လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 14


မနက်ခင်းရဲ့ နေရောင်ခြည်နွေးနွေးက မှန်ပြတင်းကနေ ဖြတ်ကျော်ပြီး အခန်းထဲကို ဝင်လာတယ် ။ သိပ်နောက်မကျသေးတဲ့ အချိန်ဖြစ်လောက်မယ် ။ အိပ်တစ်ဝက် နိုးတစ်ဝက် မျက်လုံးတွေကို ဖွင့်လိုက်တော့ ကျွန်မရဲ့ ဘေးမှာ လူတစ်ယောက်ရှိနေတာကို သတိထားလိုက်မိတယ် ။

ရွှေအိုရောင် ဆံစတစ်ချို့တစ်ဝက်က မျက်နှာပေါ် ခပ်ဆဆကလေး ပြေကျနေတယ် ။ ဆံပင်တွေကို သပ်တင်ပေးနေတုန်းမှာ ပါးပြင်နဲ့ ဖျက်ခနဲ ထိသွားတဲ့ လက်ဖျားထိပ်ကနေ အေးခနဲ ခံစားချက်ကို ရလိုက်တယ် ။

ပြီးတော့ မှိတ်ချထားတဲ့ မျက်ခွံတွေ ဖွင့်စလာပြီး နံနက်ခင်းရဲ့ မျက်ဝန်းကြည်ကြည်လေးတွေကို မြင်တွေ့ခွင့်ရလိုက်တယ် ။ မျက်ဝန်းတွေ မှိန်မနေတော့တာကို သိပ်ကျေးဇူးတင်မိတယ် ။

ဖယ်ခွါမသွားတဲ့ မျက်ဝန်းတွေကို ကြောင်အလို့ ငေးစိုက်ကြည့်နေမိပြီးမှ သတိဝင်လာတဲ့ လူတစ်ယောက်လို လက်ကို ပြန်ရုတ်လိုက်မိတယ် ။ ဖျက်ခနဲ လှမ်းဆွဲခံလိုက်ရတာကြောင့် ကျွန်မရဲ့ လက်ဖျားတွေက ကာရန့်ရဲ့ လက်ချောင်းတွေကြား ပိတ်မိပြီး လေထဲမှာ ရပ်တန့်နေကြတယ် ။ ပြီးတော့ သူ့ရဲ့ ပါးပြင်ပေါ်ကို ငြင်ငြင်သာသာပဲ တင်ပေးတယ် ။ မနက်ခင်းရဲ့ ရာသီဥတုကြောင့် ကာရန့်ရဲ့ ပါးပြင်က ခပ်အေးအေးကလေး ဖြစ်နေတယ် ။

" လရောင် အစောကြီး နိုးနေတာပဲ "

" ထပ် … အိပ်လို့ မရတော့လို့ "

သူ့ရဲ့ လက်တွေ ပြေလျော့သွားတော့မှ ပါးပြင်ပေါ်က လက်ချောင်းတွေကို နှမြောတသနဲ့ သိမ်းဆည်းရတယ် ။ တိတ်ဆိတ်တဲ့ မနက်ခင်းရဲ့ စည်းချက် ကပြောင်းကပြန်နဲ့ ခပ်မြန်မြန်ရင်ခုန်သံတွေဟာ လူနှစ်ယောက်ဆီကနေ ထွက်ပေါ်နေတာဖြစ်မှန်းလည်း သိနေကြတာ ။

" အန်တီမော် ရောက်နေပြီ ထင်တယ် "

သတိထားပြီး နားထောင်ကြည့်တော့ အောက်ထပ်ကနေ ရယ်သံတွေ ကြားရတယ် ။ ကာရန်က ကုတင်ဘေးက ခေါင်းစည်းကြိုးကို ယူပြီး ဆံပင်တွေကို စည်းနှောင်လိုက်တယ် ။ ခပ်ရှင်းရှင်းဖြစ်သွားတဲ့ လည်တိုင်ကျော့ကျော့ကို စိုက်ကြည့်မိမှာစိုးလို့ ကုတင်ပေါ်ကနေ ဆက်ခနဲ ထထိုင်ရတယ် ။

" အပေါ်မှာပဲ ရေချိုးသွားလေ လရောင် ၊ အောက်မှာလည်း လူများနေတာ ။ ပြီးမှ ဆင်းလာခဲ့လိုက်တော့နော် ၊ ကာရန်က ထူးမောင်နဲ့ ထူးအောင်ကို ကျောင်းပို့ပေးရဦးမှာမို့လို့ သွားတော့မယ် "

ရေချိုးခန်းထဲက ထွက်လာတဲ့ လရောင်က ဖလန်နယ် လက်ရှည်ကို ချိတ်ကနေ ဖြုတ်ရင်းနဲ့ ကျွန်မကို လှမ်းပြောသေးတယ် ။ သဘက်နဲ့ မသုတ်ရသေးတဲ့ မျက်နှာမှာတော့ ရေစက်တစ်ချို့က ခိုကပ်နေကြတယ် ။

" ဒါ အသစ်တွေ ၊ အောက်ဆင်းနေရင် ကြာနေမှာစိုးလို့ ။ ကာရန်သွားပြီနော် "

သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့ အင်္ကျီတွေကို ကုတင်ခြေရင်းမှာ တင်ပေးရင်း စကားကိုလည်း တတွတ်တွတ်ပြောနေသေးတာ ။ ကျွန်မဆီက စကားပြန်မရတော့မှ မော့ကြည့်လာတယ် ။ သူပြောတာကို ကြားရဲ့လားဆိုတဲ့ အကြည့်နဲ့ ခေါင်းလေးစောင်းလာတော့မှ ခေါင်းညိမ့်ပြဖို့ သတိရတယ် ။

ကာရန်ချိုက တံခါးကနေ ထွက်မသွားသေးခင်ကို ကျွန်မရဲ့ ဆံပင်တွေကို ထိုးဖွသွားသေးတာ ။ ရှုပ်ပွသွားတဲ့ ဆံပင်တွေကို သပ်တင်ဖို့ကို နောက်ပို့ပြီး ဝရန်တာကို ထွက်လာမိတယ် ။ ကာရန်က အောက်မှာ စကားပြောနေတုန်းမို့လို့ ထွက်မလာသေးဘူး ထင်ပါရဲ့ ။ ခဏကြာတော့ အိမ်ရှေ့ကို အမြွှာနှစ်ယောက်ရောက်လာတယ် ။

စက်ဘီးကို တွန်းပြီး ထွက်လာတဲ့ ကာရန်က လွယ်အိတ်တွေကို ရှေ့ခြင်းထဲထည့်ပြီး သေးသေးညှပ်ညှပ်ကောင်လေးနှစ်ယောက်ကို နောက်ခုံမှာ နေရာချပေးတယ် ။ ဖျက်ခနဲ လှည့်ကြည့်ပြီး ကျွန်မကို မြင်သွားတာကြောင့် လက်တွေကို ဝေ့ယမ်းပြလာတော့ ယောင်ကမ်းပြီး လက်ပြန်ပြမိသေးတာ ။

အပြုံးချိုချိုတွေ မြင်ကွင်းကနေ ပျောက်သွားတဲ့အချိန်အထိ ငေးနေပြီးမှ သတိရသွားတာက ဒီတစ်နေ့ကိုတော့ ကာရန်မရှိဘဲ ဖြတ်သန်းရတော့မယ်ဆိုတာပဲ ။ ခပ်အေးအေးဖြစ်နေတဲ့ ရာသီဥတုမှာတောင် ကျွန်မက စိတ်တွေ အိုက်သွားရတာ ။ ဘဝပေး ကံကြမ္မာအရ ဒီနေ့ဟာ ကျွန်မရဲ့ အေးချမ်းရာ ရပ်ဝန်းဆီကနေ ရှောင်ခွါဖို့ နေ့တစ်နေ့ ဖြစ်နေပါသတဲ့ ။

" သူငယ်ချင်းတွေကို သေချာလိုက်ပြလိုက်နော် ညောင် ၊ နေ့လည်စာကတော့ အပြင်မှာ စားကြမယ်လို့ပြောတယ် ။ ညစာတော့ အိမ်မှာပဲ စားကြနော် ၊ ကားကို ဂရုစိုက်မောင်းဦး သား "

" ဟုတ်ကဲ့ပါဗျ ၊ ကျွန်တော်တို့ တစ်ယောက်တစ်လှည့်မောင်းမှာ "

" အေးကွယ် ၊ ဂရုစိုက်ကြ ကလေးတွေ "

 
မော်မော်ကို နှုတ်ဆက်ပြီး ခြံဝန်းထဲက ထွက်လာတော့ ထူးမြတ်အောင်က ကျွန်မကို ကျော်တက်ပြီး ကားနားကို အရင်ရောက်သွားတယ် ။ သူ့ကားကို ဘယ်သူက ယူမောင်းမှာကျလို့ ။

စိတ်ထဲကနေ ဘုဆက်ဆက် တွေးလိုက်ပြီးမှ သူက ကားတံခါးကို အသင့်ဆွဲဖွင့်ပေးထားတာကို မြင်လိုက်ရတယ် ။ ကျွန်မနဲ့လည်း မဆိုင်တော့တာမို့ သိပ်လည်း ထွေထွေထူးထူးမတွေးမိတော့ဘူး ။

" ရောင် "

ကားနောက်ခန်းကို ဝင်ခါနီး ကျွန်မရဲ လက်ကို ဆက်ခနဲ လှမ်းဆွဲတာကြောင့် ခြေတစ်လှမ်းလောက်ကို နောက်ဆုတ်လိုက်မိတာ ။

" ဆောရီး လန့်သွားလား ၊ ရောင် ရှေ့မှာ ထိုင်လေ "

ဖွင့်ထားပြီးတဲ့ ကားတံခါးကို တစ်လှည့် သူ့ကို တစ်လှည့်ကြည့်ရင်း ကျွန်မရဲ့ စိတ်တွေက အလိုလို နောက်ကျိသွားကြတယ် ။

‘ ဒီသူတောင်းစားကတော့ ! ‘

စိတ်ထဲကနေပဲ ကျိန်ဆဲပြီး ခေါင်းခါလို့ နောက်ခန်းကိုပဲ ဝင်ထိုင်လိုက်တယ် ။ နောက်ဆုံးခုံမှာတော့ တစ်ဖက်မှာလေပြေနဲ့ ပန်းအိရှိနေတယ် ။ တစ်ဖက်မှာတော့ အဉ္ဇလီက ကျွန်မကို မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်လာတယ် ။

" ရှေ့ကို မသွားဘူးလား "

" လရောင် ရှေ့ကို သွားလေဟ ၊ နင် လမ်းပြရမှာကို "

အဲဒီတော့မှ ကျွန်မရဲ့ မာနက တလွဲဖြစ်နေကြောင်း သတိထားမိလိုက်တယ် ။ ကာရန်ချို ကျွန်မအနားမှာမရှိတာ မိနစ်လက်တံတောင် တစ်ပတ်မပြည့်သေးဘဲနဲ့ကို အဆင်မပြေတာတွေ များလိုက်တာနော် ။
ရှေ့ခန်းကို ရောက်လာတော့ ရင်းနှီးတဲ့ ကားရေမွှေးနံ့ကို အရင် ရလိုက်တယ် ။

" ဓာတ်တော်ချိုင့်ကို အရင်သွားရအောင် ၊ အခုသွားရင် နေမမြင့်ခင်လောက် ရောက်မှာ "

" ဓာတ်ပုံရိုက်ကြမယ် "

" ရေးးးး "

" သဘာဝရဲ့ အလှအပကို အရင်ခံစားမှပေါ့ ၊ နင်တို့ မိန်းမတွေရဲ့ ပြဿနာက အဲဒါပဲ သိလား ။ ဘယ်ရောက်ရောက် ကင်မရာလေး အရင်ဖွင့်လိုက်ရမှ "

" ဘယ်ရောက်ရောက် လက်မပဲ ထောင်တတ်တဲ့ ကောင်ကများ "

" အဲဒါ Everything is good လို့ ပြောတာလေ ၊ Life is so good "

" တံတွေးတွေ စင်တာ "

အနောက်က လူတွေ တစ်ယောက်တစ်ပေါက်နဲ့ စကားသံတွေ များနေတဲ့အချိန်မှာ ကျွန်မကတော့ ပါလာတဲ့ ကင်မရာကိုပဲ ချိန်ညှိနေတာ ။ အရင်လို ယာဉ်မောင်းဘက်ကို ကင်မရာ ထိုးမချိန်မိဖို့ကိုတော့ တော်တော် ထိန်းယူရတယ် ။ အကျင့်ဆိုတာ ဖျောက်ရခက်တယ် မဟုတ်လား ။

" ရောင် တစ်ခုခုစားဦးမလား ၊ မနက်စာလည်း သိပ်စားမလာဘူးဆိုတော့ "

ခေါင်းခါပြလိုက်တော့ သက်ပြင်းချသံ ခပ်သဲ့သဲ့ကို ကြားရတယ် ။ ဝင်လာတဲ့ သနားစိတ်တွေကို အသည်းအသန် မောင်းထုတ်ရတယ် ။ အဖြစ်မအပျက်တွေရဲ့ အရင်းခံကိုတော့ မေ့လိုက်လိုက်လို့ မဖြစ်ဘူး မဟုတ်လား ။
 
 ဓာတ်တော်ချိုင့် ရေတံခွန်ကို ရောက်တော့ လေပြေနဲ့ ပန်းအိက ကားပေါ်က ဆင်းတာနဲ့ အောက်ကို ဆင်းဖို့ တပြင်ပြင် ဖြစ်နေကြတယ် ။

" သော်ကြီး ငါတို့ တောလမ်းက သွားကြမလား "

" ကြာသလားလို့ "

" ငထူး လိုက်မယ်မဟုတ်လား "

သူက ကျွန်ကို ဖျက်ခနဲ မော့ကြည့်တယ် ။ အဲဒီရင်းနှီးနေတဲ့အကြည့်က ခွင့်တောင်းတဲ့အကြည့်ပဲ ။


" သဘော "

နှစ်ရှည်လများ ပြုလုပ်ခဲ့ရတဲ့ အမူအကျင့်တွေက နှစ်လလောက်နဲ့  ပျောက်မသွားနိုင်ဘူးဆိုတာကိုတော့ ကျွန်မကိုယ်တိုင်လည်း နားလည်လိုက်ရတယ် ။

" မိန်းကလေးတွေလည်း ပါတာကို လမ်းဖြောင့်ကပဲ ဆင်းရအောင်ပါ ။ လရောင် အမောမခံနိုင်တာ သိရဲသားနဲ့ နင်တို့ကလည်း "

အဉ္ဇလီက ဒုတိယအကြိမ် ကျွန်မရဲ့ အရာအားလုံးကို သိနေသူတစ်ယောက်လို ဝင်ရောက်စွက်ဖက်ပြီး ကျွန်မတို့ကို ဖြတ်ကျော်သွားတယ် ။


" တောလမ်းကဆို အစ်ကိုလေးတို့ တစ်နာရီလောက် ဆင်းရမှာ ၊ ပြီးတော့ တောလမ်းက လူငယ်တွေကိုပဲ သွားခွင့်ပြုတာ "

" ငါတို့လည်း လူငယ်တွေပါကွာ မင်းကလည်း "

ယောက်ျားလေးတွေက လမ်းပြကောင်လေးနဲ့ ရယ်ရယ်မောမော စကားတွေပြောရင်း ရှေ့က ဦးဆောင်သွားကြတယ် ။ လေပြေ့ရဲ့ လက်ထဲမှာတော့ recorder အသေးလေးကို ကိုင်ထားပြီး ဘေးပတ်ပတ်လည်ကို ရိုက်လိုက် ပန်းအိနဲ့ စကားတွေ ပြောလိုက် လုပ်ရင်း ပျော်နေကြတာ ။

ကျွန်မကတော့ လူတွေ ရှိနေတဲ့ နေရာမှာတောင် တစ်ယောက်တည်း ဖြစ်နေသလို ခံစားချက်တွေ ရစ်ပတ်ခံနေရတာ ။ ဘေးနားမှာ ခပ်ဆိတ်ဆိတ်လိုက်ပါလာတဲ့ လူတစ်ယောက်ထက် ကျွန်မကို စကားလုံးမျိုးစုံနဲ့ ရယ်အောင် ဖန်တီးပေးမယ့် အပြုံးချိုချိုနဲ့ မိန်းကလေးတစ်ယောက်ကိုပဲ လိုလိုချင်ချင်နဲ့ တောင့်တမိနေတာ ။
 
လမ်းဖြောင့်က ဖြစ်တာကြောင့် အချိန်သိပ်မပေးရဘဲ ရေတံခွန်အောက်ခြေကို ရောက်လာကြတယ် ။ ပိုက်ဆံမရတဲ့ client နှစ်ယောက်ကတော့ ကျွန်မကို ဆွဲပြီး ဓာတ်ပုံရိုက်ခိုင်းကြတယ် ။
 
" အမေ့ ! "

ကျောက်တုံးတစ်ခုဆီ ခြေလှမ်းတင်ရာက ချော်ပြီး လည်ကျသွားတော့ ကင်မရာကို နှမြောတသဖြစ်စွာနဲ့  ရင်ဘတ်ပေါ် အမြန်တင်မိတော့ မြေပြင်ပေါ်ကို ပက်လက်လန်ကျမလိုဖြစ်သွားတယ် ။ ဖြစ်လာမယ့် အနာတရတွေကို ကြိုတွေးရင်း မျက်လုံးကို စုံမှိတ်ချထားမိပေမယ့် ဘယ်လို နာကျင်မှုမျိုးကိုမှ သိပ်မခံစားရဘူး ။

" ရောင် အဆင်ပြေရဲ့လား "

ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့ ၊ ရင်းနှီးနေတဲ့ နွေးထွေးမှုတွေ ။ မရင်းနှီးချင်တော့တဲ့အဖြစ်အပျက်တွေ ။
ကျွန်မကို ထွေးပွေ့ထားပြီး စိုးရိမ်တကြီး ဖြစ်နေတဲ့ မျက်ဝန်းတွေကို ငေးစိုက်မိသွားတယ် ။ ဟင့်အင်း ၊ ကျွန်မ လိုချင်နေတဲ့ မျက်ဝန်းတွေ မဟုတ်ဘူး ။

"ပြေပါတယ် ၊ ကျေးဇူးပဲ "
နာသွားတဲ့ ခြေချင်းဝတ်ကို မသိချင်ယောင်ဆောင်ပြီး သူ့ရဲ့ လက်တွေကြားကနေ ထိုးထွက်လိုက်မိတယ် ။
 
" Group photo ရိုက်ကြမယ်လေဟာ "

" အေးလေ လရောင် လာလေ "

" ငါ ရိုက်ပေးပါ့မယ် "

" နင့်ကို ခေါ်နေတာကို ၊ ညီလေး အစ်ကိုတို့ကို ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ပေးကွာ နော် ။ လရောင် ကင်မရာ ခဏပေး "

" ဒီမှာ ဒီခလုတ်လေးကို နှိပ်လိုက် ၊ လေးငါးပုံလောက် ရိုက်ကွာ "

လမ်းပြကောင်လေးကို ချိန်ညှိဖို့ပါ သင်ပေးပြီး သူတို့ရဲ့ ဆွဲခေါ်ခြင်းကို ခံလိုက်ရတယ် ။ ရပ်နေတုန်းမှာပဲ ပုခုံးပေါ် လက်တစ်ဖက် ရောက်လာတယ် ။

" မပျော်ရင် ပျော်စေမယ့် အကြောင်းတစ်ခုခု တွေးလိုက် ရောင် ၊ ဓာတ်ပုံတွေက သဘာဝကျနေဖို့တော့ လိုတယ် မဟုတ်လား "
အဉ္ဇလီက ကျွန်မ အကြောင်းကို သိနေတာကြောင့် သူ သုံးနေကျ နည်းလမ်းတွေ ထုတ်သုံးလာတယ် ။ ကျွန်မ ပျော်ရမှာက ဘယ်လို အကြောင်းအရာတွေပါလိမ့် ။

ပျော်ရမယ့် အကြောင်း ။
ပျော်စေမယ့် အကြောင်း ။
ပျော်စေချင်တဲ့လူ ။
" လရောင်ကို ပျော်စေချင်တယ် "
ကာရန် ….
" အခုချိန် တစ်ရေးနိုးထမေးလာရင်တောင် ကာရန်ပြောမိမှာက ကာရန် လရောင်ကို ပျော်စေချင်တယ်ဆိုတာပဲ ၊ လရောင် ပျော်နေရင် ကောင်းမယ် "

ပြုံးမိသွားတဲ့ ခဏမှာ ကင်မရာက ဖျက်ခနဲ မီးလင်းသွားတယ် ။ ပြီးတော့ တဖြေးဖြေးနဲ့ မြန်ဆန်လာတဲ့ ရင်ခုန်နှုန်းတွေ ။
ကာရန်ချိုကတော့ ကျွန်မရဲ့ ဘဝထဲမှာ ကျူးကျော်ပြီး နေထိုင်နှင့်ပြီးနေပြီ ထင်ပါရဲ့ ။


-