ပန်တော်ကျ - Episode 14


................


ငွေမှုံ့သတင်းက ဖုံး၊ဖိ ထားသည့်ကြားမှ ရပ်ကွက်ထဲ

ပျံ့သွားသည်။

ဘူးတစ်ရာအပေါက်ကိုပိတ်နိုင်ပေမယ့်၊ပါးစပ်တစ်

ပေါက်ကိုတော့ ပိတ်ဖို့ခက်လှသည်။

ထိုသတင်းကိုအတည်ပြုချင်ကြသူများမှာ ဆိုင်သို့

ဟိုပစ္စည်းလာဝယ်သလို သည်ပစ္စည်းလာဝယ်သလို

နှင့် လာရောက်စပ်စုကြသည်။

မိလှိုင်က စျေးရောင်းပေမယ့် ငွေမှုံနှင့်ပက်သက်

သည့်ကိစ္စကိုတော့ သူကိုယ်တိုင်လည်း သေချာ

ဂဃနဏမသိရသေး၍ ဘာမှပြန်မဖြေ။သိလျှင်

တောင်မှ ဖြေစရာမလိုပါ။ ဘုတ်အီးကတော့ 

ငွေမှုံ့သတင်းကြားပြီးကတည်းက ဆိုင်လည်းမထိုင်

တော့ပဲ ငူငူငိုင်ငိုင်နှင့် တမှိုင်မှိုင်တတွေတွေဖြစ်နေ

သည်။


တစ်ပတ်လောက်ကြာပြီးနောက်မှာတော့ ငွေမှုံ့ကို

မိသားဖသားပီပီ ပြန်အပ်မည်ဟု အကြောင်းကြား

လာတာကြောင့် မိလှိုင်လည်း ရပ်မိရပ်ဖလူကြီးတွေ

နှင့် လိုအပ်သည်များကို ပြင်ဆင်ထားရတော့သည်။


ငွေမှုံ့အဖေကိုတော့ ထိုကိစ္စအကြောင်းမကြားရသေး

ချေ။မိလှိုင်က အခြေနေကိုကြည့်ပြီးမှ သူကိုယ်တိုင်

ထောင်ဝင်စာသွားတွေ့ဖို့ စဥ်းစားထားသည်။


ဒီနေ့ ငွေမှုံ့ကို သတို့သားဘက်က မိသားစုစုံစုံလင်

လင်နှင့် လာအပ်မည်ဖြစ်သည်။

ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာပဲ စီစဥ်ဖို့ အုပ်ချုပ်

ရေးမှူးက ဆုံးဖြတ်လိုက်သည်။


မိလှိုင်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေ

သွားပြီးစောင့်နေသည်။

ဘုတ်အီးကတော့ အိမ်မှာပဲ ကျန်ခဲ့ပြီး ဆိုင်လည်း

ဖွင့်မထားချေ။

တစ်ပါးသူလက်ထဲသို့ ရောက်သွားသည့် မိမိ

မပိုင်ဆိုင်လိုက်ရသော ပန်းတစ်ပွင့်ကို သူ ဘယ်လို

စိတ်မျိုးနှင့် သွားပြီး ကြည့်နိုင်မှာနည်း။

ကိုယ်မခူးရက် မစွတ်ရက်ခဲ့သည့် အလှပျိုးထား

သော ပန်းကလေးတစ်ပွင့်ကို ခူးစွတ်ရက်သူက

ခူးစွတ်သွားချေပြီ။

တခြားသူ၏ရင်ခွင်ထဲမှာ ပျော်နေမည့် ချစ်ရသူ၏

မျက်နှာကလေးကို သူ မကြည့်ဝံ့၊မမြင်ဝံ့ပါ။

သူတို့ဘဝနှင့်သူတို့ရှိပါစေတော့။ သူ့ရွေးချယ်မှုနှင့်

သူ ပျော်ရွှင်ပါစေတော့ဟု ဘုတ်အီး စိတ်ထဲကနေ

ဆုတောင်းပေးလိုက်သည်။

သူ့ရင်ထဲမှာတော့ ချော်ရည်ပူတွေတစ်ပွက်ပွက်နှင့်

မီးတောင်ကြီးတစ်ခုလို ပူလောင်နေပြီး ရင်အုံကို

မြှားအစင်းပေါင်းများစွာ စိုက်ဝင်နေသလို နာကျင်

ခံစားနေရသည်။

အိမ်ရှေ့တံခါးပေါက်မှာ လက်မှိုင်ချ၍ ခေါင်းငိုက်စိုက်နှင့်ထိုင်နေမိသည်မှာ အချိန်ဘယ်လောက်ကြာ

သွားသည်မသိ။


"ဘုတ်အီးရေ...ဘုတ်အီး..."


ခဲတံက ခြံထဲသို့ပြေးဝင်လာရင်းနှင့် ဘုတ်အီးကို

အော်ခေါ်လိုက်သည်။

ဘုတ်အီး ခေါင်းမော့ကြည့်လိုက်သည်။

ခဲတံက ဘုတ်အီးရှေ့မှာရပ်လိုက်ပြီး


"ရပ်ကွက်ရုံးကိုလိုက်ခဲ့ဦး မင်္ဂလာပွဲပျက်သွားပြီဟ..

ပြဿနာတွေတက်ကုန်ပြီ နင့်အမေနဲ့သတို့သားမိဘ

တွေနဲ့ ရန်ဖြစ်နေတာအကြီးအကျယ်ပဲ...ဘာတွေဖြစ်

ကုန်သလဲ မသိဘူးဟ..ငွေမှုံကလည်းငိုနေတယ်.."


"ဟင်..."


ဘုတ်အီး အိမ်ပေါ်ကနေ ခြေဗလာနှင့် ပြေးဆင်း

သွားသည့်နောက်သို့ ခဲတံလည်း ပြေးလိုက်သွားလေ

သည်။


ရပ်ကွက်ရုံးထဲမှာတော့ မိလှိုင်နှင့်သတို့သားမိဘတွေ

အကြီးအကျယ် စကားများနေကြသည်။


"ကျွန်မတို့ဘက်က လူကြီးလူကောင်းပီပီသသနဲ့

  ကောင်မလေးကို မိသားဖသားပီပီ လာပြီးပြန်အပ်

  တာ..ကျွန်မရဲ့သားက ဒီမိန်းကလေးကို ချစ်ရပါ

  ချည်ရဲ့ဆိုလို့ ကျွန်မတို့က မိဘတို့ဝတ်တရားရှိတဲ့

  အလျောက် အခုလို လူကြီးစုံရာနဲ့ပြန်အပ်တာ..

အခုလို သဘောမတူနိုင်ဘူးဆိုတာကတော့ မဟုတ်

သေးပါဘူး...ဘာကိစ္စသဘောမတူနိုင်ရသလဲ... "


"ရှင်တို့ရဲ့သားက မိန်းကလေးရဲ့သဘော

ဆန္ဒမပါပဲ အဓမ္မခိုးယူပေါင်းသင်းတာလေ...ကျွန်မ

သမီးက ရှင့်သားကိုမယူနိုင်ဘူးတဲ့ သူ့ကို အတင်း

အဓမ္မခိုးပြေးလို့ သူ အခုလိုဖြစ်ရတာ...သူများရဲ့

အမျိုးကောင်းသမီးပျိုလေးကို ဒီလိုလုပ်စရာလား..

လူငယ်သဘာဝ ချစ်ရင်ကြိုက်ရင် တရားတဲ့နည်းနဲ့

ကြိုးစားရမှာပေါ့..အခုတော့ရှင် တစ်ဖက်သားက

အလိုဆန္ဒမရှိပဲ ပေါင်းသင်းဖို့ကြံတယ်ဆိုတာ..

မုဒိန်းမှုမြောက်တယ်နော်...တရားစွဲလို့ရတယ်.."


"အို...ဒီလိုလုပ်လို့ဘယ်ရမလဲ...နှစ်ယောက်လုံး

အသက်လည်းပြည့်ပြီးပြီ...ဒီအထိကို ကြည်ကြည်

ဖြူဖြူနဲ့လိုက်လာပြီးမှ အခုမှဒီလိုလုပ်လို့ဘယ်

ရမလဲ.."


"ဟုတ်တယ် အစ်မကြီး...ကျွန်တော်တို့သားက အခု

မိသားဖသားပီပီနဲ့တောင်းရမ်းလက်ထပ်ယူမှာပဲ..

ခင်ဗျားသမီးက ကျွန်တော့်သားကိုမယူနိုင်ဘူးလို့

ပြောလည်းပဲ သူ အပျို ပြန်မဖြစ်တော့ဘူး...ကျုပ်

တို့ကသားရှင်...ဒီမင်္ဂလာပွဲမဖြစ်လဲ ဘာမှထိခိုက်

နစ်နာစရာမရှိဘူး.."


သတို့သားရဲ့ဖခင်ပြောဆိုလိုက်သည့်စကားကြောင့်

မိလှိုင် ဒေါသချောင်းချောင်းထွက်သွားသည်။

ဒေါသကြောင့် သူမရဲ့မျက်နှာကနီရဲနေပြီး အသံတွေ

လည်း တုန်လာကာ


"အစကတည်းက ရှင့်သား စဥ်းစားခဲ့ရမှာပေါ့..

သားရှင်ဆိုတိုင်း လုပ်ချင်ရာလုပ်လို့ရမလား...

ဘယ်မလဲကြည်ကြည်ဖြူဖြူနဲ့လိုက်လာတာ..

စတွေ့ကတည်းက မျက်ရည်နဲ့မျက်ခွက်ဖြစ်နေတဲ့

ကလေးက ကြည်ကြည်ဖြူဖြူဆိုတာဖြစ်နိုင်ပါ့မ

လား...ကြည့်ပါဦး..

တစ်ဖက်မိန်းကလေးကို ဒီလိုမလုပ်ရဘူးလို့ ရှင်တို့

မဆုံးမထားလို့ အခုလိုတွေဖြစ်လာတာပေါ့...

အုပ်ကြီး ကြားတယ်နော်...ဒါ ကိုယ့်ရပ်ကွက်အထိ

လာပြီး စော်ကားနေတာ...ကျွန်မလုံးဝခွင့်လွှတ်မ

ပေးနိုင်ဘူး...တရားစွဲမှာ...အဲ့အကောင်ကိုမုဒိန်းမှု

နဲ့တရားစွဲပြီး ထောင်ချပစ်မယ်..."

အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖတွေလည်း ခေါင်း
တညိတ်ညိတ်နှင့်လုပ်နေကြသည်။
တစ်ဖက်ကပါလာသည့် လူကြီးတွေက သတို့သား
မိဘတွေကို ထိန်းထိန်းသိမ်းသိမ်းပြောဖို့သတိပေး
သည်။

"ဒီလိုလည်း ဘယ်ဟုတ်မလဲ ကလေးမရယ်...
ကောင်လေးကလည်း ကောင်မလေးကိုတကယ်ချစ်
ရှာတာပါ...မင်္ဂလာပွဲဖျက်လိုက်လို့လည်း မိန်းကလေးပဲ
နာမည်ပျက်မှာ...မိန်းကလေးကပဲ နစ်နာမှာ."

"ဟုတ်ပါတယ် အန်တီရယ်..ကျွန်တော် မှုံ့ကိုချစ်လွန်း
လို့ အခုလို ကြံမိကြံရာ ကြံလိုက်မိတာပါ..မှုံက
ကျွန်တော့်အချစ်ကိုလက်မခံတော့ ကျွန်တော် မှုံ့ကို
ဆုံးရှုံးရမှာကြောက်ပြီး အခုလိုလုပ်လိုက်မိတာပါ..
မှုံ ငါ့ကိုလက်ထပ်ပါဟာ နော်...ငါ နင့်ကိုတကယ်ချစ်
တာပါ..နင့်ကို စိတ်ချမ်းသာအောင်ထားပါ့မယ်...
နင် မကြိုက်တာ ဘာမှမလုပ်ပါဘူးဟာ..နော်...ငါ
တောင်းပန်ပါတယ်..."

"ဟင့်အင်း...လက်မထပ်ဘူး..ငါနင့်ကိုဘယ်တော့မှ
ချစ်လာမှာလည်းမဟုတ်ဘူး...မုန်းတယ်...ရွံတယ်.."

လူငယ်နှစ်ယောက် အပြန်အလှန်ပြောဆိုနေကြချိန်မှာပဲ သတို့သားဖြစ်သူ၏အမေက

"အမလေး...နင်ကပဲ ငါ့သားကိုရွံသလေးဘာလေးနဲ့
တကယ်ဆို ငါတို့ကမှ မတူမတန်သလိုဆက်ဆံရမှာ
ပါ...ဖအေလို့အမည်ခံထားသူကထောင်ထဲမှာ
မအေက ဘယ်လင်နဲ့ရလို့ရမှန်းမသိ မွေးထားပြီးမှ
ရလာတဲ့ဟာမက...."

"ဒီမှာ အစ်မကြီး ခင်ဗျားရဲ့စကားက သိပ်ကိုလွန်
နေပြီနော်..."

တစ်ချိန်လုံးငြိမ်ပြီးနားထောင်နေသည့် အုပ်ချုပ်ရေး
မှူးဟောင်း ပြုံးချိုက ထိုင်ရာမှထလိုက်ပြီး သတို့
သား၏ မိခင်ဖြစ်သူကို လက်ညှိုးထိုး၍ သတိပေး
လိုက်သည်။

"ဒါ အသရေဖြတ်မှုနဲ့ ခင်ဗျားကိုတရားစွဲလိုက်လို့
ရတယ်...တစ်ဖက်သားကို စော်စော်ကားကား
ပြောဆိုနေတာတွေကို ရပ်ပါ..သားအမိနှစ်ယောက်
လုံး ထောင်နဲ့လက်တစ်ကမ်းအလိုကိုရောက်နေတယ်
ဆိုတာ သတိထားဦး..."

ထိုအခါမှ သတို့သားမိဘတွေလည်း ငြိမ်ကျသွား
သည်။အရှက်ရစရာဖြစ်သွားခဲ့သည်ကတော့ နှစ်
ဦးနှစ်ဖက်စလုံး ဖြစ်လေသည်။
သတို့သား၏ဦးလေးဖြစ်သူက သူ့တူကို လက်သီး
နှင့်တစ်ချက်ထိုး၍ ရုံးထဲကနေ ဒေါသတကြီးထွက်
သွားလေသည်။

"ကဲ ငွေမှုံ ညည်းသေချာဆုံးဖြတ်...ဘယ်လိုလုပ်ချင်
လဲ..ညည်းဖြစ်ချင်သလို ဒေါ်လေးတို့ကလုပ်ပေးမှာ"

"ကဲကဲ...ဒါမျိုးက ခေါင်းအေးအေးထားပြီး လုပ်ရ
မယ့်ကိစ္စ... သွေးပူနေတုန်းကတော့ ဘာမှသေချာ
စဥ်းစားလို့ရမှာမဟုတ်ဘူး...ငွေမှုံသေချာစဥ်းစား..
သမီးဘဝရှေ့ရေးအတွက် သမီးကိုယ်တိုင်ဆုံးဖြတ်
ရမှာ...သမီးရဲ့သိက္ခာအတွက်ပါ သမီးထည့်စဥ်းစား
ဟုတ်ပြီလား...အချိန်တစ်ပတ်ပေးမယ်...ဒီတစ်ပတ်
အတွင်း ဒီဘက်က သတို့သားဖြစ်သူကို သက်ဆိုင်
ရာ ဌာနတစ်ခုမှာ ထိန်းသိမ်းထားရမှာပဲ...ဒါက
သာမန် သမီးရည်းစားခိုးယူပေါင်းသင်းမှုမဟုတ်ဘူး
ပြန်ပေးဆွဲမှု ၊ မုဒိန်းမှုမြောက်တယ်..."

"ဟုတ်ကဲ့ပါ ဦးလေး...ကျွန်တော် ဦးလေးတို့ စီစဥ်
သလို နာခံပါ့မယ် "

သတို့သားက အုပ်ချုပ်ရေးမှူး၏စကားကို နာခံသည်။
မိဘတွေကတော့ထိုသို့မဟုတ် လက်မခံချင်ကြပေ။
သို့ပေမယ့်လည်း သူ့သားက မှန်မနေတော့ မတတ်
သာပဲ ငြိမ်နေရလေသည်။

"အနိုင်လိုချင်တိုင်း စကားကို ပြောချင်သလိုမပြော
ရဘူး မိခင်သုန်.. နင့်သားက မှားနေတာ..ပြီးတော့
ဘယ်ကမှန်းမသိ အခြေအမြစ်မတိကျတဲ့စကားကို
ယုံစားပြီးတစ်ဖက်သားကို သွားပြီးပုတ်ခတ်ပြောဆို
လိုက်တာက နင့်အလွန်ပဲ...ဟိုဘက်က တရားစွဲချင်
ရင် စွဲလို့ရတယ်...နင်တို့လင်မယားပြောပုံဆိုပုံက
ငါ့မျက်နှာကိုအိုးမည်းသုတ်လိုက်တာပဲ...ဒီလိုပြော
ပေါက်ဆိုပေါက်တွေနဲ့ နင်တို့သားမလွယ်ဘူးမှတ်"

သတို့သားရဲ့ဘက်ကခေါ်လာသည့် လူကြီးတစ်ဦး
က သတို့သားမိဘတွေကို ဆူသည်။
သူတို့လည်း အခုတော့ ဘာမှပြန်မပြောနိုင်ကြတော့
ချေ။

ဘုတ်အီး ရုံးရှေ့သို့ရောက်လာတော့ ရုံးရှေ့မှာ လူတွေ
အုံနေပြီး ရာအိမ်ခေါင်းက လာပြီးကြည့်နေသူတွေကို
မောင်းထုတ်နေသည်။
ဘုတ်အီး ရုံးထဲသို့ဝင်သွားလိုက်သည်။
ငွေမှုံ့ကို သူ့အမေကဖက်ထားတာကိုတွေ့ရပြီး ငွေမှုံ
က ရှိုက်ကြီးတငင်ငိုကြွေးနေလေသည်။

"အမေ့...ငွေမှုံ..."

"ဘုတ်အီး..."

မိလှိုင် သူ့သမီးကို လက်ယက်၍ ခေါ်လိုက်သည်။
ဘုတ်အီး သူတို့အနားသို့ သွားလိုက်တော့ မိလှိုင်က
ငွေမှုံ့ကို သူ့ရင်ခွင်ထဲကနေ ထုတ်လိုက်ပြီး

"ဘုတ်အီး ငွေမှုံ့ကို အိမ်ပြန်ခေါ်သွားတော့...
အမေေ ဒီကကိစ္စတွေရှင်းပြီးရင် လိုက်ခဲ့မယ်..."

"ဟုတ်ကဲ့အမေ..."

ဘုတ်အီး ငွေမှုံ့ရဲ့ပုခုံးနှစ်ဖက်ကို ဖက်၍ ခေါ်လိုက်
သည်။
တိုက်ပုံအင်္ကျီဝတ်ထားသော သူတို့နှင့်အသက်တူ
လောက်ရှိမည့်ကောင်လေးက ငွေမှုံ့ကို တောင်းပန်
တိုးလျှိုးသည့်အကြည့်နှင့်ကြည့်နေသည်ကို ဘုတ်
အီးတွေ့လိုက်ပေမယ့် ငွေမှုံကတော့ ထိုကောင်လေး
ကို တစ်ချက်လှည့်မကြည့်ပဲ ရုံးထဲကနေ ထွက်လာ
လေသည်။
ဘုတ်အီးကတော့ ထိုကောင်လေးကို ဘုကြည့်တစ်
ချက်ကြည့်ခဲ့လိုက်သည်။
ခဲတံက အခြေနေကို သဘောပေါက်စွာဖြင့် ဆိုက်
ကားငှားလာတော့ ဘုတ်အီးက ငွေမှုံ့ကို ဆိုက်ကားပေါ်သို့တက်စေလိုက်သည်။

အိမ်ပြန်လာသည့်လမ်းတလျှောက် သူတို့ကို ဟိုလူ
က ကြည့်၊ ဒီလူကကြည့်နှင့်လုပ်နေကြသည်။

အိမ်ကိုရောက်သည်နှင့် ဘုတ်အီးက ငွေမှုံ့ကို
အိပ်ခန်းအတွင်းသို့ တစ်ခါတည်းခေါ်သွားလိုက်
ပြီး သောက်ရေတစ်ခွက် ခပ်ပေးလိုက်သည်။

"ရေသောက်လိုက်ဦး "

ငွေမှုံ ဘုတ်အီးလက်ထဲကရေခွက်ကို လှမ်းယူလိုက်
ပြီးနောက် ဘုတ်အီးကိုကြည့်လိုက်ပြီး

"ဘုတ်ဘုတ်...ငါ့ကိုမုန်းသွားပြီလားဟင်...ငါ...
နင်ထင်သလိုလုပ်ခဲ့တာမဟုတ်ပါဘူးဟာ..."

ငွေမှုံ့ရဲ့မျက်လုံးတွေက ငိုထားရလွန်း၍ ဖူးယောင်
နေပြီး မျက်နှာလေးကလည်း ညှိုးနွမ်းဖျော့ရော့
နေသည့်ကြားမှ သူ့ကို အသည်းအသန် ဖြေရှင်း
ချက်ပေးဖို့ ကြိုးစားနေတာကြောင့် ဘုတ်အီး စိတ်
မကောင်းဖြစ်သွားသည်။
ငွေမှုံ့ရဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကို ခပ်ဖွဖွသုတ်
ပေး၍ ခေါင်းခါပြလိုက်ပြီး

"ငါက ဘာလို့မုန်းရမှာလဲဟ ရေသောက်လိုက်ဦး..
ပြီးမှ စကားအေးအေးဆေးဆေးပြောကြတာပေါ့..
ပြီးတော့ နင် ငိုထားရတာ ပင်ပန်းနေပြီ ခဏနား
လိုက်ဦး..."

ငွေမှုံ ခေါင်းညိတ်ပြလိုက်ပြီး ရေကိုဖြည်းဖြည်းချင်း
မော့သောက်လိုက်လေသည်။

..............

နှစ်ရက်ကြာပြီးနောက်

"သူက ငါ့ကို မနှစ်ကတည်းက လိုက်ပြီးစကားပြော
တာ.. ပြီးတော့ ငါ့ကိုချစ်ခွင့်ပန်တယ်..ငါ သူ့ကို
ငြင်းခဲ့တယ်..သူ့ဘက်ကအကြိမ်ကြိမ် ချစ်ခွင့်ပန်
တာမျိုးလုပ်လာပေမယ့် ငါ့ဘက်က သူ့ကို ငြင်းဆန်
ခဲ့တယ်...ငါ့မှာ ချစ်ရမယ့်သူ ရှိနှင့်နေပြီးသားလို့
သူ့ကိုပြောလိုက်တယ်.."

ငွေမှုံက ဘုတ်အီးရဲ့မျက်ဝန်းတွေကို ငေးကြည့်ပြီး
ပြောလိုက်တော့ ဘုတ်အီးက သူမရဲ့စကားတွေကို
သေချာ နားထောင်ပေးနေသည်ကို တွေ့လိုက်ရသည်။
တကယ်ဆိုရင် ထိုနေ့ကဖြစ်ခဲ့သည့်ကိစ္စတွေကို
ပြန်ပြောပြရလောက်အောင်အထိ သူမရဲ့စိတ်က
အဆင်မပြေသေးဘူးဆိုပေမယ့် ဘုတ်အီးအထင်
လွဲမှာကို မလိုလား၍ ငွေမှုံ ပြန်ပြောပြနေခြင်းဖြစ်
သည်။

"ဒါပေမယ့်...ငါက အခု..."

ငွေမှုံ ဆက်မပြောနိုင်တော့ပဲ မျက်နှာကိုလက်နှင့်
အုပ်၍ ရှိုက်ကြီးတငင်ငိုပြန်သည်။
ဘုတ်အီး ငွေမှုံ့ရဲ့ပုခုံးကို လှမ်းကိုင်လိုက်ပြီးနောက်

"နင် ဘယ်လိုလုပ်ဖို့ စဥ်းစားထားလဲ... သူ့ကိုလက်ခံ
မှာလား..."

"ဟင့်အင်း.. ငါ သူ့ကို ယူမှာမဟုတ်ဘူး..သူလုပ်ခဲ့
တာတွေအတွက် သူ အပြစ်ခံယူသင့်တယ်.."

"နင့်အတွက်လည်း နင် စဥ်းစားပါဦး ငွေမှုံ.."

"ငါ အားလုံးစဥ်းစားပြီးသွားပြီ..ပတ်ဝန်းကျင်က
သွားပုတ်လေလွင့်ပြောကြမယ်ဆိုရင်တောင်မှ
အပြောခံလိုက်မယ်..သူ့ကိုတော့ ဘယ်လိုအကြောင်း
မျိုးနဲ့မှ ယူမှာမဟုတ်ဘူး...ငါ သူ့ကိုမချစ်ဘူး..
ငါ မချစ်တဲ့လူတစ်ယောက်နဲ့ တစ်သက်လုံး မနေနိုင်
ဘူး...ပြီးတော့ ငါ ပျော်ရွှင်ရမှာမဟုတ်ဘူး...ငါ
အသက်တိုလိမ့်မယ်..."

ဘုတ်အီး ခေါင်းညိတ်လိုက်ပြီးနောက် ငွေမှုံ့ကို
သေချာကြည့်လိုက်သည်။ငွေမှုံ့ရဲ့လည်ပင်းမှာ
ရှရာတစ်ခုကိုတွေ့တော့ သူ ထိတ်လန့်သွားပြီး

"ငွေမှုံ...နင့်လည်ပင်းက ဘာဖြစ်တာလဲ..ဘယ်သူ
လုပ်တာလဲ...ဟိုကောင်လား..."

ငွေမှုံက ခေါင်းခါပြပြီးနောက် ဘုတ်အီးကို
​ကြည့်၍ ငိုသည်။


"သူ ငါ့ကို..... "

ငွေမှုံ စကားမဆက်နိုင်ပါ ။ ဘုတ်အီးရင်တွေနာလှ
သည်။ သူ ငွေမှုံ့ကိုဖက်ထားလိုက်ပြီး နှစ်သိမ့်ပေး
နေပေမယ့် သူကိုယ်တိုင်လည်း မျက်ရည်တွေ
ကျလာသည်။

"ငါ့ကို နောက်တစ်ခါထပ်ကြံရင် ကိုယ့်ကိုယ်ကိုယ်
သတ်သေလိုက်မှာလို့ ခြိမ်းခြောက်လိုက်မှ သူ ငါ့
ကို ထပ်ကြံဖို့မကြိုးစားတော့တာ... "

ငွေမှုံက ဘုတ်အီးရဲ့ရင်ခွင်ထဲမှာ မျက်နှာအပ်၍
ငိုနေရင်းက ခပ်တိုးတိုးလေးဆိုလာတော့ ဘုတ်အီး
သူမကို တင်းကြပ်စွာဖက်ထားလိုက်ပြီး ပင့်သက်
ရှိုက်မိသည်။

"ငွေမှုံရယ်..."

"ငါ အပျိုမဟုတ်တော့ဘူး ဘုတ်ဘုတ်ရယ်...ငါ...
နင့်ကို..."

"ငါသာ ယောကျ်ားလေးတစ်ယောက်အဖြစ် မွေး
လာခဲ့ရင် အခုလိုတွေ ဖြစ်လာမှာမဟုတ်ဘူး ငွေမှုံ.."

"ဟင့်အင်း...အဲ့သလိုမပြောပါနဲ့.."

"ငါတို့ နှစ်ယောက် တစ်ယောက်အပေါ်မှာတစ်
ယောက် ဘယ်လိုသဘောထားတွေရှိသလဲဆိုတာ
အချင်းချင်း နားလည်ကြပေမယ့်...ငါတို့တွေ... "

ဘုတ်အီးက စကားကိုဆက်မပြောသေးပဲ နှာရည်
တွေကို အင်္ကျီစနှင့်သုတ်လိုက်သည်။

"ငါ နင့်အပေါ် ခံစားချက်တွေ ဘယ်လိုရှိသလဲဆို
တာ သေချာနားမလည်ခဲ့ဘူး...သူငယ်ချင်းဆိုတာ
ထက် ပိုနေခဲ့တာကိုတော့ ငါ သိပါတယ်...အခုမှ
ငါ သိလိုက်ရတာ..ငါ..နင့်ကို ချစ်တယ် ငွေမှုံ...
ဒါပေမယ့်..."

ငွေမှုံက ဘုတ်အီးရဲ့မျက်နှာကို မော့ကြည့်လိုက်
သည်။
သူတို့နှစ်ဦး မျက်ရည်တွေကိုယ်စီကျလို့ တစ်ယောက်
မျက်ဝန်းတွေကို တစ်ယောက် ငေးကြည့်နေမိကြ
သည်။
ငွေမှုံ ဘုတ်အီးရဲ့ပါးတစ်ဖက်ကို လက်မလေးနှင့်
ပွတ်သပ်လိုက်ရင်းက

"နင်...ငါ့ကို လက်ခံနိုင်သေးရဲ့လား... ဟင်..."

ဘုတ်အီးက ဘာမှပြန်မပြောပဲ ငွေမှုံ့ကိုငေးကြည့်
နေတော့ ငွေမှုံ ခေါင်းလေးငုံ့သွားကာ

"နင်သာ ငါ့ကို လက်ခံပေးနိုင်သေးတယ်ဆိုရင် ငါ
အရာအားလုံးကို ရင်ဆိုင်ရဲတယ် ..ပတ်ဝန်းကျင်
က ဘယ်လိုတွေပြောပြော ငါ လျစ်လျူရှုနိုင်တယ်..
နင်..သာ...ငါ့ကို..."

"ငါကဘာလို့နင့်ကိုလက်မခံနိုင်ရမှာလဲ ငွေမှုံ
ဒါ နင့်အမှားမှမဟုတ်တာ...နင်က နစ်နာရတဲ့လူ..
ငါက နင့်ကို ဘယ်လိုအခြေနေမျိုးမှာမဆို လက်ခံ
ပေးနိုင်တဲ့သူပါဟ...ငါ ယောကျ်ားတစ်ယောက်မဖြစ်
ခဲ့လို့ နင့်ကိုကာကွယ်မပေးနိုင်ခဲ့တာကတော့.."

"ဟင့်အင်း.. နင်က ယောကျ်ားတစ်ယောက် မဖြစ်ခဲ့
တာတောင်မှ ငါ့အတွက်ကတော့ အမြဲတမ်း ဟီးရိုး
ဖြစ်ခဲ့တာပါဟာ...ယောကျ်ားတစ်ယောက်ဖြစ်မှ
ရယ်လို့ မဟုတ်ပါဘူး...ဖြစ်စရာလည်းမလိုပါဘူး
ငါ့အတွက် နင်သာ ငါ့ဘေးမှာ
အမြဲတမ်းရှိနေမယ်ဆိုရင် ပြည့်စုံသွားပါပြီ...
ငါက ဘုတ်အီးဆိုတဲ့လူတစ်ယောက်ကို ဒီအတိုင်း
ရိုးရိုးရှင်းရှင်းလေးပဲ ချစ်တာပါ...ပြီးတော့ အခုလို
ဖြစ်သွားခဲ့ရတာကလည်း နင့်ရဲ့မျက်ကွယ်မှာမလို့
ပါ...ငါ နင့်ကိုချစ်တာ နင်ဖြစ်နေလို့ပါပဲ ဘုတ်ဘုတ်
ရယ်...တခြား ဘာကြောင့်ညာကြောင့်ဆိုပြီး ရှိစရာ
မလိုပါဘူးဟာ.."


ဘုတ်အီးရဲ့မျက်နှာက ရဲခနဲဖြစ်သွားသည်။ငွေမှုံ
သူ့ကို ငေးကြည့်နေရင်းမှ မျက်ရည်တွေကိုသုတ်
ပေးလိုက်ပြီးနောက် ပါးလေးကိုတစ်ချက်နမ်းလိုက်
တော့ ဘုတ်အီးက ခေါင်းငုံ့သွားသည်။

"ငါ ရှက်ဖို့လည်း ထားပါဦး "

ငွေမှုံ နောက်ကိုဆုတ်လိုက်ပြီးနောက် မျက်ရည်တွေ
ကိုသုတ်ရင်းမှ ပြောလိုက်တော့ ဘုတ်အီးက ခေါင်း
ပြန်မော့လာပြီး ဒူးနှစ်ဖက်ကိုထောင်၍ထိုင်လိုက်ရင်း
မှ ငွေမှုံ့ကိုကြည့်လိုက်ကာ

"မရှက်ပါဘူး...ဒီလောက်လေးနဲ့ ရှက်စရာမှ မဟုတ်
တာ..."

"ဒါဆို ဘာလို့ခေါင်းငုံ့လိုက်လဲ "

"အဲ့ဒါက ပျော်သွားတာ မြင်မှာစိုးလို့ "

ငွေမှုံ သူ့ပုခုံးကို တစ်ချက် တွန်းထုတ်လိုက်သည်။
ဘုတ်အီးက ငွေမှုံ့ရဲ့အနားသို့ တိုးပြီးထိုင်လိုက်ကာ
ငွေမှုံ့ရဲ့ပုခုံးလေးကို မဝံ့မရဲနှင့် ဖက်ဖို့ကြိုးစားလိုက်
သည်။ပြီးနောက် ငွေမှုံ့ မျက်နှာလေးကို ငုံ့ကြည့်ကာ

"ဒါဆို...အခု...ငါတို့တွေ...ချစ်သူတွေ ဖြစ်သွားကြ
ပြီပေါ့နော်..."

ငွေမှုံ ဘုတ်အီးကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြ
လိုက်သည်။
ဘုတ်အီး ငွေမှုံ့ရဲ့ပုခုံးကို လက်တစ်ဖက်နှင့် ကျစ်
နေအောင် ဆုပ်ကိုင်ထားလိုက်ပြီး ကျန်လက်တစ်
ဖက်ကလည်း စိတ်လှုပ်ရှားနေတာကြောင့် လုံခြည်
အောက်နားစကို လက်ညှိုးနှင့်လိန်၍ ဆော့နေမိ
သည်။
သူ့မျက်လုံးတွေက ဂနာမငြိမ်ပါ ။ ငွေမှုံ့ရဲ့ မို့အစ်
နေသည့် မျက်လုံးလေးတွေကိုကြည့်လိုက်။
နှုတ်ခမ်းသားပြည့်ပြည့်လေးတွေကိုကြည့်လိုက်နှင့်
ထိုသို့ ခဏခဏဖြစ်နေတာကြောင့် ငွေမှုံ ပြုံးလိုက်
ပြီး သူ့နှာတံလေးကို လက်ညှိုးနှင့်တစ်ချက်တို့ကာ
ခပ်တိုးတိုးပြောလိုက်သည်။

"နင် လုပ်ချင်တာလုပ်ဖို့ ငါ ခွင့်ပြုတယ်နော် "

ဘုတ်အီး ရင်တွေအဆမတန် ခုန်လာသည်။
ငွေမှုံက ရယ်၍ သူမရဲ့မျက်နှာလေးကို ဘုတ်အီးရဲ့
မျက်နှာရှေ့သို့ အနည်းငယ်တိုးပေးလိုက်ကာ မျက်
လုံးလေးတွေကို မှိတ်ပေးထားလိုက်သည်။

ဘုတ်အီး သူ့မျက်နှာကို တွန့်ဆုတ်တွန့်ဆုတ်နှင့် ရှေ့
သို့တိုးသွားပြီး ငွေမှုံ့ရဲ့ နဖူးလေးကို သူ့နှုတ်ခမ်းနှင့်
ဖိကပ်ထားလိုက်တော့ ငွေမှုံ့ရဲ့နှုတ်ခမ်းထောင့်လေး
နှစ်ဖက်က တွန့်ကွေး၍ တက်သွားသည်။

နဖူးလေးမှတဆင့် မျက်ခွံလေးတွေပေါ်သို့ အနမ်း
တွေကို ထပ်မံ၍ ချွေချလိုက်သည်။
ထို့နောက် နှုတ်ခမ်းလေးနှစ်ခုကို ဖိကပ်လိုက်
ချိန်မှာတော့ ငွေမှုံ လုံခြည်စလေးကို ဆုပ်ကိုင်ထား
လိုက်တော့သည်။

မိလှိုင် လိုက်ကာစကို လှုပ်မသွားအောင်လွှတ်လိုက်
ပြီးနောက် သက်ပြင်းတစ်ချက်ချလိုက်သည်။
အမှတ်မထင်ပဲ ကြားလိုက်ရသည့် ကလေးနှစ်
ယောက်ရဲ့ ခံစားချက်တွေနှင့် သဘောထားတွေကို
သိလိုက်ရပြီးနောက် သူမရင်ထဲမှာ မွန်းကြပ်သွား
သည်။
ခဏကြာအောင် အခန်းရှေ့မှာ မလှုပ်မယှက်နှင့်
ရပ်နေမိပြီး ကိုယ့်စိတ်ကိုလက်ခံနိုင်အောင် ကြိုးစား
၍ ဖြေသိမ့်ကြည့်လိုက်သည်။

"အင်း..ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတွေပါပဲ
လေ.."

ဟု တီးတိုးရေရွတ်ရင်း အခန်းရှေ့ကနေ ခြေကိုဖွနင်း
၍ ပြန်လှည့်လာခဲ့လိုက်သည်။


"အမေ့..."


အိမ်ပေါ်ကနေ ကုပ်ချောင်းချောင်းဖြင့် ခြေသံလုံ
အောင် ပြန်ဆင်းလာခဲ့ပြီး ဖိနပ်စီးနေတုန်းရှိသေး
သည်။ နီတွတ်က ဝမ်းခေါင်းသံနှင့်အော်ခေါ်၍
ခြံထဲသို့ဝင်လာတာကြောင့် ဖိနပ်စီးနေသည့် မိလှိုင်
သာမက အခန်းထဲမှာ နမ်းနေကြသည့် ဘုတ်အီးနှင့်
ငွေမှုံလည်း လန့်ပြီးတုန်သွားကြသည်။

"ဟဲ့..ငရုတ်သီး..."


မိလှိုင် သူ့ရင်ဘက်ကို လက်နှင့်ဖိ၍ ယောင်မိသွား
သည်။အခန်းထဲက ဘုတ်အီးနှင့်ငွေမှုံတို့နှစ်ယောက်
ခန္ဓာကိုယ်တွေက အလိုအလျောက် ခွာလျက်သား
ဖြစ်သွားကြသည်။

မိလှိုင် သူ့သားကိုလှမ်းကြည့်လိုက်ပြီး

"ဘာလဲဟဲ့...ဖြည်းဖြည်းသက်သာ ခေါ်တာမဟုတ်
ဘူး..အလန့်တကြားနဲ့..."

"အာဗျာ..သား..ပုံမှန်အတိုင်းပဲ ခေါ်လိုက်တာပါဗျ..
ဒီမှာ ဧည့်သည်တွေ ပါလာလို့.."

"ဘယ်ကဧည့်သည်တွေလဲ.."

"မမငွေမှုံရဲ့သူငယ်ချင်းတွေလို့တော့ ပြောတာပဲ"

မိလှိုင် ခြံဝမှာရပ်နေကြသည့် မိန်းကလေးသုံး
ယောက်ဆီသို့ အကြည့်ရောက်သွားသည်။
ငွေမှုံနှင့်ဘုတ်အီး အခန်းထဲကနေ ထွက်လာခဲ့ကြသည်။

"ဝင်ခဲ့လေ ကလေးမတို့ "

မိလှိုင် ခေါ်လိုက်မှ မိန်းကလေးတွေက ခြံထဲသို့
ဝင်လာကြသည်။
မိလှိုင် အိမ်ပေါ်သို့ တစ်ချက်ကြည့်လိုက်တော့ အခန်း
ထဲကထွက်လာကြသည့် နှစ်ယောက်ကိုမြင်ပြီး မျက်
နှာပူသွားတာကြောင့် ချက်ချင်းဆိုသလို မျက်နှာလွှဲ
လိုက်ပြီး

"ငွေမှုံ..ဟိုမှာ ညည်းသူငယ်ချင်းတွေလာတယ်.."

ငွေမှုံ အိမ်တံခါးဝမှာ ရပ်၍ အပြင်သို့ကြည့်လိုက်
တော့ သူမရဲ့သူငယ်ချင်းတွေကို မြင်ပြီးနောက်
မျက်နှာက အလိုလို တည်တင်းသွားသည်။

"ဘာလာလုပ်ကြတာလဲ..ငါ နင်တို့မျက်နှာတွေကို
မမြင်ချင်ဘူး..အခုချက်ချင်း ငါ့ခြံထဲကထွက်
သွား..."

ခရီးရောက်မစိုက် ငွေမှုံက သူ့သူငယ်ချင်းတွေကို
ပြန်ပြီး နှင်ထုတ်လိုက်တာကြောင့် မိလှိုင် ကြားမှာ
ရပ်ကြည့်နေရာက

"ငွေမှုံ...ဘာဖြစ်တာလဲ..."

"သူတို့ကြောင့် သမီး အခုလိုဖြစ်ရတာ ဒေါ်လေး
သူတို့မျက်နှာတွေကို မမြင်ချင်ဘူး..."

"ဟင်..."

"ငါတို့ နင့်ကို တောင်းပန်ချင်လို့ပါ မှုံရယ်...ငါတို့က
နင်တို့နှစ်ယောက်ကို အဆင်ပြေသွားစေချင်ရုံသက်
သက်နဲ့ အခုလို လုပ်လိုက်မိတာပါဟာ..."

"လုပ်ချင်တာလုပ်ပြီးမှ တောင်းပန်လို့ရမလား..
နင်တို့တွေ သူငယ်ချင်းကောင်းမပီသဘူး...နင်တို့
ကြောင့် ငါဘယ်လောက်ထိ နစ်နာခဲ့ရတယ်ထင်လဲ..
ဟမ်...ငါ သူ့ကိုဒီလောက်ခါးခါးသီးသီးဖြစ်မှန်းသိ
ရက်နဲ့ နင်တို့မလို့လုပ်ရက်တယ်...အေး...ဘယ်လို
နည်းနဲ့တောင်းပန်တောင်းပန် ငါက ခွင့်လွှတ်မပေး
နိုင်ဘူး..ခွင့်လွှတ်ပေးရမယ့်ကိစ္စလည်းမဟုတ်ဘူး..
နင်တို့ရဲ့ချစ်လှပါချည်ရဲ့ဆိုတဲ့သူငယ်ချင်းကို ငါ
က ထောင်ကျအောင်ကိုလုပ်ပစ်မှာ..."

"မှုံ...နင် အဲ့ဒါကတော့ မမိုက်ဘူးဟာ...မင်းဝေက
နင့်ကို တကယ်ချစ်တာပါဟ...နင့်ကိုချစ်လွန်းလို့
သူ လုပ်မိလုပ်ရာ လုပ်ခဲ့မိတာပါ... "

"ငါမချစ်ဘူး...ငါလုံးဝမချစ်ဘူး...ချစ်လွန်းလို့
လုပ်မိလုပ်ရာလုပ်မိလိုက်တာပါလို့ဆိုတိုင်း ခွင့်
လွှတ်ပေးရမှာလား...ဒါဆို ငါ့နေရာမှာနင်တို့ဆိုရင်
ရော...ခွင့်လွှတ်ပေးနိုင်လား...နင်တို့မချစ်မနှစ်သက်
တဲ့လူက နင်တို့ကို အလိုမတူပဲစော်ကားရင်လေ...
ချစ်မိသွားလို့ လုပ်မိလုပ်ရာလုပ်မိလိုက်တာပါ...
ခွင့်လွှတ်ပေးပါ...နင်တို့ခွင့်လွှတ်နိုင်မလား..."


ငွေမှုံ့ရဲ့အသံက တဖြည်းဖြည်း တိမ်ဝင်သွားပြီး
မျက်ရည်တစ်စက်က ပါးပြင်ပေါ်သို့ လိမ့်ဆင်း၍
ကျလာသည်။
သူငယ်ချင်းဆိုသူ မိန်းကလေးသုံးယောက် အချင်း
ချင်း မျက်လုံးချင်းဆုံသွားကြပြီး ခေါင်းငုံ့သွားကြ
သည်။


ငွေမှုံ သူတို့ကို နားကျည်းစွာဖြင့်တစ်ချက်ကြည့်၍
အိမ်ထဲသို့ပြန်ဝင်သွားတော့ ဘုတ်အီးက အနောက်
ကနေ လိုက်သွားသည်။
မိလှိုင် မိန်းကလေးသုံးယောက်ရဲ့အနားသို့ သွား
လိုက်ကာ


"မိန်းကလေးအချင်းချင်း ကိုယ်ချင်းစာစိတ်ထားခဲ့
ရမှာပေါ့ကွယ်...သူငယ်ချင်းအချင်းချင်း ဒီလိုလုပ်
စရာလား...အောင်သွယ်တော်လုပ်တိုင်းကောင်းတာ
မဟုတ်ဘူး...တစ်ဖက်ကရခဲ့တဲ့ ထိခိုက်နစ်နာမှုက
အရေးပြားပေါ်မှာဓားရှလို့ ကျန်ခဲ့တဲ့အမာရွတ်
လောက်လေးပဲမဟုတ်ဘူး...ပြုလုပ်သူဘက်ကရော
လုပ်ခဲ့တဲ့အမှားက ခဲဖျက်နဲ့ အလွယ်တကူ
ပြန်ဖျက်လို့ရမယ့်အနေအထားမဟုတ်ဘူး...
ညည်းတို့သာ မကူညီခဲ့ရင် သူတို့နှစ်ဦးအခုလို ဖြစ်
လာစရာအကြောင်းကိုမရှိဘူး...ဒီကိစ္စမှာ အပြစ်အရှိ
ဆုံးက ညည်းတို့ပဲ...ညည်းတို့ကြောင့် လူနှစ်ယောက်
ဒုက္ခရောက်ရတယ်..တစ်ယောက်က သူ့လုပ်ခဲ့တဲ့
အကျိုးကိုပြန်ခံစားရမှာဆိုပေမယ့် နောက်တစ်
ယောက်က ဘာအမှားမှမလုပ်ခဲ့ပဲ နစ်နာဆုံးရှုံးမှုတွေ
ရခဲ့တယ်...လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်နေတတ်ရ
တယ်အေ့..သူများဘဝကို ဝင်ပြီးစွတ်ဖက်ချင်တိုင်း
ကောင်းတာမဟုတ်ဘူး...အထူးသဖြင့် ကာယကံရှင်
က လိုလားမှုမရှိပဲ သူတစ်ပါးဘဝကို ဝင် စွက်ဖက်
ချင်တဲ့စိတ်က လုံးဝမကောင်းဘူး..သူ့နေရာမှာ
ငါသာဆိုရင်ဆိုတဲ့အတွေးမျိုးကို တွေးခဲ့သင့်တယ်..
ဒီကိစ္စကနေ ညည်းတို့ သင်ခန်းစာယူလိုက်ပေါ့အေ..
ပြီးတော့ အမြဲတမ်း မမေ့မလျော့ မှတ်ထားရမှာက
ညည်းတို့ကြောင့် အပျိုစင်ဘဝပျက်ပြားခဲ့ရတဲ့
မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးပါလားလို့..."

"သမီးတို့မှားပါတယ် အန်တီ..သမီးတို့ထင်ခဲ့တာက
မှုံ တစ်ချိန်ကျရင် မင်းဝေကို ပြန်ချစ်နိုင်မယ်လို့
ထင်မြင်ခဲ့တာပါ.. "

"ထင်တစ်လုံးနဲ့လုပ်ချင်ရာလုပ်လို့မရဘူးအေ့..
အခု အဲ့ဒီ့ ထင်တစ်လုံးကြောင့်ပဲ ဒုက္ခရောက်ကုန်
ရပြီမဟုတ်လား...တစ်ခါတလေမှာ ပုံသေတွက်လို့
မရမယ့်ကိစ္စတွေ အများကြီးရှိတယ်...ရုပ်ရှင်တွေ
ကြည့်ပြီး အဲ့ထဲကလိုအပြင်မှာဖြစ်နိုင်တာပဲလို့ မယူ
ဆလိုက်နဲ့... ဟောဒီက ထရံချပ်ပေါ်မှာရိုက်ထားတဲ့
သံချောင်းကိုကြည့်လိုက်..အဲ့ဒီ့ထရံချပ်ထဲမှာစူးနစ်
စိုက်ဝင်နေတဲ့ သံချောင်းပေါ်ကို နောက်ထပ်
သံတစ်ချောင်း ထပ်ရိုက်ရင် ရိုက်လို့ရပါ့မလား. .
ဝင်ပါ့မလား..."


မိန်းကလေးသုံးယောက် ခေါင်းခါပြကြသည်။
မိလှိုင် ပြုံးလိုက်ပြီး

"အေး...အဲ့လိုပဲ..ငွေမှုံကလည်း
သူ့နှလုံးသားထဲမှာ ဦးထားပြီးသားလူရှိရက်နဲ့
နောက်တစ်ယောက်ကို သူ့နှလုံးသားက ထပ်ပြီး
လက်ခံနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး...
ညည်းတို့ အဲ့ဒါကို မြဲမြဲမှတ်ထားပြီး ပြန်ကြတော့.."

"ဟုတ်ကဲ့...ခွင့်ပြုပါဦးအန်တီ.."


မိန်းကလေးသုံးယောက် ခြံထဲကနေ ပြန်ထွက်သွား
ကြသည်။
မိလှိုင် ငွေမှုံတို့အိမ်ဘက်သို့တစ်ချက်လှည့်ကြည့်ပြီး
နောက် သူ့အိမ်သို့ ပြန်လာခဲ့လိုက်သည်။


................