...
အကယ်၍..အကယ်၍ပေါ့။ ဘုရားသခင်သာ ကျွန်မကို အခွင့်အရေးတစ်ခုပေးခဲ့ရင်။ ကျွန်မ သေချာပေါက် အတိတ်ကိုပြန်သွားမိမှာ။
...
အပျင်းပြေဆိုပြီး ထွက်လာတာဆိုပေမယ့် ဘယ်မှသွားစရာရှိမနေ၍ တံတားပေါ်မှာပဲအရှေ့အနောက် လျှောက်နေလိုက်ရသည်။ အခန်းထဲတော့ မသွားချင်သေးပါ။ ကျဲကျဲ တစ်ခုခုဖြစ်နေတာသိသည်။ မေးလို့မရမှာလည်း သိသည်။ ကျဲ နဲ့များဆိုင်နေမလားလို့တွေးမိသည်။ ဘာလို့ဆို ကျဲအကြောင်းပြောတာနဲ့ ကျဲကျဲကသိသိသာသာပြောင်းလဲသွားတယ်လေ။ သတိထားမိပေမယ့် မသိချင်ယောင်ဆောင်ခဲ့ရသည်။
ဒီနေ့ရဲ့ ကောင်းကင်ကြီးဟာ တိမ်တိုက်များနဲ့ လှပနေသည်။ ကင်မရာ မပါပေမယ့် ဖုန်းပါလာခဲ့သည်။ ထို့ကြောင့် ဖုန်းဖြင့် ထိုတိမ်များကို သိမ်းထားလိုက်သည်။
ဖုန်းကင်မရာနှင့် ကောင်းကင်ကြီးကိုချိန်နေရာမှ အင်းရေပြင်ဘက်ပြောင်းကာ ချိန်ရွယ်လိုက်သည်။ ရုတ်တရက်ကင်မရာထဲဝင်လာတဲ့ပုံရိပ်တစ်ခု။
"မဖြစ်နိုင်တာ"
ကျွန်မ ချက်ချင်းပင်အမိအရ ရိုက်လိုက်သည်။ ထို့နောက် ပုံကို ချဲ့ကြည့်လိုက်သည်။
"တကယ်ပါပဲ..တွေ့မယ်.."
ရှင်းကပြောရင်းဆိုရင်းပင် တစ်ဖက်က တဲရှိရာကို အလျင်အမြန်လျှောက်သွားသည်။
"ဒီမယ်!"
နောက်ကျောပေးပြီးရပ်နေသော လူဟာ ရှင်းအသံကြားတော့ လှည့်ကြည့်လေသည်။ ရှင်းကိုမြင်လိုက်ရချိန်မှာ အံ့ဩသည့် မျက်နှာနည်းနည်းသာပြသည်။
"အော်..ရှင်းပဲ။ လမ်းလျှောက်လား"
ရှင်းကခါးထောက်သည်။
"ကျဲက မကောင်းလိုက်တာ...ဒီမှာတည်းတာကို မပြောဘူး"
နဒီက ရှင်းကိုကြည့်ကာ ခပ်ဖွဖွရယ်ရင်း အနောက်မှလက်တန်းကိုမှီသည်။
"ရှင်းမှ မမေးဘဲ"
"မမေးလဲ..ပြောသင့်တာပေါ့ အတူတူပြန်လာတာပဲကို ပြောရနေတာပဲ"
နဒီက ခေါင်းယမ်းသည်။ မသိမသာပါဘဲ။
"ဟုတ်ပါပြီ ကိုယ့်အမှားပါ..ဘာလုပ်ပေးရမလည်းပြော"
"မသိဘူး"
နဒီက ရယ်သည်။
"ကဲပါ မနက်ဖြန်ကျ မုန့်ဝယ်ကျွေးပါ့မယ်။ ကိုယ်ဝင်တော့မလို့ အထဲဝင်ချင်သေးလား"
နဒီက သူ့အိမ်ဘက်ကို လက်မနဲ့ညွှန်ပြရင်းပြောသည်။ ရှင်းက ခေတ္တ တွေးတောသွားသယောင် နောက်မှခေါင်းခါသည်။
"တော်ပါပြီ ဟိုမှာ ကျဲကျဲကိုတစ်ယောက်ထဲထားခဲ့ရတာ"
နဒီ့ မျက်ဝန်းထဲ ပုံရိပ်တစ်ခုက သိသိသာသာ ဖြတ်ပြေးသွားခဲ့သည်။ ထိုအရာကို ရှင်းမြင်သည်လား။
နဒီ ရှင်းကိုကြည့်သည်။
"သက်သာလား?"
"ဘာကိုလဲ?"
"သူ့ ပြောပါတယ် ခေါင်းကိုက်တာ သက်သာသွားပြီလားလို့"
"အော်...သက်သာသွားပါပြီ"
နဒီက ခေါင်းတစ်ညိတ်ညိတ်နှင့် နားထောင်သည်။ နောက်ဟိုကြည့်ဒီကြည့်လုပ်သည်။ သူဘာပြောရမှန်းမသိတော့ပုံ။ ရှင်းမှ-
"ဒါဆိုလည်း ရှင်းပြန်တော့မယ်လေ။ မနက်ဖြန် ၉နာရီသွားမလား"
"ရှင်းသဘောပါ"
"အဲ့ဆို ၈ခွဲသွားရအောင်ပါ"
နဒီခေါင်းညိတ်သည်။
"အင်း"
"ဒါဆိုသွားပြီနော်"
"အင်း"
ရှင်းက ထပ်ပြောချင်သေးပုံရပေမယ့် ထပ်လည်းပြောမရပုံရသည်။ သူ ထိုနေရာမှ ခပ်စိပ်စိပ် ခြေလှမ်းများဖြင့်ထွက်သွားသည်။ နဒီက ရှင်း တော်တော်ဝေးဝေးရောက်သွားချိန်မှသာ အခန်းထဲဝင်သွားလေသည်။
__________
မနေ့က ပြောခဲ့သည့်အတိုင်းပင် ရှင်းနှင့် ၈နာရီခွဲ တိတိမှာ ထိုနေရာကထွက်ခဲ့သည်။ နှစ်ယောက် ချိန်းတဲ့နေရာကအထွက်ပေါက်မှာပင်။ ရှင်းကတစ်ယောက်ထဲသာလာသည်ပါ။ အဲ့တုံးက မျှော်လင့်ခဲ့မိသည်။ သူပါလာ လိမ့်မလားပေါ့။ ရှင်းကိုတွေ့တော့မှ ကိုယ့်ကိုယ်ကိုယ်ပြန်သတိရလိုက်သည်။ သူနဲ့က သက်ဆိုင်မှုမှမရှိတော့ဘဲ။ ရှင်းကတော့ ထုံးစံအတိုင်းပင် ကျွန်မကိုတွေ့တာနဲ့ မျက်လုံးပျောက်တဲ့အထိပြုံးပြသည်။
ကျွန်မတို့နှစ်ယောက်မှာ အမြဲစကား စပေးသူကရှင်းပင်။ ယခုထိတော့သူ့ဘက်က စကား မစပေးသေး။ ကျွန်မဘက်က စကားစချင်ပါသည်။ အသွားအပြန်ဆိုတာ ရှိသင့်တယ်မလား။
ဒါပေမယ့် သူနဲ့ဘာကိစ္စပြောရမှာတဲ့လည်း။ သူ့အကြောင်းကို ကိုယ်မသိသလို ကိုယ့်အကြောင်းလည်းသူမသိဘူးမလား။ သူဘာကြိုက်တယ် မကြိုက်ဘူး။ ဘာစိတ်ဝင်စားတယ် ဘာကိုစိတ်ဝင်မစားဘူး။ အဲ့တာတွေသိမှ စကားစရလွယ်တာမဟုတ်လား။ ဒါကတော့ကိုယ့်အနေနဲ့ပါ။ ရှင်းကတော့အဆင်ပြေနေတာပါပဲ။
"ကျဲ မနက်စာ အရင်စားရအောင်။ ဗိုက်ဆာလို့"
သူ့ဘက်က စကားစလာခဲ့ပြီ။
"ဆိုင်ကဖွင့်ပါ့မလား..စားခဲ့မယ်ထင်နေတာ"
"ဖွင့်မှာပါ။ ကျဲကစားခဲ့ပြီလား"
"အင်း"
ရှင်း မျက်နှာပေါ် ပုံရိပ်တစ်ခုဖြတ်ပြေးသွားသည်။ ဘာလဲ တော့မသိပါ။
"အဲ့ဆိုလည်း ရှင်းစားတာလေးစောင့်ပေး။ ရတယ်မလား"
"ရပါတယ်"
ရှင်းက အနောက်က ဦးလေးဘက်ကိုလှည့်ပြီ-
"ဦးလေး ရှင်းကို စားသောက်ဆိုင်ပို့ပေးလို့ရမလား"
ကျွန်မပါ လှည့်ကြည့်မိသည်။ ဦးလေးကြီးကခေါင်း ညိတ်ပြသည်။ သည်ပုံထောက်ရင် ဆိုင်ဖွင့်မှာပေါ့။ အရှေ့ကိုပြန်လှည့်လိုက်သည်။ ထိုအချိန်ကျွန်မတို့နှစ်ယောက်လုံး အတိမဟုတ်တောင် အနည်းငယ်တော့ရေစိုနေခဲ့ပြီ။
"ဒါနဲ့ ကျဲ"
"အင်း"
"ကျဲက ကောရဲ့စီနီယာဆိုတော့ ရှေ့နေပေါ့နော်"
ဒါက အသိအသာကြီးမဟုတ်လား။ ကျွန်မရဲ့ ငယ်ငယ်က အကျင့်တစ်ခု ပြန်ပေါ်လာသည်။ သူ့ကိုပြုံးပြပြီး ခေါင်းခါပြလိုက်သည်။ သူက ချက်ချင်း အံ့ဩသလိုနှင့်-
"အဲ့ဆို တရားသူကြီးလား"
"အနောက်နေ"
ထိုအခါ လှေပေါ်၌ ရှင်းရဲ့ ရယ်သံသဲ့သဲ့ဟာ လွှမ်းမိုးသွားခဲ့သည်။
"အဟား..ဟား.။ ကျဲက မထင်ရဘူး နောက်တတ်သားပဲ"
ကျွန်မပါ လိုက်ရယ်လိုက်သည်။
"ရှင်းကသိသာနေပြီးသားကို မေးတာကို"
"ဘာဖြစ်လဲ မကျေနပ်ဘူးလား"
နဒီက ပြုံးသည်။
"ကျေနပ်ပါတယ်။ ကဲဆိုပါအုံး ဘာသိချင်လို့လည်း"
ထိုအခါ ရှင်းက-
"ကျဲက ရှေ့နေကို ဘယ်လိုရှေ့နေမျိုးလဲ"
"Criminal..ရှင်း အစ်ကိုလိုမျိုးပဲ"
ရှင်းအကိုဆိုတာ နားလည်လွယ်အောင်ထည့်ပြောလိုက်ခြင်းပါ။ သို့သော် ထင်ထားသလို ဖြစ်မလာ။
"ကောက ဘယ်လိုရှေ့နေဆိုတာမသိဘူး။ မေးလည်း မေးမကြည့်ဘူးရယ်။ အဲ့တာကဘယ်လိုမျိုးလည်းဟင်"
ကျွန်မ ကိုယ့်နှာဖူးကိုယ်ပြန်ရိုက်ပြီးကို ရယ်ချင်မိသည်။ ကိုယ့်အစ်ကိုကိုယ် တော်တော်စိတ်ဝင်တစားရှိပုံရတယ်။
"သူက လူသတ်မှုတို့ဘာတို့ကို အမှုလိုက်ရတာမျိုး"
"မုဒိမ်းမှုရောပါလား?"
"အင်း..ပါတယ်။ ရှင်းကို နားလည်အောင်ပြောရရင် တစ်ဖက်ဖက်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် နစ်နာသွားခဲ့ရင် Criminal lawသက်ရောက်တာပဲ"
"ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဆိုတော့ ကိုယ်ထိလက်ရောက်မဟုတ်ပဲ စကားနဲ့လည်းပြစ်မှုမြောက်တာလား"
ကျွန်မခေါင်းညိတ်ပြလိုက်သည်။
"အင်း..အဲ့လိုမျိုးဆိုလို့ရမယ်။ တစ်ဖက်က နစ်နာသွားတဲ့အပေါ်မှုတည်တာပေါ့။ ဒါနဲ့ဘာလို့လဲ ရှေ့နေလုပ်ချင်လို့လား"
ရှင်းက ခေါင်းကိုအသွင်သွင်ခါသည်။
"အီး..မလုပ်နိုင်ပါဘူး ၁၂တန်းတောင် အောင်အောင် မနည်းဖြေထားရတာ အဲ့ ဥပဒေစာအုပ်အထူကြီးတွေသာမြင်ရင် ရူးခါသွားမှာ"
ရှင်းက ကိုယ့်နှဖူးကိုယ် လက်နဲ့ထောက်ပြီးညည်းပြနေသည်။ နဒီကတော့ ရယ်ရုံသာတတ်နိုင်သည်။
"အဲ့လောက်လည်းမဟုတ်ပါဘူး။ ရှေ့နေလုပ်ရတာ ကောင်းပါတယ်"
"ဘာကောင်းတာလဲ"
"ရန်ဖြစ်တာတောင် သူများတွေနဲ့မတူဘဲ ဥပဒေဘောင်ထဲကနေ ခပ်မိုက်မိုက်ရန်ဖြစ်လို့ရတယ်လေ"
ထိုအခါရှင်းက ဟားတိုက်ရယ်လေသည်။
"အဟားဟား..ဟုတ်ပါပြီ"
"ပြောပါအုံး ဒါဆိုဘာလို့သိချင်တာလဲ"
"အဟမ်း ဒီတိုင်း..သိထားသင့်လားလို့ပါ.."
ကျွန်မခေါင်းညိတ်ပြလိုက်သည်။
"အဲ့တာကောင်းတာပေါ့။ ဥပဒေဆိုတာ လူတိုင်းနဲ့ဆိုင်တယ်လေ။ တစ်ကယ်လို့ ပြစ်မှုကျူးလွန်မိသွားရင် ငယ်ငယ်တုံးက အမေ့ကိုပြောသလို 'မသိလို့လုပ်မိတာပါ' လို့ပြောလို့မရတော့ဘူး"
ရှင်း မျက်နှာရှံ့မဲ့သွားသည်။
"ကျဲတို့ ရှေ့နေတွေက အဲ့တိုင်းပဲလား။ ဘာပြောပြော ဥပဒေဘောင်ထဲကနဲ့ ဥပဒေကဘယ်လိုဘယ်ညာတွေကြည့်ပဲ။ ကောလည်းအဲ့အတိုင်းပဲ"
ထိုတစ်ယောက်နဲ့ ကျွန်မကို ရှင်ပြောလိုက်တာကို မကြိုက်သလိုရှိပေမယ့် ဒါကရှင်းအမြင်မလား။ တူချင်လည်းတူမှာပေါ့ ဒီလိုစကားတွေက ဥပဒေသမားတိုင်း ကြားဖူးနားဝရှိခဲ့တဲ့စကားတွေကြည့်ပဲမလား။ ကျွန်မပြန်မပြောပဲ ငြိမ်နေလိုက်မိသည်။
"ရှင်းပြောတဲ့သိထားဖို့လိုမယ်ဆိုတာက..အဟမ်း ပြောရတာမဟုတ်ဘူးလေ ရှင်းလက်တွဲဖော်က ရှေ့နေတစ်ယောက်လည်းဖြစ်နေနိုင်တာပဲ"
ကျွန်မ ရယ်မောလိုက်မိသည်။
"ဟုတ်ပါတယ်။ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် ရှင်းတစ်ကယ်လို့ ရန်ဖြစ်ရင် နိုင်ပါ့မလား"
"ချစ်ရင် သူ့ဟာသူဘာကြီးပဲ ဖြစ်ဖြစ်အလျှော့ပေးလိမ့်မယ်ပေါ့။ ကောနဲ့ကျဲကျဲလည်းအဲ့လိုပဲကို။ ကောက ဘယ်တော့မှ ကျဲကျဲကို စကားနိုင်မလုနိုင်ဘူး"
နဒီ့မျက်နှာပေါ်က အပြုံးဟာ အားရော့သွားသည်။ တစ်ကယ့်ကို သိသိသာသာပင်ရော့ကျသွားသည်။
"ရန်ဖြစ်ကြတယ်ပေါ့"
"ချစ်သူရည်းစားတွေရန်ဖြစ်တာ မဆန်းပါဘူးကျဲရယ်။ လက်ပါတာမျိုးကိုမပြောပါဘူး အဲ့တာကတော့လုံးဝမဖြစ်သင့်တာမလား။ စကားနဲ့ တစ်ကျက်ကျက်ရန်ဖြစ်နေတာမျိုးလေ"
နဒီကခေါင်းညိတ်သည်။ ရှင်းက ဆက်၍-
"အမှန်တိုင်းပြောရရင်လေ အဲ့လိုမျိုးအတွဲတွေ စကားနိုင်လုပြီးရန်ဖြစ်နေရင် မတရားချစ်ဖို့ကောင်းတာသိလား။ တစ်ယောက်နဲ့တစ်ယောက် လက်ညိုးငေါက်ငေါက်ထိုးပြီး မခေါ်စဖူးနာမ်စားတွေခေါ်။ မပြောရဲခဲ့တဲ့စကားတွေအကုန်ထုတ်ပြော။ ပြီးရင် ကောင်လေးက ကောင်မလေးကိုပြန်လိုက်ချော့..အဟီး..ဟီး..ချစ်စရာလေး"
"..."
"ကျဲသိလား ရန်ဖြစ်ပြီးရင် အတွဲတွေကပိုချစ်ကြတယ်တဲ့ ရှင်းလည်းတစ်ယောက်လောက်ရှာပြီး အဲ့လိုဖြစ်ကြည့်ရမယ်"
ရှင်းက ကျောက်ရုပ်ကြီးကိုစကားထိုင်ပြောနေသလို တစ်ဆက်ထဲအများကြီးကိုပြောနေသည်။ ဘေးက နဒီကတော့ အတွေးထဲမျောနေသည်။ လှေက ခြေတံရှည်အိမ်တစ်လုံးရှေ့ရပ်တန့်သွားမှ နဒီဟာ အသိဝင်လာခဲ့သည်။ သူဘာတွေ တွေးနေလို့ ဒီလိုဖြစ်နေတာလည်းတော့မသိပါ။
"ကျဲ စားအုံးမလား"
ရှင်းက ရှမ်းခေါက်ဆွဲ ကိုတူနှင့်ယူလျက် နဒီ့ဘက် ထိုးပေးသည်။ နဒီက လက်ကာပြပြီး ခေါင်းခါသည်။
"စားပါ..ပြီးရင် မဏ္ဍပ်လိုက်ပို့ပေးမယ်။ ဖောင်တော်ဦးသွားချင်သေးလား"
ရှင်းကခေါင်းခါပြသည်။
"မဏ္ဍမှာအပီကဲမှာ။ ကြည့်ပါ့လား outfit ကို"
ရှင်းက သူ့ကိုယ်သူ လက်နဲ့အပေါ်အောက်ညွှန်ပြပြီးပြောသည်။
Crop top အမဲနှင့် ဂျင်းဘောင်းဘီပွပွကိုဝတ်ထားသည်။ Crop top အပေါ်မှ ဂျင်း Crop top jacket ကိုထပ်ဝတ်ထားပြန်သည်။ သူ့အဝတ်အစားကိုအခုမှသေချာကြည့်မိတာပါလေ။ ရှင်းနဲ့ကျွန်မနဲ့က မျက်နှာချင်းဆိုင်မဟုတ်ဘဲ ထောင့်မှန်ပုံစံထိုင်နေသည်မို့ သူ့အဝတ်အစားကိုသေချာမြင်ရသည်။ သူ့ အင်္ကျီက မက်တတ်ရပ်ပြီး လက်နဲနဲမြှောက်တာနဲ့ ခါးကိုသေချာပေါက်မြင်ရမည့်ပုံ။ အလကားနေရင်း တွေးမိတာကိုသွေးတက်မိသည်။ မျက်နှာနဲ့ လက်တောင် ဒီလောက်ဖြူတာ နေမထိတဲ့ ခါးဆိုရင် ဘယ်လောက်ဖြူလိမ့်မလဲ။ ကောင်လေးတွေကြည့်လိုက်မဲ့ဖြစ်ချင်း။
"ဟုတ်ပါပြီ။ ဒါပေမယ့် အကြာကြီးမဟုတ်ဘူးနော်"
"ကျဲကလည်း ကြာကြာလည်ချင်လို့ ကျဲနဲ့လိုက်ပါတယ်ဆို။ ခဏဆိုရင် ကောတို့နဲ့လိုက်မှာပေါ့။ ဒါပေမယ့် ဒီနေ့ ကောက ကျဲကျဲနေမကောင်းလို့မသွားဘူးတဲ့"
"နေမကောင်းဘူး? ဘယ်လိုဖြစ်တာလဲ? တော်တော်ဆိုးလား? ခေါင်းကိုက်ရုံမဟုတ်ဘူးလား? ဘယ်လိုလုပ်နေမကောင်းဖြစ်သွားတာလဲ?"
နဒီ့ထံမှ တောက်လျှောက် ထွက်လာသောအမေးစကားများပင်။ ရှင်းမျက်နှာတွင် အံ့ဩရိပ်နဲ့ အလိုမကျမှုတွဲဖြစ်ပေါ်လာသည်။
"ဘယ်လိုဖြစ်ရတာလဲ ကျဲရယ်။ ဖြည်းဖြည်းပေါ့"
နဒီ့မျက်နှာတွင် စိုးရိမ်မှုတို့ ရုတ်ခြည်ပျောက်ကွယ်သွားသည်။
ငါဘာလုပ်မိလိုက်ပါလိမ့်။ ငါကိုယ့်ကိုယ်ကိုယ် မထိန်းလိုက်မိဘူးလား။ ဒုက္ခပါပဲ။
"နေမကောင်းတာမဟုတ်ပါဘူး ရှင်းထွက်မလာခင်တုံးကခေါင်းကိုက်နေတာ။ ကောက အကဲပိုရပိုနဲ့ အဲ့တာကြောင့် ဘယ်မှမသွားပဲ ကျဲကျဲနားနေနေတာ"
ရှင်းက ဆက်တော့ရှင်းပြပါသည်။
"နှစ်ယောက်ထဲလား"
ထိန်းထားရာမှ ထွက်သွားသည့်မေးခွန်းပါလေ။
"ကျဲရယ် သမီးရည်းစားတွေပါဆို။ ပြီးတော့ ကောက မိကောင်း ဖခင် သားသမီးပါ"
ကျွန်မ အမေးက အဓိပ္ပာယ်တစ်မျိုးပေါက်သွားပုံရသည်။ ရှင်းမျက်နှာကလည်း အနည်းငယ်တင်းမာချင်သလိုဖြစ်နေသည်။
"အဲ့လိုဆိုလိုတာမဟုတ်ပါဘူး"
"သိပါတယ်။ ပြီတော့..ရှင်းအရမ်းသိချင်နေတာ။ ကျဲ နဲ့ ကျဲကျဲက ဘယ်လိုပတ်သက်တာလည်း"
ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး ရှိန်းကနည်းဖြစ်သွားသည်။ ဘယ်လိုဖြေရမှာလဲ။
"ဘာကိုလဲ"
"ရှင်း မေးခွန်းက ရှင်းပါတယ် ကျဲရယ်။ မသိချင်ယောင်မဆောင်ပါနဲ့။ တစ်ခုခု တော့ပတ်သက်ပုံပါပဲ နှစ်ယောက်လုံးက သူစိမ်းပုံစံမှမဟုတ်တာ"
ကျွန်မ ဖြေရှင်းရခက်သွားခဲ့သည်။ ဘယ်လိုပြောရမလည်း။
"ရှင်း အစကတည်းက သတိထားမိတာ။ ကျဲ ရော ကျဲကျဲရောက တစ်ယောက်အကြောင်းတစ်ယောက်ကြားလိုက်ရင်း တစ်မျိုးစီ ပုံပျက်သွားတာလေ"
ရှင်းက ထင်မထားလောက်အောင်ပင် လူအကဲခက်တော်နေခဲ့သည်။ ရှင်းကို ဆက်ပြောရန် လွှတ်ထားမိရင် အခြေအနေကရှုပ်ထွေးသွားနိုင်သည်။ မတက်နိုင်တော့။
"အင်း အရင်ကသိခဲ့ကြတယ်"
ရှင်းမျက်နှာဟာ သူသိတယ်ဆိုသည့်ပုံစံဖြစ်သွားသည်။ နောက်ပြီး ကျွန်မကိုဆက်ကြည့်နေသည်။ ဒါဟာ သူ့အတွက်ထိုမျှနှင့်မလုံလောက်ဖူးဆိုသည့်ပုံ။
"အချစ်ဆုံး..သူငယ်ချင်းတွေဖြစ်ခဲ့ဖူးတယ်"
ဤ စကားဟာ မုသားစကားတော့ မဟုတ်ချေ။
"ခုကရော"
"တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောပေါ့"
"ပြဿနာဖြစ်ခဲ့ကြတာလား"
"ဒီလိုပါပဲ..နားလည်မှုလွဲတာလေးတွေ.."
"ဪ..ရပါပြီ ရှင်းဒီလောက်ဆိုနားလည်ပြီ။ ရှင်းကြည့်ရပုံထောက်ရင် နှစ်ယောက်လုံးက တစ်ယောက်နဲ့တစ်ယောက်တော့ သံယောဇဉ်မပြတ်ကြသေးပုံပဲ။ တစ်ချိန်အဆင်ပြေသွားမယ့်ပုံရတယ်"
ကျွန်မ ရယ်လိုက်မိသည်။ ပြန်အဆင်ပြေမယ်တဲ့။
"မဖြစ်နိုင်တာ..ကြာခဲ့ပါပြီ"
"အချိန်ဆိုတာ သဘာဝရဲ့ စိတ်ရောဂါကု ဆရာဝန်ပဲလေ။ အချိန်က ကုစားသွားပါလိမ့်မယ်"
နှစ်ဦးကြား အတော်အတန်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ပြောသူကတော့ သူ့မုန့်သူအေးအေးဆေးဆေးစားနေနိုင်သည်။ အပြောခံရတဲ့ လူမှာတော့ အတွေးတွေ ဘလပွနဲ့။
အချိန်ကကုစားပေးမယ်တဲ့လား။ ကျွန်မတို့အတွက်တော့ မဖြစ်နိုင်ဘူး။ အချိန်ကကုစားပေးတယ်ဆိုတာ နာကျင်မှုတွေကိုပဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ပျော်ရွှင်မှုတွေမပါခဲ့။ ကျွန်မနဲ့သူ့ရဲ့ ဇာတ်လမ်းက ပျော်ရွှင်မှုတွေနဲ့ ဖွဲ့စည်းခဲ့ပြီး နာကျင်မှုနဲ့အဆုံးသက်ခဲ့တာမလား။ တစ်ကယ်လို့ အချိန်ကကုစားသွားခဲ့ရင်တောင် နာကျင်မှုတွေကိုပဲ။ ထိုနာကျင်မှုတွေကလည်း မေ့မပစ်ချင်လောက်အောင် လှပခဲ့သည်။
"မဖြစ်နိုင်ပါဘူး။ ကဲပါ စားပြီးရင်သွားကြတာပေါ့ ဟိုကို နေအရမ်းမပူခင်ပြန်မယ်"
ရှင်းက လက်မခံချင်ပေမယ့် လက်ခံလိုက်သည်။ သူ့ကို မဏ္ဍဘက်ကို ပို့ပေးရသည်။ ဟိုရောက်တော့ လှေမှောက်မတက်ကို ဒွန့်နေသည်ပါ။ ကျွန်မမှာ လှေကိုမြဲမြဲကိုင်ထားရသည်။ ကလေးနဲ့ပေါင်းမိတာမှားပြီထင်ပါတယ်လေ။
ဒီလိုနဲ့ ဟော်တယ်ကိုပြန်ရောက်လာသည်။ ထိုအခါနှစ်ယောက်လုံး ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေခဲ့ပြီ။
"လိုက်ပို့ပေးရမလား"
အရှေ့တွင် ကိုယ့်လက်မောင်းကိုယ်ပြန်ပွတ်ပြီး ချမ်းပြနေသော ရှင်းကိုမေးလိုက်သည်။
"ဘယ်ကိုလည်း"
"ပြန်မှာမလား လိုက်ပို့ပေးမယ်"
"ရပါတယ် လာတုံးကလည်း တစ်ယောက်ထဲကို"
ကျွန်မရယ်လိုက်သည်။
"ခုက နှစ်ယောက်လေ"
ရှင်းကမတားတော့ ဘာမှလည်း မပြောတော့ လက်နောက်ပစ်ပြီး ရှေ့ကနေထွက်သွားသည်။ ခုကျ ချမ်းနေတာသူမဟုတ်သလိုပင်။
နဒီက တစ်ချက်ခေါင်းခါပြီး ရှင်းနောက်က လိုက်သွားခဲ့သည်။
"စောင့်ပါအုံး ကလေးမရဲ့"
ရှင်းရဲ့ မျက်စောင်းကို ဖြတ်ကနည်းပင်လက်ခံရရှိလိုက်သည်။
"အဘွားကြီး"
နဒီကရယ်လေသည်။ သူသိတာပေါ့ ရှင်းက ကလေးလို့အခေါ်ခံရတာကို မကြိုက်တာ။
စကားအများကြီး မပြောလိုက်ရပဲ ရှင်းတည်းတဲ့နေရာကိုရောက်သွားခဲ့သည်။
ရှင်းနဲ့စကားပြောနေရာကနေ ဘေးပတ်ဝန်းကျင်ကို မျက်လုံးကစားလိုက်သည်။ ထိုအခါ အညိုရောင်ပုံရိပ်တစ်ခုက မျက်လုံးထဲသို့ တိုက်ရိုက်ဝင်လာလေသည်။ အကျင့်ပါနေသယောင် ကျွန်မ ရှင်းအနားမှ မသိမသာခွာမိသည်။ နောက်မှသတိရလာသည်က သူနဲ့ကျွန်မက ဆိုင်တော့သည်မှမဟုတ်ပဲ။ ရှင်းဘေးကိုပြန်ကပ်လိုက်သည်။ ရှင်းကတော့ နားမလည်သလိုကြည့်နေသည်။
ကျွန်မ ခြေလှမ်းတွေကို တစ်နေရာအရောက်မှာ ရပ်လိုက်သည်။ ရှင်းကလည်း ကျွန်မရပ်သည့်အတွက် အလိုလိုလိုက်ရပ်သည်။
"ဒီထိပဲပို့ပေးတော့မယ်"
"ဝင်အုံးလေ။ ဟိုမှာ ကျဲကျဲ။ သက်သာသွားပြီလားလို့တိုက်ရိုက်မေးကြည့်ပါ့လား"
ရှင်းက ဘာသဘောနဲ့ပြောသည်လည်းတော့မသိ။ကျွန်မ မလုံမလဲဖြစ်သွားရသည်။ ပိုဆိုးသည်က တံခါးကိုမှီပြီး စောင့်နေတဲ့ပုံရိပ်ညိုညိုဟာ ကျွန်မတို့အနားကို တစ်ရွေ့ရွေ့နီးကပ် လာသောကြောင့်ဖြစ်သည်။ ဘာမှန်းမသိ ပူအိုက်လာသလိုခံစားမိသည်။
နှာဖျားသို့ ရင်းနှီးနေတဲ့ အမွှေးနံသင်းသင်းဟာ ဝင်ရောက်လာသည်။ ထိုအနံကိုကြိုက်သလို ကြောက်လည်းကြောက်ခဲ့ဖူးသည်။ ထိုအနံလေးရတာနဲ့ ခိုးငိုခဲ့ရတဲ့ရက်တွေရှိသည်။
သူက ဘေးမှာလာရပ်သည်။ သူနဲ့ ဒီလိုမစုံချင်လို့ ဒီမှာပဲ ရပ်နေတာကို သူကဒီအထိလာသည်တဲ့လေ။ ဒါပေမယ့် သူ့ရဲ့ ကြည်လင်နေတဲ့မျက်နှာလေးကိုမြင်လိုက်ရတော့ စိတ်ထဲ သက်သာသွားသလို ခံစားရသည်။ ရှင်းကိုလိုက်ပို့တာကလည်း သူသက်သာလားသိချင်လို့ပါ။ ဒါပေမယ့် အဲ့တုံးက ဒီလိုတွေ့ရဖို့ထိမတွေးခဲ့ပါ။
"နဒီက ဒီမှာတည်းတာလား"
သူက ပြောပြောဆိုဆိုဖြင့် ရှင်းကို သူ့ဘက်သိသိသာသာဆွဲခေါ်သည်။ ကျွန်မ ဘယ်လိုပြန်ဖြေရမလည်း။
"ဟုတ်ပါ့။ ကျဲက ရှင်းကိုတောင်ပြောတာမဟုတ်ဘူး ကျဲကျဲရဲ့။ မနေ့ကသာမတွေ့ရင် ပြန်တဲ့အထိသိပါ့မလားပဲ"
သူက ရှင်းကိုခေါင်းညိတ်ပြပြီး ကျွန်မကိုကြည့်နေသည်။ ကျွန်မ သူ့ကိုအကြည့်လွဲကာ ရှင်းကိုကြည့်လိုက်သည်။
"ဒါဆို ပြန်တော့မယ်"
ပြီးတော့သူ့ကိုတစ်ချက်ကြည့်သည်။ သူက ကျွန်မကို စိုက်ကြည့်နေဆဲ။ ရှင်းအဖြေကိုမစောင့်တော့ဘဲ လှည့်ထွက်ခဲ့လိုက်သည်။ သို့သော်-
"နဒီ.."
သူ့ထံမှ နူးညံလှတဲ့အသံတစ်ခုကြောင့် ကျွန်မ ခြေလှမ်းတွေ ထိုနေရာမှာပင် ရပ်တန့်သွားခဲ့သည်။ အမိန့်ပင်မရသေးပဲ သူ့ဘက်သို့ပြန်လှည့်မိသွားသည်။ ထိုအခါရှင်းက အခန်းထဲကိုဝင်သွားလေသည်။ သူကဝင်ခိုင်းသည်လား တမင်သက်သက်ပဲ ရှောင်ပေးလေသလား။
သူကကျွန်မ အနီးကိုလျှောက်လာသည်။
ကျွန်မရဲ့အသိစိတ်ကသာ ထိုနေရာမှအမြန်ထွက်သွားစေချင်နေတာ။ မသိစိတ်ကတော့ ထိုနေရာတွင် ကျောက်ချထားသလိုပင်။
သတိမထားမိလိုက်ခင်မှာပဲ သူက ကျွန်မဘေးသို့ရောက်လာခဲ့သည်။ ပြီးတော့
"ဦး နဒီနဲ့ စကားခဏလောက် ဖြစ်ဖြစ် ပြောချင်တယ်"
သူ့ထံမှ ခပ်တိုးတိုး တောင်းဆိုသည့်စကားသံ။ ထိုစကားက တောင်းဆိုသည် ဆိုသော်လည်း ကျွန်မအတွက်တော့ အမိန့်သာသာပင်။ ကျွန်မ မငြင်းနိုင်ဘူး။ ဒီလိုဆိုရင်လည်း ကျွန်မက သူ့အပေါ်ကို ရှုံးနိမ့်သလိုဖြစ်သွားမလား။
နဒီ့မျက်နှာဟာ တင်းမာသွားခဲ့သည်။
"ငါတို့ကြားမှာ ပြောစရာရှိလို့လား"
ဦးက ပြုံးသည်။ ပြုံးသည်ကိုမှ အသေအချာကိုပြုံးသည်ပါ။ ပြီးတော့ သူ့ထံမှ ကြောက်စရာကောင်းသည့် ခပ်ချိုချိုစကားတစ်ခွန်းထွက်လာသည်။
"လမ်းလျှောက်ရင်းပြောကြတာပေါ့"
"ဟင့်အင်"
"ဒီဘက်မလား သွားရအောင် ဦး ပြန်လိုက်ပို့ပေးမယ်"
ကျွန်မခေါင်းအတွင်တွင်ခါယမ်းရန်ကြိုးစားနေမိသည်။ သို့သော်လည်း စိတ်သွားတိုင်းကိုယ်မပါခဲ့ပါ။ ကျွန်မအဖြစ်က အိမ်မက်ထဲမှာ တစ်ခုခုလုပ်ချင်သည်ကို အသည်းအသန် ကြိုးစားလုပ်ယူနေသလိုပင်။ ရလဒ်ကတော့ မထူးခဲ့ပါ။ အိမ်မက်ကိုထိန်းချုပ်ဖို့ခက်ခဲ့သည်။
ခုလိုပေါ့ ကျွန်မရဲ့ခြေလှမ်းတွေက ရပ်တန့်လို့မရအောင်ပင် သူသွားရာ ပါသွားခဲ့ရသည်။
ဒီတစ်လမ်းလုံးမှာ စကားခဏလောက်ပြောချင်တယ်ဆိုတဲ့သူကလည်း စကား စမလာခဲ့။ နှစ်ဦးသား ခပ်ကွာကွာကနေလျှောက်လာကြသည်မှာ ကျွန်မတည်းသည့်နေရာရှေ့ပင်ရောက်ခဲ့ပြီ။ ဒီလမ်းတစ်လျှောက် သူ့ရဲ့ အသက်ရှူသံပြင်းပြင်းနဲ့ ကျွန်မရဲ့ ဆူညံညံ နှလုံးခုန်သံမှလွဲ၍ ဘာသံမှမကြားခဲ့ရ။ ကျွန်မ အိမ်ရှေ့မှာ ပိတ်ရပ်လိုက်သည်။
"ရောက်ပြီဆိုတော့ ပြန်ပါတော့"
"စကားမပြောရသေးဘူးလေ နဒီရဲ့"
သူ့စကားလုံးတို့မှာခပ်အေးအေးငြိမ်ငြိမ်ပင်။ မအေးမငြိမ်နိုင်သူကကျွန်မပင်။
"လမ်းမှာ.."
"နေပူနေတယ်..ပေးဝင်ပါ့လား။ ခေါင်းပြန်ကိုက်လာတော့မယ်"
"ဟင့်အင်"
သူ့ကို ကြာတော့ ပိုပိုကြောက်လာမိသည်။ ဘာဖြစ်စေချင်နေတာလဲ။ သူဘယ်လိုခံစားနေရတာလဲ။
"တစ်ကယ်ခေါင်းကိုက်လာပြီ"
"အခန်းပြန်လိုက်ပါ"
"နဒီ.."
"အဲ့လိုမခေါ်ပါနဲ့..တောင်းပန်ပါတယ်။ နင်က ဘာမှမဖြစ်ပေမယ့် ငါ့အတွက်အရမ်းအပန်းကြီးလို့ပါ"
"အဲ့လိုမဖြစ်အောင် ဦးရှင်းပေးမလို့ပါ။ ပေးဝင်ပါနော်။ ခဏပါပဲ။ အပြင်မှာပြောဖို့ကနေအရမ်းပူတယ်လေ။ ပြီးတော့ နဒီကရေစိုကြီးနဲ့ အအေးပတ်.."
"တော်ပါပြီ ဆက်မပြောနဲ့တော့ ငါနင့်ရဲ့ဂရုစိုက်မှုကို မလိုအပ်တော့ဘူး။ နင်အရမ်းပြောချင်နေတယ်မလား ငါနင့်ကို ၅မိနစ်အချိန်ပေးမယ်"
သူက ခဏတွေဝေသွားသလိုနှင့်-
"၁၅ မိနစ်"
"၁၀မိနစ်"
"ကောင်းပါပြီ"
လုပ်ယူပြီး လုပ်တာလားမသိတဲ့ သူ့မျက်နှာပေါ်က ဝမ်းနည်းရိပ်ကို မသိကျေးကျွန်ပြုလိုက်ပြီး အခန်းတံခါးဖွင့်ပေးလိုက်သည်။ သူကချက်ချင်းဝင်သွားပြီး သူ့အိမ်သူ့ရာလိုပင် ထိုင်ခုံမှာကျကျနနဝင်ထိုင်သည်။ အေးပေါ့လေ ထားပါ ဒီမှာရှိတဲ့အခန်းတွေကအတူတူပဲမလား။ ကျွန်မ တံခါးကို တမင် အားနဲ့ ဆောင့်ပိတ်လိုက်ပြီး သူ့ရှေ့မှာ ဝင်ထိုင်လိုက်သည်။ သူက ထိုအထိမပြောသေး။ ကျွန်မ နာရီကိုတစ်ချက်ကြည့်လိုက်သည်။
"စပြီ"
တော်တော်နှင့်စကားသံထွက်မလာခဲ့။ နေရခက်တဲ့အထဲ စိတ်ပါရှုပ်လာသည်။
"နင်မပြောတော့ရင်လည်း.."
"နဒီ အရင်အဝတ်လဲပါအုံးလား။ ဖျားနေ.."
"နင်ပြောမှာသာပြောပါ။ အချိန်ဆိုတာတန်ဖိုးရှိတယ်"
သူက သက်ပြင်းချသည်။
"နဒီ ဦးကို မုန်းနေလား"
ပထမအခေါက်စတွေ့တုံးက မေးဖူးခဲ့တဲ့စကားပင်။ ထိုစကားကိုပဲ အချိန်ဖြုန်းသလိုထက်မေးသည်။
"နင့်အပေါ် ဘာခံစားချက်မှမရှိတော့တာ"
"သေချာလား"
နဒီ့ဘက် ခေတ္တတိတ်ဆိတ်သွားသည်။
"နင် ငါ့စီဘာလိုချင်နေတာလဲ"
"နဒီ ဦးကို ချစ်နေသေးလား"
"နင်ဘာဖြစ်ချင်နေတာလဲ"
"သိချင်တယ်။ ချစ်နေသေးလားဆိုတာကို"
ကျွန်မ စိတ်ပေါက်လာသည်။
"ချစ်နေသေးတော့ နင်ဘာလုပ်ချင်လဲ"
သူ တိတ်ဆိတ်သွားသည်။ ဘာမှ မဟုတ်ဘူး လူတစ်ယောက်က သူ့ကိုချစ်တယ်လို့ပြောတဲ့စကားကိုအရသာခံချင်နေတာ။
"ရှင်းအပေါ်ကို.."
"ရှင်းက ငါ့ရဲ့မိတ်ဆွေပဲ..အဲ့ထက်မပိုဘူး။ အေ..ပိုသွားခဲ့ရင်လည်း နင်နဲ့မဆိုင်ဘူး ငါကအခု လူလွတ် ငါကြိုက်တဲ့သူကိုချစ်နိုင်တယ်"
သူက ပြုံးသည်။
"ဖြည်းဖြည်းပေါ့ နဒီရယ် ဦးသိပါတယ်"
"..."
"ဦးတို့ ဒီလိုကြီး နေနေရတာ နေရမခက်ဘူးလားဟင်"
"ဘယ်လို နေနေလို့လဲ"
"ဘာပဲဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် တင်းမာ မနေသင့်ဘူးလားလို့ပါ။ ဦးတို့က ရန်သူတွေမှမဟုတ်ပဲ"
"နင်ဘာလိုချင်တာလဲ"
"သူငယ်ချင်းတော့ ဖြစ်လို့ရသေးတယ်မလား"
နဒီ့ထံက အချိန်တစ်ခုအထိ တိတ်ဆိတ်သွားသည်။ လေထုတစ်ခုလုံး ငြိမ်သက်သွားသည်။ ခဏအကြာ နဒီ့ထံမှ သက်ပြင်းချသံကိုကြားလိုက်ရသည်။
"မဖြစ်နိုင်ဘူး"
"ဘာလို့လဲ။ ဦးတို့က.."
"မရဘူး။ ငါ့အတွက်မရဘူး။ နင် ဘယ်လိုစိတ်မျိုးနဲ့နေမလဲ ငါမသိဘူး။ ဒါပေမယ့်.."
သူ့ကို စေ့စေ့ကြည့်လိုက်သည်။ သူကရည်ဝေဝေပင်စိုက်ကြည့်နေသည်။ ကျွန်မရဲ့ အသက်ရှူသံတွေမြန်လာသည်။ ဆက်ပြောမယ့်စကားတို့လည်ချောင်းထဲပင်စို့နင့်လာသည်။
"ဒါပေမယ့် ငါကတော့..အဲ့ဒီ့ သူငယ်ချင်းဆိုတဲ့စည်းကို ကျော်မိမှာကြောက်သလို..ကျော်မရတော့မှာလည်း စိုးတယ်.."
နဒီ့ စကားသံအဆုံး အခန်းဟာ လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ တစ်ယောက် နှလုံးခုန်သံတစ်ယောက်ပြန်ကြားလောက်အောင်ကိုတိတ်ဆိတ်သွားခဲ့လေသည်။