပစ်မှာ..."

"ဟဲ့...ပြောလေကဲလေ...နင့်ပါးစပ်ကို ပိတ်ထား
စမ်း.."

ပထမအကြိမ် ရုံးချိန်းက ပြီးသွားသည်။
နောက်ရုံးချိန်းမှာတော့ ဆေးစစ်ချက်အဖြေတွေ
ထွက်လာပြီးနောက် အားလုံးတုန်လှုပ်စရာကိစ္စ
တစ်ရပ်ရှိလာခဲ့သည်။

ငွေမှုံ့မှာ ကိုယ်ဝန်နှစ်ပတ် ရှိနေပြီဖြစ်ကြောင်း
ဆေးစစ်ချက်ရလဒ်ထွက်လာလေသည်။

ငွေမှုံ အတော်ကို ထိတ်လန့်တုန်လှုပ်သွားသည်။
တရားခံဘက်က ကိုယ်ဝန်ကိုအကြောင်းပြကာ
အမှုကျေအေးပေးဖို့အတွက် လျှောက်ထားသည်။
မိသားဘသားပီပီ တောင်းရမ်းလက်ထပ်ယူဖို့
လျှောက်ထားသည်။
ငွေမှုံက ခေါင်းမာစွာနှင့်ပင် ငြင်းဆန်ခဲ့သည်။

လူကြီးတွေလည်း ခေါင်းခြောက်စရာဖြစ်ကုန်သည်။
သို့သော် ကာယကံရှင်က လုံးဝ ကျေအေးမပေးနိုင်
ချေ။

"ကျွန်မ ဘယ်လိုညှိုနှိုင်းမှုမျိုးကိုမှ လက်ခံမှာမဟုတ်
ဘူး..သူတို့ကို ကျူးလွန်ထားတာတွေနဲ့ထိုက်တန်တဲ့
အပြစ်ဒဏ်ခံယူစေချင်တယ်.."

ငွေမှုံ ပြတ်ပြတ်သားသားနှင့် ငြင်းဆိုခဲ့သည်။
သူမရဲ့နာကြည်းချက်တွေက ပို၍ ကြီးမားပြင်းထန်
လာခဲ့သည်။

တရားခွင်ထဲတွင် တရားခံဘက်မှ အမျိုးမျိုးစေ့စပ်
ညှိနှိုင်းဖို့အတွက် ကြိုးစားပေမယ့် နစ်နာသူမိန်း
မငယ်လေးကတော့ နောက်ဆုံးချိန်အထိမျက်နှာထား
တင်းတင်းနှင့် ညှိနှိုင်းမှုအားလုံးကို ခါးခါးသီးသီး
ငြင်းဆန်ခဲ့လေသည်။

သူမရဲ့သူငယ်ချင်းသုံးယောက်ကိုပါ ကြံရာပါစွဲချက်
နှင့် ရုံးထုတ်ခဲ့သည်။

"အဲ့ဒီ့နေ့က ကျွန်မ စာကျက်နေတဲ့အချိန် သူတို့
သုံးယောက်က မုန့်တီသွားသောက်ကြမယ်ဆိုပြီး
လာခေါ်ပါတယ်..ကျွန်မ စာမရသေးဘူး.. မလိုက်
တော့ဘူးလို့ငြင်းခဲ့ပေမယ့် သူတို့က ခဏနားပြီးမှ
ပြန်ကျက်ဖို့ပြောပါတယ်...ကျွန်မ မလိုက်တော့ဘူး
ဆိုပြီး နောက်တစ်ခေါက်ထပ်ငြင်းတော့ သူတို့က
စိတ်ပြေလက်ပျောက်ခဏလောက်ပဲလိုက်ခဲ့ပါလို့
ထပ်ခေါ်လို့ ကျွန်မ လမ်းထိပ်နားအထိပဲဆိုပြီး
သူတို့နဲ့လိုက်သွားခဲ့ပါတယ်...သူတို့ကျွန်မကို လမ်း
ထိပ်အထိ ခေါ်လာခဲ့ပါတယ် လမ်းထိပ်မှာရှိနေတဲ့
Taxi တစ်စီးကိုငှားဟန်ပြုပြီး တစ်ယောက်က
အရင် taxi ခေါင်းခန်းထဲ ဝင်ဟန်ပြုပါတယ်..
နောက်ခန်းမှာ ကျွန်မကိုအရင်ဝင်စေပြီး ကျွန်မ
ကားထဲကိုရောက်တော့မှ ရှေ့ခန်းမှာထိုင်ဟန်ပြုတဲ့
တစ်ယောက်က ကားထဲကပြန်ထွက်သွားပါတယ်
အဲ့အချိန်မှာပဲ Taxi သမားက ကားကို အရှိန်ပြင်း
ပြင်းနဲ့မောင်းထွက်လိုက်ပါတယ်..Taxi သမား
ယောင်ဆောင်ထားတဲ့သူက မင်းဝေမှန်း အဲ့အချိန်
ကျမှ ကျွန်မ သိလိုက်ရပါတယ်..."

တရားသူကြီးမှ အမှုအသွားအလာကို သေချာသုံး
သပ်ပြီးနောက် အမိန့်ချမှတ်ဖို့ပြင်ဆင်သည်။

အဆောင်မှာနေထိုင်သူ မျက်မြင်သက်သေအချို့၏
ပြောကြားချက်အရ တရားခံသုံးဦးသည် ထိုနေ့က
ငွေမှုံနှင့်အတူ အဆောင်မှ ထွက်သွားကြကြောင်း။
ညနေဘက်မှပြန်ရောက်လာပြီး ငွေမှုံ ပြန်ပါမလာ
ကြောင်း ။သူ့ကောင်လေးနှင့် လျှောက်လည်ဖို့ လိုက်
သွားသည်ဟုပြောဆိုကြကြောင်း သက်သေပြုကြ၍
ပုဒ်မ ၃၆၆အရ ပြန်ပေးမှု ၊သွေးဆောင်မှုနှင့်
ပြစ်မှုကျူးလွန်ရန်အားပေးအားမြှောက်ပြုမှုတို့ဖြင့်
ပြစ်မှုထင်ရှားသဖြင့် ထောင်ဒဏ် ရှစ်နှစ်စီ ချမှတ်ခံ
လိုက်ရသည်။

မင်းဝေက ပြန်ပေးမှု၊အလိုမတူပဲ ခိုးယူပေါင်းသင်း
ကာ သားမယားပြုကျင့်မှု ၊ ပြစ်မှုကျူးလွန်ရန် ကြို
တင်ကြံစည်မှုတို့ဖြင့် ပုဒ်မ၃၆၆နှင့်ပုဒ်မ၃၇၆အရ
အလုပ်ကြမ်းနှင့်ထောင်ဒဏ်ဆယ့်ရှစ်နှစ် ချမှတ်ခံ
လိုက်ရသည်။
ထို့ပြင် နစ်နာသူအား တရားခံမှ နစ်နာကြေး ငွေကျပ်
ဆယ့်ငါးသိန်းပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

အမိန့်ချမှတ်သည့်နေ့၌ တရားရုံး၌ ဆူညံပွက်လော
ရိုက်သွားလေသည်။
တရားခံတွေ၏ မိသားစုဝင်တွေမှာ တရားရုံးထဲတွင်
ကာလပျက်မတတ်အော်ဟစ်ငိုကျွေးနေကြသည်။

"တရားသူကြီးမင်းက လုပ်ရက်လိုက်တာ..
ရက်စက်လိုက်ကြတာ..."

ငွေမှုံ သူ့ရှေ့မှာ ကာလပျက်မတက် လူးလှိမ့်ငိုကျွေး
နေသည့် လူအုပ်ကို ခံစားချက်မဲ့စွာဖြင့် ရပ်ပြီး ငေး
ကြည့်နေလေသည်။

သားသမီးအတွက် ပူဆွေးသောကရောက်နေကြ
သည့် မိခင်တွေ။ သူမမှာတော့ ထိုသို့ မိခင်မျိုးမရှိ။
ဖခင်ဖြစ်သူကလည်း ထောင်ထဲမှာ။ သူမမှာ အား
ကိုးအားထားရာဆို၍ ဘုတ်အီးတို့မိသားစုနှင့်
ရပ်မိရပ်ဖလူကြီးများသာရှိလေသည်။

သူမ ဒီလိုအဖြစ်ဆိုးမျိုးနှင့်ကြုံတွေ့ခဲ့ရသည်ကို
အမေသိခဲ့လျှင် ဘယ်လိုနေမည်နည်း။
ထိုမေးခွန်းအတွက် အဖြေမရှိခဲ့ပါ။

ငွေမှုံ သူတို့အားလုံးကို ကျောခိုင်း၍ လှည့်ထွက်လာ
ခဲ့လိုက်သည်။

တရားရုံး၏ပြင်ပကိုရောက်တော့မှ သူမရဲ့တင်းထား
သမျှ စိတ်ကို လွှတ်ချလိုက်သည်။

ဒူးတွေညွတ်ကျသွားသည့် ငွေမှုံ့ကို မြေကြီးပေါ်သို့
လဲကျမသွားအောင် ဘုတ်အီး ပွေ့ထားလိုက်သည်။

ထိုအခါမှ ငွေမှုံ ဘုတ်အီးကိုဖက်၍ ရှိုက်ကြီးတငင်
ငိုကျွေးတော့သည်။

ဘုတ်အီး သူမကို ဖက်၍ စိတ်ကြိုက်ငိုခွင့်ပြုထား
လိုက်ပြီး ကျောကိုညင်သာစွာပွတ်ပေး၍ နှစ်သိမ့်
ပေးလိုက်သည်။

"နင် တော်တယ် ငွေမှုံ...နင်တော်တယ်...လွှတ်ချ
လိုက်တော့...ရှေ့လျှောက် ငါတို့တွေ ဘဝအသစ်
တစ်ခု ပြန်စကြရအောင်...နော်...နင့်ဘေးမှာ ငါ
အမြဲရှိနေပေးမယ်....အခု အားရအောင် ငိုလိုက်..
ပြီးရင် ငါတို့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေ
သွားကြရအောင်...နော်...ဘာမှမဖြစ်တော့ဘူး...
ငါ နင့်ကို ကာကွယ်ပေးမယ်..."

ဘုတ်အီး မငိုမိအောင် ကြိုးစားရင်း ငွေမှုံ့ရဲ့ခေါင်း
လေးကို တစ်ချက်နမ်းလိုက်သည်။
ငွေမှုံ့အတွက် ယူကျုံးမရစိတ်၊ခံပြင်းသည့်စိတ်တွေ
ကို မျိုသိပ်လိုက်ရင်း ရှေ့ကိုဘယ်လိုဆက်လျှောက်
ဖို့ဆိုသည့်အတွေးက ခေါင်းထဲမှာကြီးစိုးလာခဲ့သည်။

...............


ကြမ်းပြင်ပေါ်မှာချထားသည့် နစ်နာကြေးငွေ ဆယ့်
ငါးသိန်းကိုကြည့်နေသော ငွေမှုံ့ရဲ့မျက်လုံးတွေက
အသက်မဲ့လို့နေသည်။

သူမ ထို ငွေထုပ်ကို မမှိတ်မသုန်နှင့်စိုက်ကြည့်နေ
မိတာ အတော်ကြာပြီ။

ဒီငွေတွေကို သူမ လက်မခံချင်။သူမရဲ့အသွေး
အသားကိုရင်းပြီးမှ ရလိုက်သည့်ငွေတွေ။

ငွေမှုံ ပိုက်ဆံထုတ်တွေကိုကောက်ယူ၍ ဒေါသ
တကြီးနှင့် လွှင့်ပစ်လိုက်သည်။

ထမင်းစားချိန်ရောက်လာတော့ ဘုတ်အီး ဆိုင်ထဲက
ထွက်လာကာ ငွေမှုံ့ကို ထမင်းစားဖို့သွားခေါ်လိုက်သည်။

"ငွေမှုံ...ထမင်းစားရအောင်..."

အခန်းထဲသို့ ဝင်လာရင်းနှင့်ပြောလိုက်တာကြောင့်
ငွေမှုံက ဘုတ်အီးရဲ့အသံကိုကြားတော့ လန့်ပြီး
လက်ထဲမှာကိုင်ထားသည့် ခဲတံချွန်ဓားက ကြမ်းခင်း
ပေါ်သို့ လွတ်ကျသွားသည်။

ဘုတ်အီး ကြမ်းခင်းပေါ်ကျသွားသည့် ခဲတံချွန်ဓား
ကိုကြည့်လိုက်ပြီးနောက် မျက်နှာကချက်ချင်းဆို
သလို တည်သွားသည်။

ငွေမှုံ ပဆစ်တုတ်၍ထိုင်နေရာမှ ထလိုက်ပြီး ဘုတ်
အီးကို မလုံမလဲနှင့်ကြည့်လိုက်သည်။

ငွေမှုံက မူပျက်နေပြီး တုန်တုန်ရင်ရင်ဖြစ်နေတာ
ကြောင့် ဘုတ်အီး ငွေမှုံ့အနားသို့ ခြေလှမ်းကြဲတွေ
နှင့် ရောက်သွားကာ ငွေမှုံ့ရဲ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်
၍ ခပ်ကြမ်းကြမ်းဆွဲလှည့်လိုက်သည်။

"ငွေ..မှုံ...ဒါ ဘာလုပ်တာလဲ..."

ဘုတ်အီးက ငွေမှုံ့ကို ဒေါသတကြီးနှင့်မေးလိုက်
သည်။ဘုတ်အီးရဲ့မျက်လုံးတွေက နီရဲလာပြီး
ဒေါသကြောင့်ခန္ဓာကိုယ်က တဆက်ဆက်တုန်နေ
သည်။

"ဘုတ်...ဘုတ်ဘုတ်..."

ငွေမှုံ ဘုတ်အီးကို ကြောက်ရွံ့ဟန်နှင့်မော့ကြည့်လာ
ပြီး သူမရဲ့နှုတ်ခမ်းတွေဟာ ကြောက်စိတ်ကြောင့်
တုန်နေသည်။

"ငါမေးနေတယ်လေ...နင် ဒါ ဘာလုပ်တာလဲလို့..."

ဘုတ်အီး ငွေမှုံ့ကို အော်လိုက်ပြီး လက်နှစ်ဖက်က
လည်း ငွေမှုံ့ရဲ့ပုခုံးနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆွဲ
လှုပ်လိုက်တာကြောင့် ငွေမှုံ့ခမျာ သူ့လက်တွေကြား
ထဲ အရုပ်လေးတစ်ရုပ်နှယ် မလှုပ်သာမယှက်သာ
ဖြစ်ကာ ဘုတ်အီးကို မျက်လုံးအဝိုင်းသားနှင့် ကြည့်
နေမိလေသည်။

"ဟဲ့...ဟဲ့...ဘာတွေ ဖြစ်နေကြတာလဲ..."

ဘုတ်အီးရဲ့အသံကြောင့် မိလှိုင်ပါ အိမ်ပေါ်သို့
ရောက်လာပြီး အခန်းထဲသို့ဝင်လာသည်။

ဘုတ်အီးက ငွေမှုံ့ကိုလွှတ်လိုက်ပြီးနောက် ကြမ်းပြင်
ပေါ်က ခဲတံချွန်ဓားကိုကောက်ယူလိုက်ကာ

"နင် လုပ်ချင်နေလား...သေချင်နေလား...အေး..
ဒီတိုင်းတော့ပေးမသေနိုင်ဘူး...ငါအရင်သေမယ်..
ငါမရှိမှ..နင် ကြိုက်တာလုပ်..."

ဘုတ်အီးက ခဲတံချွန်ဓားကို သူ့လည်ပင်းပေါ်သို့
တင်လိုက်တာကြောင့် ငွေမှုံ မျက်လုံးပြူးသွားသည်။
ချက်ချင်းဆိုသလို ဒူးထောက်၍ ထိုင်ချလိုက်ပြီး
နောက်

"ဘုတ်ဘုတ်...ငါတောင်းပန်ပါတယ်...ငါမှားသွားပါ
တယ်..နောက် မလုပ်တော့ပါဘူး...မလုပ်တော့ပါ
ဘူး...မှားသွားပါတယ်...တောင်းပန်ပါတယ်...မလုပ်
ပါနဲ့...မလုပ်ပါနဲ့..."

"ဟဲ့. .ဟဲ့...ဘာတွေဖြစ်နေကြတာလဲ..ဘုတ်အီး..
လက်ထဲကဓားကို ချလိုက်စမ်း..."

မိလှိုင်လည်း မျက်လုံးမျက်ဆံပြူးကာ သူတို့အနား
သို့ရောက်သွားသည်။
ငွေမှုံက ဘုတ်အီးရဲ့ခြေထောက်ကိုဖက်၍ တောင်း
ပန်စကားအထပ်ထပ်ပြောနေသည်။

ဘုတ်အီး ခဲတံချွန်ဓားကို ကျစ်နေအောင်ဆုပ်ကိုင်
ထားတာကြောင့် လက်ကနေသွေးတွေစီးကျလာ
သည်။

"ဟဲ့...လွှတ်လိုက်လို့ပြောနေရင် "

မိလှိုင် ဘုတ်အီးရဲ့လက်ကို သတိနှင့်လှမ်းကိုင်လိုက်
ကာ လက်ထဲက ဓားကို ယူဖို့ကြိုးစားလိုက်သည်။

ဓားကိုကိုင်ထားသည့် ဘုတ်အီးရဲ့လက်ဟာတုန်ရင်
နေသလို သူ့ပါးပြင်နှစ်ဖက်ပေါ်မှာလည်း မျက်ရည်
တွေက စီးကျနေသည်။
မိလှိုင် သူ့သမီးကို ချော့မော့၍ဖျောင်းဖျတော့မှ
ဘုတ်အီးက အံကိုတင်းတင်းကြိတ်၍ လက်ထဲကဓား
ကို လွှတ်ချလိုက်သည်။
ငွေမှုံ သူ့လက်ကို လက်နှစ်ဖက်နှင့်ဆွဲယူလိုက်ပြီး
နောက်

"ငါတောင်းပန်ပါတယ်...ငါမှားသွားပါတယ်...ငါ
စိတ်လွတ်သွားလို့ပါ...နောက် မဖြစ်စေရပါဘူးဟာ
နော်...ငါမှားသွားပါတယ် ဘုတ်ဘုတ်ရယ်..."

"နင်...လုပ်ရက်တယ်ဟာ..."

ဘုတ်အီးက ထိုမျှသာပြော၍ အခန်းထဲကနေ ထွက်
သွားသည်။ ငွေမှုံ အခန်းထဲမှာ ရှိုက်ကြီးတငင် ငိုကြွေး၍ ကျန်ခဲ့သည်။
မိလှိုင်တစ်ယောက် ဘုတ်အီးနောက်ကိုပဲလိုက်ရမလိုလို၊ငွေမှုံနှင့်ကျန်ခဲ့ရမလိုလိုဖြစ်နေပြီး အရင်ဆုံး
ကြမ်းပြင်ပေါ်မှာကျနေသည့် ခဲတံချွန်ဓားကို အရင်ကောက်သိမ်းလိုက်သည်။

"ငွေမှုံရယ် ဘာလို့အဲ့လိုလုပ်ဖို့ ကြံရတာလဲ..သမီး
ရယ်...အဲ့လိုလုပ်လို့ပြီးသွားမှာမဟုတ်ဘူးအေ့..
ညည်းတစ်ယောက်ထဲမဟုတ်ပါဘူးအေ...ဒေါ်လေး
တို့ရှိနေတာပဲ...နောက်ကိုမကြံနဲ့တော့ ကြားလား...
ဒီကလေးကလည်း ညည်းဆက်ဆော့ပြီးမှရလာ
တာမဟုတ်တာ အားလုံးအသိ...အေး..မဟုတ်တမ်း
တရားပြောရဲရင်ပြောကြစမ်း...အကုန် အချုပ်ထဲ
ပို့ပစ်မယ်...ဒီကလေးမွေးပြီးမှ မလိုချင်ရင် သူ့
အဖေဘက်ကိုပေးလိုက်...မဟုတ်တဲ့အတွေးတွေ
တော့ မတွေးပါနဲ့အေ...လူ့အသက်တစ်ချောင်းရဖို့
လွယ်တာမဟုတ်ဘူး...နော်...သမီးက လိမ်မာပါ
တယ်အေ...သတ္တိရှိရှိနဲ့ အားလုံးကိုရင်ဆိုင်ဖြေရှင်း
ခဲ့ပြီးမှ ဘာလို့အခုလိုကြံရသလဲ..
ဘာလို့အရှုံးပေးဖို့ကြံရတာလဲ...ညည်းကြိုးစား
ထားသမျှ အကုန် သဲထဲရေသွန်ဖြစ်ကုန်မှာပေါ့.."

မိလှိုင် လေသံပျော့နှင့်တစ်ဖုံ၊လေသံမာနှင့်တစ်ဖုံ
ငွေမှုံ့ကို နားဝင်အောင် ဖျောင်းဖျနေလေသည်။
ငွေမှုံ မိလှိုင်ပြောသမျှကို ခေါင်းတဆက်ဆက်ညိတ်
၍ နားထောင်နေပြီးနောက်

"သူ အရမ်းနာနေမှာ ဆေးထည့်ဖို့ ပြောပေးပါဦး
ဒေါ်လေးရယ်..."

"လက်ကနာတာက သူ့ရင်ထဲကနာကျင်မှုကိုမှီမှာ
မဟုတ်ဘူးအေ့...တော်သေးလို့ပေါ့..ဘုရား သိကြား
မ လို့..."

မိလှိုင် ရင်ဘက်ကိုလက်ဖြင့်ဖိကာ သက်မ ချလိုက်
သည်။

"လာ..အပြင်ကို ထွက်ခဲ့တော့.. "

မိလှိုင် ငွေမှုံ့ကို သူမနှင့်အတူ အခန်းအပြင်သို့
ခေါ်ထုတ်လာခဲ့လိုက်သည်။

..........

ချောင်းရေပြင်ကိုငေး၍ ကျောက်ရုပ်တရုပ်နှယ်
မလှုပ်မယှက်နှင့်ထိုင်နေသည့် ဘုတ်အီးကိုကြည့်
ကာ ခဲတံ သက်ပြင်းချလိုက်သည်။
ညနေစောင်းနေပြီ ။ ဘုတ်အီးက အခုထိ ဒီနေရာမှာ
ရှိနေတုန်းပင်။
သူ နေ့လည်ကတည်းက ဒီနေရာကို ငါးမျှားရန်
ရောက်နေခဲ့တာဖြစ်ပြီး ဘုတ်အီးတစ်ယောက်
သူရောက်ပြီးသိပ်မကြာ ဒီနေရာသို့ ငိုကြီးချက်မနှင့်
ရောက်လာပြီး ထိုနေရာမှာ ငုတ်ဆုံပစ်ထိုင်၍ နေ
နေခြင်းဖြစ်သည်။

"ဘုတ်အီး..."

ဘုတ်အီးက သူ့ကိုလှည့်မကြည့်ချေ။ ခဲတံ သူ့အနားသို့သွားလိုက်သည်။

"ဘုတ်အီး..."

ပုခုံးကို တစ်ချက်ပုတ်၍ ခေါ်လိုက်တော့မှ ဘုတ်အီး
က သူ့ကို လှည့်ကြည့်လာသည်။
ခဲတံ သူ့နားမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး

"ဘာဖြစ်လာတာလဲဟ...ဘာတွေအဆင်မပြေစရာ
ရှိလို့လဲ..ငါ့ကိုပြောလေ..ငါကူညီနိုင်ရင်ကူညီပေး
မယ်.."

ဘုတ်အီးက သူ့ကိုခေါင်းခါပြသည်။ မျက်ရည်
တွေကို လက်မောင်းနှင့်ပွတ်၍ သုတ်လိုက်ပြီး
နောက် နှပ်တစ်ချက်ရှုံ့လိုက်ကာ

"နင်မကူညီနိုင်ပါဘူးဟာ..."

"ဘာလဲ ငွေမှုံနဲ့ပက်သက်နေလို့လား"

"အင်း.."

ခဲတံလည်း ဘာမှဆက်မပြောနိုင်တော့ပဲ ငြိမ်ငြိမ်
လေးနေလိုက်တော့သည်။
ဘုတ်အီးပြောသလိုပဲ သူ ကူညီပေးနိုင်မည့်အရာ
မဟုတ်၍ ဆိတ်ဆိတ်နေလိုက်ခြင်းဖြစ်သည်။

"မှောင်တော့မှာဟ...နင့်အိမ်ကစိတ်ပူနေလောက်
ရော့မယ်..ပြန်ကြရအောင်..."

ထိုအခါမှ ဘုတ်အီးလည်း အိမ်ပြန်ဖို့သတိရသည်။
ထိုင်ရာမှထလိုက်ပြီးနောက် လုံခြည်မှာပေနေသည့်
အမှိုက်သရိုက်တွေကို ခါချလိုက်သည်။

..................

မိလှိုင် ဘုတ်အီးရဲ့လက်က ဓားရှရာကို အရက်ပျံနှင့်
ဆေးကြောပေးပြီးနောက် ဂွမ်းစဖြင့်သုတ်ပေးလိုက်သည်။
ဘုတ်အီးကတော့ နာသည် စပ်သည် ညည်းညူတာ
မျိုးမရှိပဲ ငိုင်တိုင်တိုင်နှင့် လက်ဝါးကိုဖြန့်ပေးထား
ပြီး မြေကြီးကိုသာ ငေးကြည့်နေသည်။

"ငွေမှုံနဲ့စကားသွားပြောလိုက်ဦး...သူလည်းသနား
ပါတယ်..တခဏတာစိတ်လွတ်ပြီး လုပ်မိလုပ်ရာ
လုပ်လိုက်မိတယ်ထင်ပါတယ်...သမီး သူ့ကိုစကား
မပြောပဲနေလိုက်ရင် အားငယ်သွားလိမ့်မယ်..
ပြီးတော့ကိုယ်ဝန်ကြောင့်လည်း စိတ်ဂနာမငြိမ်ဖြစ်
သွားတာပါမယ်..ဒီအချိန်မှာ စိတ်က တအား အား
ငယ်တတ်တာ..သာမန်လူတောင် ကိုယ်ဝန်ရှိလာရင်
စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိတတ်သေးတာပဲ
သမီးရယ်...ကိုယ်ကပဲ နားလည်ပေးလိုက်ပါ..."

ဘုတ်အီး သူ့အမေရဲ့စကားကို သေချာနားထောင်
နေသည်။ပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ

"အင်းပါ...သမီး ခဏနေရင် သွားလိုက်မယ်..
အခု လတ်လတ် သူနဲ့ရှိနေတယ်မဟုတ်လား.."

"အင်း...တစ်ယောက်ထဲ လွှတ်ထားလို့မှမရတာ..
ဖိအားတွေ အရမ်းမပေးမိစေနဲ့နော်...ဝမ်းနည်း
အောင်လည်း ဆူမနေနဲ့ဦး...စကားအလှလေးနဲ့
နားဝင်အောင်ပြော...ဘီလူးထွက်သရဲထွက်လုပ်
ပြမနေနဲ့... ကြောက်သွားမယ်..."

"ဟုတ်ကဲ့..."

မိလှိုင် ဘုတ်အီးရဲ့လက်ကဒဏ်ရာကိုဆေးထည့်ပေး
ပြီးနောက် ပတ်တီးစည်းပေးလိုက်သည်။
ခဏနေတော့ ဘုတ်အီး ငွေမှုံ့ဆီသို့ ထွက်လာခဲ့လိုက်
သည်။

...........

"ငွေမှုံ.."

ငွေမှုံ အိပ်ရာထဲမှာ ခွေနေရာမှ ဘုတ်အီးရဲ့အသံကို
ကြားလိုက်ရတော့ ဆက်ခနဲ လှည့်ကြည့်လာသည်။

"ဘုတ်ဘုတ်.."

လတ်လတ်က အခန်းထောင့်လေးမှာ အသံတိတ်
စာကျက်နေရာမှ ဘုတ်အီး အခန်းထဲဝင်လာတော့
အခန်းထဲကနေ စာအုပ်နှင့်လွယ်အိတ်ကိုယူ၍ ထွက်
သွားသည်။
ဘုတ်အီး ခန်းစည်းစကို သေချာပြန်ပိတ်လိုက်ပြီး
နောက် ငွေမှုံရှိရာသို့ လျှောက်လာလိုက်သည်။

ငွေမှုံက ဘုတ်အီးကို အိပ်ရာပေါ်မှာထိုင်နေရင်းက
လှမ်းကြည့်နေသည်။
ဘုတ်အီး ငွေမှုံ့ဘေးမှာ ထိုင်လိုက်ကာ ငွေမှုံ့မျက်နှာ
လေးကို သေချာကြည့်၍ ခပ်ရဲ့ရဲ့ပြုံးပြလိုက်သည်။
ငွေမှုံ ဘုတ်အီးလက်က ပတ်တီးစည်းထားသည့်
နေရာကိုကြည့်ကာ ထိုလက်ကိုလှမ်းကိုင်လိုက်ပြီး
နောက်

"အရမ်းနာနေလားဟင်.."

ဘုတ်အီး ခေါင်းခါပြလိုက်ပြီးနောက် ငွေမှုံ့ရဲ့လက်ကို
သူ့ဘယ်ဘက်ရင်အုံပေါ်သို့တင်ပေးလိုက်ပြီး

"ဒီနေရာက ပိုနာတယ်..."

နှစ်ယောက်လုံး မျက်ရည်တွေကျလာသည်။ငွေမှုံ
ဘုတ်အီးရဲ့လည်တိုင်ကို သိုင်းဖက်ထားလိုက်ပြီး

"ငါ တောင်းပန်ပါတယ်ဟာ..."

"နောက်ကို ထပ်မလုပ်တော့ဘူးလို့ ကတိပေး..."

"ငါ ကတိပေးပါတယ် နောက်ကို ဒီလိုအမှားမျိုး
ထပ်မလုပ်တော့ဘူး...နော်..."

"ငါက ကာကွယ်ပေးမှာမလို့ နင် ဘာကိုမှ တွေးပြီး
ကြောက်နေစရာမလိုဘူး...ကျန်းမာအောင်နေရ
မယ်...နင်ပြောတော့ ငါ နင့်ဘေးမှာရှိရင် အရာ
အားလုံးကို ရင်ဆိုင်ရဲတယ်ဆို...နင်က ငါ့ကို မယုံ
ကြည်တာလား..."

"ငါ နင့်ကို ယုံပါတယ်ဟာ...ငါ့ကိုယ်ငါ မယုံကြည်
ခဲ့တာပါ..ငါ ဒီလိုပုံနဲ့ ရှေ့ဆက်လျှောက်ဖို့ သတ္တိ
ရှိပါ့မလားလို့...ပြီးတော့ ဒီကလေးကို ငါ မွေးနိုင်
ပါ့မလား...ဒီကလေး လူ့လောကထဲကိုရောက်လာ
ရင် ဘယ်လိုဘယ်ပုံရှိမလဲ...သူ့အဖေနဲ့တူနေရင်
ငါ မုန်းမိလိမ့်မယ်...ပြီးတော့ ငါ... ဒီကလေးကို
စွန့်ပစ်မိလိမ့်မယ်...ငါ့အမေလိုမိန်းမမျိုး ငါ
မဖြစ်ချင်ဘူး...ဘာမှအပြစ်မရှိတဲ့ကလေးကို
လူ့လောကထဲခေါ်သွင်းပြီး ငါ့လို ပတ်ဝန်းကျင်ရဲ့
အပြောဆိုခံလူတစ်ယောက်အနေနဲ့ မရှင်သန်စေ
ချင်ဘူး..."

"ဟင့်အင်း အဲ့လိုမဖြစ်စေရဘူး..."

ဘုတ်အီး ငွေမှုံ့ရဲ့မျက်ရည်တွေကို လက်နှစ်ဖက်နှင့်
ခပ်ဖွဖွ သုတ်ပေးလိုက်ပြီးနောက် ငွေမှုံ့ရဲ့လက်နှစ်
ဖက်ကို ယူ၍ သူ့မျက်နှာကို ကိုင်စေလိုက်ကာ
မျက်ဝန်းချင်း ဆုံအောင်ကြည့်လိုက်ပြီးနောက်

"နင်မွေးလာတဲ့ကလေးလေးကို ငါနဲ့တူအောင်လို့
ငါ့မျက်နှာကိုပဲ အချိန်တိုင်း ထိုင်ကြည့်နေလေ..
ငါ့အကြောင်းတွေပဲ အချိန်တိုင်းထိုင်တွေးနေ...
အဲ့ဒါဆို နင် မွေးလာတဲ့ကလေးလေးက ငါနဲ့ပဲ
တူလိမ့်မယ်...နင် သူ့ကို စွန့်ပစ်စရာလည်းမလိုတော့
ဘူး...ပြီးတော့ ဒီကလေးလေးက နင်နဲ့ငါ့ရဲ့ ကလေး
လေး ဖြစ်လာလိမ့်မယ်...ငါက အိမ်ထောင်ဦးစီး
တာဝန်ယူပြီး နင်က အိမ်ရှင်မ တာဝန်ယူ...ငါတို့
မိသားစုလေးတစ်ခုကို ဖန်တီးကြမယ်...နော်..."

"အင်း..."

ဘုတ်အီး ပြုံးလိုက်ပြီး ငွေမှုံ့နဖူးလေးကို နမ်းလိုက်
သည်။

"ပျော်စရာတွေပဲ တွေးကြရအောင်... ငါ နင့်ကို
ဘယ်လောက်ချစ်သလဲဆိုတာ မြဲမြဲမှတ်ထား.."

ငွေမှုံက ပြုံး၍ ခေါင်းညိတ်ပြသည်။ ဘုတ်အီး သူမ
ရဲ့ပါးလေးနှစ်ဖက်ကို တရွှတ်ရွှတ်အသံမြည်တဲ့ထိ
နမ်းလိုက်ပြီးနောက် ကိုယ်လုံးလေးကို ဆွဲဖက်လိုက်
တော့ ငွေမှုံက သူ့ကို ပြန်၍ ဖက်ထားလေသည်။

"သားလေးမွေးရင် ရမ်ဘိုလို့ နာမည်ပေးမယ်.."

ဘုတ်အီးရဲ့စကားကြောင့် ငွေမှုံကရယ်လိုက်ပြီး
သူ့ကို ဖက်ထားရာမှ လွှတ်လိုက်ကာ

"သမီးလေးမွေးရင်ရော.."

"မှုံရွှေရည်ပေါ့...နင်နဲ့တူရင် သမီးလေးက အရမ်း
လှမှာ..."


ဘုတ်အီး ငွေမှုံ့ရဲ့ မေးစေ့လေးကို ချစ်စနိုးဖြင့်
တစ်ချက်ဆွဲ၍ ပြောလိုက်တော့ ငွေမှုံက နှစ်နှစ်ခြိုက်
ခြိုက် ပြုံးလိုက်သည်။

"သားလေးကလည်း နင်နဲ့တူရင် အစားပုတ်လေး
ဖြစ်မှာ..မျက်နှာရူးလေးဖြစ်မှာ..."

ဘုတ်အီး ရယ်လိုက်ပြီး ငွေမှုံ့ရဲ့ကိုယ်လေးကိုဖက်
ထားလိုက်သည်။
ငွေမှုံ့ရဲ့ကျောပြင်ကို လက်နှင့်ပွတ်သပ်ပေးရင်း သူ့
အသံတိတ် ငိုနေမိသည်။
ဟုတ်ပါတယ် ငွေမှုံ... ။နင်မွေးလာတဲ့ကလေးလေးက
သားလေးပဲဖြစ်ဖြစ်၊သမီးလေးပဲဖြစ်ဖြစ် ငါက နင့်
ကိုချစ်သလို ချစ်ပေးနိုင်ပါတယ်။ နင့်အသွေးအသား
က ဖြစ်တည်လာမယ့် နင့်ရ​င်သွေးလေးပဲလေ..။
ငါက ဘယ်လိုစိတ်နဲ့ မချစ်ပဲ နေနိုင်မှာတဲ့လဲ...။

ဘုတ်အီး မျက်ရည်တွေကို ကပြာကယာသုတ်လိုက်
ပြီးနောက် ငွေမှုံ့ကိုဖက်ထားရာမှ ခွာလိုက်ပြီး

"အိပ်တော့လေ..ငါ ခြင်ထောင်ချပေးမယ်.."

"နင် ငါနဲ့အတူအိပ်မှာမဟုတ်လား.."

"အင်း...တံခါးတွေ သွားပိတ်လိုက်ဦးမယ်.."

ဘုတ်အီး ငွေမှုံအိပ်ဖို့ ခြင်ထောင် ထောင်ပေးပြီး
နောက် အိမ်တံခါးတွေပိတ်ဖို့အတွက် အိပ်ခန်းထဲ
ကနေ ထွက်လာခဲ့လိုက်သည်။
ငွေမှုံ သူ ထွက်သွားမှ ပင့်သက်ရှိုက်လိုက်ရင်း အိပ်ရာ
ပေါ်သို့ ​ညင်သာစွာဖြင့် လှဲချလိုက်သည်။

"ဘုတ်ဘုတ်ရယ်....."


...................