ယုယပါရစေ ယုရယ် - Episode 15


"အားတင်းထားပါ ခင်ခင်ရယ် နင့်ဘေးမှာငါရှိတယ်နော်"


ခုံတွင်ထိုင်ပြီး ရှိုက်ကြီးတငင်ငိုကြွေးနေသည့်ခင်ခင့်ပုခုံးလေးကိုကိုင်ကာ မုန်းနှစ်သိမ့်ပေးနေမိသည်။


သူမတို့၂ယောက် ခင်ခင့်မိဘများထံပြန်ရန်ပြောထားသည့်ကာလအတွင်း ခင်ခင့်မိဘများသေဆုံးခဲ့သည်။သေဆုံးသည်မှာလည်း သူများသတ်၍။ 


လူ ၃ယောက်ခန့်က ခင်ခင်တို့အိမ်ကိုအတင်းဝင်ကာ ခင်ခင့်မိဘများကိုပစ်သတ်သွားခဲ့သည်တဲ့။


မုန်း ထိုသတင်းကိုကြားကြားချင်း အတော်ထိတ်လန့်သွားခဲ့ရသလို ခင်ခင်ဆိုဆက်တိုက်ငိုနေတာ တစ်နေ့လုံးမနား။


ယုကတော့မျက်စိမျက်နှာပျက်နေကာ ဘာတစ်ခွန်းမှမပြောဘဲ တစ်ခုခုကိုထိုင်စဉ်းစားနေသယောင်။


"မဟူရာရယ် ငါ့မှာပြေးကြည့်မှ အမေနဲ့အဘပဲရှ်ိတာကို ခုတော့ ခုတော့…"


"နင့်မှာငါရှိသေးတယ်လေဟာ တိတ်ပါတော့ နင်အရမ်းငိုနေရင်ကျန်းမာရေးထိခိုက်လိမ့်မယ်နော်"


မုန်း ခင်ခင့်ကိုနှစ်သိမ့်ပေးလိုက်ပြီး ခင်ခင့်အားအခန်းထဲချော့ခေါ်သွားလိုက်သည်။


"ခင်ခင် ခနထိုင်ဦးနော်"


"နင်ဘယ်သွားမလို့လဲ"


သူမလက်ကိုလှမ်းဆွဲကာ မျက်လုံးဝိုင်းလေးဖြင့် ညှိုးညှိုးငယ်ငယ်ပြောလိုက်သော ခင်ခင့်ကြောင့် မုန်းအတော်စိတ်မကောင်းဖြစ်ရသည်။


သို့သော်လည်း ယုနှင့်စာရင်း အရင်ရှင်းဖို့ကအဓိကဖြစ်၍ ခင်ခင့်ကိုမရမကချော့ပြောကာ ယုထံဦးတည်လိုက်၏။


"မမယု ဒါဘာလုပ်တာလဲ"


ဒေါသတကြီးဝင်လာသည့်မုန်းပုံစံကိုကြည့်ကာ ခင်ခင့်မိဘများကိစ္စ သူမကိုမုန်းသံသယဝင်မှန်း ယုသိလိုက်ပြီ။


"မုန်း ဘာပြောချင်တာလဲ"


"ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ခင်ဗျားကလူသတ်စရာလား ပြီးတော့ အရီးတို့အဘတို့ဆိုတာ ကျုပ်ကိုကယ်ထားတဲ့သူတွေ"


သူမကိုအော်ပြောနေသည့် မုန်းကြောင့် ယု လန့်မိသည်။ မုန်း၏ဒေါသကိုယုသိသည်။ မုန်း ဒေါသထက်လျှင် လူစိတ်လည်းပျောက်တတ်၏။


"မဟုတ်ဘူး မုန်း မမယုမသတ်ဘူး"


သတင်းကြားကြားချင်း ယု အရေးပိုင်မင်းကိုလှမ်းဆက်သွယ်ပြီးမေးလိုက်ရာ အရေးပိုင်မင်းသတ်တာလည်းမဟုတ်။


"ခင်ဗျားမဟုတ်လို့ဘယ်သူတုန်း ဒယ်ဒီလား ခင်ဗျားဒယ်ဒီ့ကိုပြောလိုက်တာမလား အရီးတို့နေရာကိုသိတာ ခင်ဗျားပဲရှ်ိတယ်"


မုန်းက မျက်လုံးများရဲကာ သူမရှေ့တဖြေးဖြေးတိုးလာသဖြင့် ယု လက်ဖျားများအေးစက်လာပြီ။


"မုန်း မမယု အဲ့လိုလူမသတ်တာ မုန်းသိပါတယ် မမယု ဒီလက်တွေကဘယ်တော့မှသွေးမစွန်းဘူး ဟိုတလောက သတ်မိတာလည်းမုန်းကိုကာကွယ်ဖို့အတွက်ပါ"


"ဘာလို့ဝန်မခံရဲတာလဲ ဟမ် ခင်ဗျားကသိပ်ရွံစရာကောင်းတာပဲ ဒေါက်တာယုသစ္စာခင်"


"မုန်း မမ.."


ယု စီးကျတော့မည့်မျက်ရည်စတို့ကို ပါးပြင်ပေါ်ကျမလာစေရန်ကြိတ်မှိတ်သည်းခံနေရ၏။ မုန်း၏နှုတ်ဖျားမှထွက်လာသောစကားတိုင်းသည် ယု အတွက် နာကျင်သည်ထက်ပင်ပို၏။


သူမ မလုပ်ထားသောကိစ္စအတွက် မုန်းကဘာကြောင့် သူမကို အတင်းစွပ်စွဲနေတာလဲ။


ယုကဘာမှမပြောဘဲ မျက်ရည်များဝဲပြီးသာရပ်ကြည့်နေသဖြင့်


"ဟာကွာ"


ခွမ်း


မုန်းဘေးမှ ပန်းအိုးကိုခွဲကာ အိမ်အောက်ထပ်သို့ ခြေသံပြင်းပြင်းဖြင့်ဆင်းခဲ့၏။


မုန်း ထွက်သွားတော့မှ ယု ကြမ်းပေါ်ထိုင်ချလိုက်ကာ ငိုကြွေးမိသည်။ မုန်း၏စွပ်စွဲမှုကို ယုမခံနိုင်။သူမကို ခါးခါးသီးသီးကြည့်သည့် မုန်း၏အကြည့်တို့ကိုလည်း ယု မခံယူဝံ့။


ယုအတွက်ဝဋ်ကြွေးတို့ကယခုထိပင်ဆပ်၍မကုန်နိုင်သေးဘူးလားဟုပင် ယု ကံကြမ္မာကိုအပြစ်တင်ချင်လှပါပြီ။


~~~~~


"မုန်း နင်စိတ်သိပ်ညစ်မနေနဲ့ဟာ"


ပြောလိုက်သူမှာလီလီ။ 


ခင်ခင့်မိဘများ၏အသုဘကို အရေးပိုင်မင်းက မုန်းအားသွားခွင့်မပြု၍ မုန်း အကြိုက်ပေါက်ကွဲကာ လီလီတို့နှင့်အတူ ဘား၌လာသောက်နေခြင်းဖြစ်သည်။


"မညစ်ဘဲနေမလားဟ ငါ့ကျေးဇူးရှင်တွေရဲ့နာရေးတောင်ငါမသွားရဘူး"


လီလီ မုန်း၏ပုခုံးကိုကိုင်လိုက်ကာ


"အရေးပိုင်မင်းကနင့်ကိုစိတ်ပူလို့နေမှာပါ"


မုန်း သည် ယု နှင့်လွန်ကျူးပြီးသားသူဖြစ်သော်လည်း မုန်း ကိုလက်မလျှော့နိုင်သေး။ အပျော့ဆွဲနည်းဖြင့် မုန်းကိုပြန်ချဉ်းကပ်ချင်နေသည်။


လက်ရှိ မုန်းချစ်သူဟူသောမိန်းကလေးကလည်းကြည့်ရတာ ပျော့တိပျော့ဖတ်နှက့်အလွယ်တကူတောက်ချလို့ရမည့်ပုံပင်။


မုန်းအရက်များတစ်ခွက်ပြီးတစ်ခွက်သောက်ပြီး မျက်လုံးများနီရဲလာကာ


"အရီးတို့သနားပါတယ်ဟာ မသေသင့်ဘဲသေရတာ"


လွင် မုန်းကိုနောက်တစ်ခွက်ထပ်ငှဲ့ပေးရင်း


"နင့် မမယုကအဲ့လိုပဲ သူမကျေနပ်တဲ့သူဆို ကမ္ဘာပေါ်ကဖျောက်ပစ်ဖို့ဝန်လေးတာမဟုတ်ဘူး"


လီလီကလည်းလွင့်ကိုထောက်ခံလိုက်၏။


"ငါတို့တောင်သူနဲ့တစ်ခါလေးငြိဖူးတာကို မသေလို့ကံကောင်း"


လီလီတို့၏အကြောင်းစုံရှင်းပြသော နောက်ကြောင်းပြန်စကားကြောင့် မုန်း တစ်ငုံသောက်လိုက်ကာ


"အရီးတို့ကိုလည်း သူ့လက်ချက်ပဲနေမှာ နေတဲ့နေရာကိုသူပဲသိတာ ငါ့ကိုရွာမသွားစေချင်လို့ တမင်လုပ်ကြတာဟ"


လွင်ကမဲ့ပြုံးတစ်ချက်ပြုံးပြီးလီလီ့ကိုလှမ်းကြည့်လိုက်ရာ လီလီကလည်း လွင့်ကိုတစ်ချက်ပြန်ပြုံးပြလိုက်ပြီး


"မုန်း နင်ဒီတိုင်းလွှတ်ထားမလို့လား"


မုန်းကယုကိုအလိုကျနှိပ်စက်တတ်ကြောင်းလီလီသိထားသည်။ မုန်းမပြောပြသော်လည်း သူမတို့ထံမှအိမ်စေတစ်ဦးကို လီလီငွေပေးကာ စုံစမ်းထား၏။


မုန်း သူမဦးနှောက်ထဲဝင်ဝင်လာတတ်သည့် အခန်းတစ်ခုတွင်းဝယ် ယု ကိုနှိပ်စက်နေသောပုံရိပ်များကိုပြန်တွေးမိသွားကာ လက်ကျန်အရက်ကို မော့ချလိုက်ပြီး


"အရင်ကမုန်းမဟူရာပြန်လာပြီ"


~~~~~


"မမယု မမယု"


စံအိမ်ထဲသို့ ဘီလူးစီးနေသလိုသောင်းကျန်းပြီးဝင်လာသည့်မုန်းကိုတွေ့သည်နှင့် အိမ်စေလေးများလန့်ဖြန့်ကုန်ကြသည်။


မုန်း၏ အော်ဟစ်သံကြောင့် ယု သူမအခန်းထဲရေချိုးပြီး သေနတ်ဒဏ်ရာကိုဆေးထည့်နေရာမှ အင်္ကျီအမြန်ဝတ်ကာ အောက်ထပ်သို့အမြန်ဆင်းလိုက်၏။


"မုန်း ဘာဖြစ်.."


ယုကိုတွေ့သည်နှင့် မုန်း ယု၏ လက်ကောက်ဝတ်ကိုအကြမ်းပတမ်းဆွဲကာ ခြေဦးမတည့်ခဲ့တာကြာပြီဖြစ်သော အခန်းတစ်ခုသို့ဦးတည်လိုက်လေသည်။


မုန်းကဆောင့်တွန်းလိုက်သဖြင့် ယု ကြမ်းပြင်ပေါ်ခွေကျသွားရသည်။


မုန်း ပုံချထားသော သံကြိုးများကို ယု၏ခြေလက်များတွင်ခြည်နှောင်လိုက်ပြီးနောက် နံရံတွင်ချိတ်ထားသော ကျာပွတ်ကိုဆွဲလိုက်ကာ


"နောက်ဆုံးအခွင့်အရေးပေးမယ် ဘာလို့ခင်ခင့်မိဘတွေကိုသတ်တာလဲ"


ယခု ယု မြင်ရသော မုန်းသည် ဟိုးယခင်ကာလများမှ သူမအပေါ်အကြင်နာတရားမရှိသည့်မုန်း သူမကိုမချစ်သည့် မုန်း။


"အပြစ်မရှိတဲ့ အမယ်အ်ိုအဘိုးအိုတွေကိုသတ်ရလောက်အောင် မမယုမှာနှလုံးသားမရှိဘူးလား"


မုန်း၏မေးခွန်းကို ယုမဖြေနိုင်ပါ။ ခင်ခင့်မိဘများကို ယု လုံးဝမသတ်။ မုန်းကိုရှင်းပြလို့လည်းမယုံ။


"မမယု မသတ်ဘူး"


မုန်း ကျောချမ်းဖွယ်အပြုံးလေးတစ်ခုကိုဖန်တီးလိုက်ပြီး


ရွှမ်း ရွှမ်း ရွှမ်း


ဆက်တိုက်ထွက်ပေါ်လာသော ကျာပွတ်သံများနှင့်အတူ ယု၏ကျောပြင်သေးသေးလေးတွင်သွေးများရွှဲရွှဲစိုနေသလို အင်္ကျီလည်းတစ်စစီစုတ်ပြဲနေလေပြီ။


ယု ကို ရိုက်လိုက်သည့် အချက်တိုင်းနှင့်အတူ မုန်းဦးနှောက်ထဲ မှတ်ညဏ်အပိုင်းအစများတစ်ခုချင်းပြန်ပေါ်လာလေပြီ။


သို့သော် မုန်း မရပ်လိုက်ဘဲ ဆက်တိုက်ရိုက်နေမိ၏။


မုန်း ရိုက်လို့တောင် လက်ညောင်းနေပြီ ယု ထံမှ ညည်းညူသံတစ်ချက်မထွက်။ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ ကြိတ်မှိတ်သည်းခံနေသည့် ယု ရှေ့တည့်တည့်တွင် မုန်းရပ်လိုက်ကာ


"မနာချင်ယောင်ဆောင်မနေပါနဲ့"


ယုကဘာမှပြန်မပြောဘဲ သူမကိုခပ်ရွဲရွဲမျက်ဝန်းများဖြင့်ကြည့်နေ၍


"ဒီအကြည့်တွေ…ကျွန်မအားလုံးပြန်မှတ်မိပြီ မမယု"


မုန်း၏စကားကြောင့် ယု မျက်ဝန်းလေးအနည်းငယ်ကျယ်သွားလေသည်။ တစ်ဆက်တည်း ယု ဝမ်းသာသွား၏။


"ကျွန်မအရင်က မမယုကိုအရမ်းအလိုလိုက်ခဲ့မိတယ်

လီလီတို့ကိုလည်းမမယုစိတ်ကြိုက်လုပ်ပါစေဆိုပြီး လွှတ်ထားတာ ခု မမယုအရမ်းဆိုးနေပြီ"


"အင်းပေါ့လေ ကျွန်မအရင်က အရမ်းမွှန်နေခဲ့တာဆိုတော့ မမယု မဆိုးနဲ့တော့"


ယု မုန်းကိုဘာမှပြန်မပြောနိုင်တော့ပေ။ သူမ နှုတ်ခမ်းတို့သည်အပ်ဖြင့်ချုပ်ထားသကဲ့သို့ ဖွင့်မရ။ 


မုန်းကကျာပွတ်ကိုပစ်ချပြီး အခြား သံကြိုးတစ်ခုကိုယူလိုက်ကာ ယု ၏ကျောပြင်ပေါ်သို့ ခပ်ကြမ်းကြမ်းလွှဲရိုက်လိုက်ရာ


"အဟွတ်"


ယု သွေးများအန်လာ၏။ ဒဏ်ရာအခံရှိသည့် နုနုနှယ်နှယ်ကျောပြင်လေးပေါ် အညှာအတာကင်းစွာ ကျရောက်လာသော ကျာပွတ်ဒဏ် သံကြိုးဒဏ်တို့ကြောင့်ရစရာမရှိတော့ပေ။


သွေများဆက်တိုက်အန်နေသည်ကိုတွေ့သော်လည်း မုန်း မရပ်နိုင်။ အရက်အရှိန်ကြောင့်ရော ဒေါသအရှိန်ကြောင့်ပါ သူမနှလုံးသားကို သူမပြန်သတိမရတော့ပုံ။


သို့သော်လည်း ယု ခန္ဓာကိုယ်မှထွက်လာသောသွေးတို့ကိုမြင်ရတာ သူမနှလုံးသားထဲတွင်တော့နာကျင်ရသည်။


မုန်း ရိုက်နေရာမှ သံကြိုးကိုပါပစ်ချလိုက်ပြီး ယု၏မျက်နှာလှလှလေးကို ကိုင်လိုက်ကာ


"နောက်မဆိုးနဲ့တော့ မမယု ဒါကကျွန်မကျေးဇူးရှင်တွေကိုသတ်လို့ မမယုကိုအပြစ်ပေးတာ"


သည်လောက်နှိပ်စက်ခံထားရတာတောင် ယုကသတိမလစ်သွား၍ မုန်း နည်းနည်းတော့အံ့ဩမိသလို မမယု အတော်လေးသန်မာလာပါလားဟုပါ မှတ်ချက်ချမိ၏။


"အဟွတ် အဟွတ်"


ယု ရှိသမျှလက်ကျန်အားအင်တို့ကိုထုတ်သုံးလိုက်ကာ


"မုန်း မမယုကိုခုထိမယုံဘူးပဲ အဟွတ်"


ယု၏ ထိုအကြည့်ထိုမျက်ဝန်းထိုစကား တို့ကြောင့် မုန်းရင်ထဲ စူးကနဲဖြစ်သွားရသလို ငါမှားသွားပြီလားဟုပင်တွေးမိသွား၏။


တစ်ချိန်က သူမ ယုကို ပြောခဲ့သည့်စကားများကိုပြန်တွေးမိကာ မုန်း မျက်မှောင်ကြုံ့မိသည်။


ထိုစဉ်မှာပင်


"ယု"


အသံကြောင့် မုန်းလှည့်ကြည့်လိုက်ရာမာမီနှင့် ဒေစီက အခန်းတွင်းသို့ အသည်းအသန်ပြေးဝင်လာလေသည်။


ဒေစီ ယု လက်မှကြိုးများကိုဖြေပေးလိုက်တော့ ယုကသူမရင်ခွင်ထဲပုံကျသွားလေ၏။


"ယု ယု"


"အဟွတ်"


ယု နှုတ်ခမ်းဝန်းကျင်နှင့်ရင်ဘက်တွင်သွေးများကမြင်မကောင်းသလို ကျောပြင်တွင်လည်းစုတ်ပြတ်နေသဖြင့် ဒေစီ ယု၏သွေးခုန်နှုန်းကိုစမ်းလိုက်ပြီး


"ဒေါ်ဒေါ်  ဆေးရုံပို့မှ…"


"ဟင့်အင်း"


သူမလက်ကို ကိုင်ရင်းခပ်ယဲ့ယဲ့လေသံလေးဖြင့်ပြောလိုက်သော ယုကြောင့် ဒေစီ သက်ပြင်းချလိုက်ကာ


"ယု နင်သေသွားလိမ့်မယ်"


အရေးပိုင်ကတော်လည်းယုဘေးတွင်ဝင်ထိုင်လိုက်ပြီး


"ဝဋ်ကြွေးပဲကွယ်"


"ဒေစီ ငါ..ငါ..ဆေးရုံ..သွားလို့မဖြစ်..အ.."


သွေးများအန်ကာ ခေါင်းလေးလည်ကျသွားသော ယုပါးပြင်ကို ဒေစီခပ်ဖွဖွပုတ်ရင်း


"ယု ယု သတိထားဦးလေ ယု"


JikoJane