"နေပါဦး ခုန စကားကိုကျွန်မဘယ်လိုထွက်သွားတာပါလိမ့်"
မုန်းက ခေါင်းလေးကုပ်ရင်း ရယ်စစလေးပြောလိုက်၍ ယု အသံထွက်သည်ထိရယ်လိုက်ကာ
"ဦးနှောက်နဲ့နှလုံးသား ဆက်စပ်နေလို့နေမှာပေါ့"
မုန်းသည်လည်း သွားစွယ်လေးပေါ်သည်ထိပြုံးလိုက်ကာ
"ကျွန်မ တစ်ချိန်တော့အားလုံးမှတ်မိလာမယ်လို့ထင်တယ်"
"ဦးနှောက်ဆိုတာ တစ်ခါတရံနှလုံးသားရဲ့စေခိုင်းရာကိုလိုက်နာရတာပဲမုန်း"
မုန်း ထိုင်နေရာမှ ထလိုက်ပြီး ယုထံလက်ကမ်းပေးလိုက်ကာ
"သွားရအောင် မမယု"
~~~~~
"ဒါဆို မုန်းကဟိုဘက်စံအိမ်မှာပြန်နေတော့မယ်ပေါ့"
အရေးပိုင်မင်းကထမင်းစားပွဲတွင်မေးလိုက်၍
"ဟုတ်ကဲ့ ဒယ်ဒီ မုန်း နည်းနည်းများပြန်မှတ်မိမလားလို့ပါ"
"ယုလည်းရှိပါတယ် ဒယ်ဒီ စိတ်မပူပါနဲ့"
"ယု ကိုယ့်ကိုယ်ကိုလည်းဂရုစိုက်ဦး သေနတ်ဒဏ်ရာကဘယ်လိုနေသေးလဲ"
အရေးပိုင်ကတော် ဝင်ပြောလိုက်သဖြင့် ယု အရေးပိုင်ကတော်ကိုပြုံးပြလိုက်ကာ
"ယု အဆင်ပြေပါတယ် မာမီ ဒဏ်ရာအရမ်းမနက်ပါဘူး ဆေးရုံမသွားဘဲ အိမ်မှာရက်နည်းနည်းနားလိုက်ရင်ကောင်းသွားမှာပါ"
ယု၏စကားကြောင့် အရေးပိုင်ကတော် သက်ပြင်းလေးတစ်ချက်ချလိုက်၏။
သားမိသားဖ ၄ယောက်မှာစကားလက်ဆုံကျနေသော်လည်း ထိုထမင်းစားပွဲဝိုင်းဝယ်လူပိုတစ်ယောက်ပမာထိုင်နေရသူမှာခင်ခင်။
ခင်ခင် ဝေ့ဝဲတက်လာသည့်မျက်ရည်တို့အား မသိသာစေရန်ခေါင်းငုံ့လျက်သာနေနေရ၏။
မုန်းက ခင်ခင့်ကို သဲသဲလှုပ်ဂရုစိုက်ပေးမည်ထင်ထားသော်လည်း ယခုလက်ရှိမုန်းသည် ယုကိုသာပိုဦးစားပေးနေသလိုခင်ခင်ခံစားရသည်။
ခင်ခင့်ရင်ထဲနောင်တဟူသော စိတ်ကလေး စတင်ဝင်ရောက်လာလေပြီ။
မုန်းနှင့်ယု အတူနေခဲ့သည့်စံအိမ်သို့ပြန်ရန် အိမ်အကူများက ပစ္စည်းအချို့ကူညီသိမ်းဆည်းပေးနေစဉ်
"ယု ဒယ်ဒီနဲ့လိုက်ခဲ့ဦး"
"ဟုတ်ကဲ့ ဒယ်ဒီ"
ယု ဒယ်ဒီခေါ်သည့်နောက်သို့လိုက်သွားပြီးနောက် ဒယ်ဒီက သူ့အလုပ်စားပွဲတွင်ထိုင်လိုက််ကာ
"ဟိုကောင်တွေတကယ်အကျောတင်းတာပဲ အသေအလဲနှိပ်စက်တာတောင်ထွက်မလာဘူး"
"ဟုတ်ကဲ့ဒယ်ဒီ"
"ခိုင်းတဲ့လူကတကယ်အကွက်ကျတာပဲ"
ဒယ်ဒီကသူ့မေးကိုထောက်ရင်းပြောနေသလို ယု လည်း မျက်မှောင်လေးကြုံ့မိသည်။
"ယုတော့ဂျင်မီမောင်ကိုတကယ်သံသရ ရှိတယ်"
"သက်သေမရှိဘူး ယု ပြီးတော့ မသေချာဘူး"
ယု သက်ပြင်းလေးချလျက် ခေါင်းငြိမ့်လိုက်၏။
"မုန်း ကိုကယ်ထားတဲ့ကောင်မလေး သူ့မိသားစုကိုလည်းသိပ်ယုံနေလို့မဖြစ်ဘူး"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ယု ဒယ်ဒီပြောတာသဘောပေါက်တယ်မလား ဟိုကောင်မလေးကိုလည်းသိပ်အရေးပေးမနေနဲ့"
"ယု သဘောပေါက်ပါတယ်"
မုန်း ကြားလိုက်ရသည့်စကားကြောင့် သိပ်အလိုမကျမိပေ။ ယု က အခန်းပြင်ထွက်လာမည်ပြင်တော့ မုန်း သူမကိုမမြင်စေရန် မသိမသာလေးလှည့်ထွက်ခဲ့သည်။
~~~~~
"ဒါ မုန်းရဲ့အခန်းပဲ"
ယု ဖွင့်ပြလိုက်သည့် အခန်းကိုမြင်တော့ မုန်းရင်းနှီးသည့်အငွေ့အသက်ကိုခံစားမိလိုက်သည်။
"ခင်ခင့်အတွက်လည်းအခန်းစီစဉ်ပေးထားတယ်"
မုန်း ခေါင်းပြန်ငြိမ့်ပြတော့
"မမယု သွားနားလိုက်ဦးမယ် လိုအပ်တာရှိရင် လှလှတို့ကိုခေါ်ခိုင်းလည်းရတယ် အရင်ကလို မမယု ရှိလားဆိုပြီးအော်ခေါ်လည်းရတယ်နော်"
ယုက နောက်စကားကို ပြုံးစစလေးပြောလိုက်၍ မုန်း ပါ ပြုံးမိသည်။
"ဟုတ်ပါပြီ မမယု"
ယု ပြန်သွားပြီးနောက် မုန်း အခန်းတစ်ဝိုက်လှည့်ပတ်ကြည့်ရင်း ဦးနှောက်ထဲ မှတ်ညဏ်အပိုင်းအစလေးများက တဖြေးဖြေးပေါ်လာ၏။
ထိုအခန်းထဲဝယ် သူမလိုတိုင်း ရောက်ရောက်လာပေးသော ယု၏ပုံရိပ်အချို့ကိုပါ မုန်းပြန်လည်မှတ်မိလာသည်။ တကယ်တော့ လွန်ခဲ့သော လများတည်းက သဲသဲကွဲကွဲမဟုတ်သော်လည်း အတိတ်မှ အာရုံတို့ကိုမုန်း ဝေဝါးဝါးပြန်လည် မှတ်မိနေပါသည်။
မုန်း ကြည့်နေရင်း ခင်ခင့်ကို သတိရသွား၍ ခင်ခင့်အခန်းထံဦးတည်လိုက်သည်။
ခင်ခင် ထိုနေရာတွင် မပျော်ပါ။ ခင်ခင်သည် လူပိုတစ်ယောက်ပမာဖြစ်နေပြီ။
ယခင်နေခဲ့သောအိမ်ထက် ထိုနေရာသည် ပိုအဆင့်မြင့်သည် သို့သော် ခင်ခင့်အတွက်နွေးထွေးမှုမရှိ။
ခင်ခင် ခုံလေးပေါ်ထိုင်ရင်းငေးမှိုင်နေစဉ် တံခါးဖွင့်သံကြောင့် ခေါင်းလေးထောင်ကြည့်လိုက်တော့
"ခင်ခင်"
"မဟူရာ ငါအိမ်ပြန်ချင်တယ်"
သူမကိုဖက်ကာအားကိုးတကြီးပြောနေသည့် ခင်ခင့်ခေါင်းလေးကို မုန်းခပ်ဖွဖွလေးပွတ်သပ်ပေးရင်း
"ငါရှိတယ်လေ ခင်ခင်ရဲ့ ဘာလို့လဲ"
"ငါဒီမှာအရမ်းအထီးကျန်တယ် မဟူရာ ငါ့အနားမှာဘယ်သူမှမရှိဘူး"
ခင်ခင်ကငိုရင်းပြောနေသဖြင့်
"ငါရှိပါတယ် နင်ကလည်း"
"ငါအိမ်ပြန်ချင်တယ် မဟူရာ အမေနဲ့ အဘကိုလည်းလွမ်းတယ်"
မုန်း ခင်ခင့်ပုခုံးလေး၂ဖက်ကိုကိုင်လိုက်ကာ
"အင်း ပြန်ရမယ်နော် ငါနောက်ရက်ကျ မမယုကိုပြောပေးမယ် ငါတို့ပြန်လည်ကြမယ်နော် ခင်ခင်"
မုန်း၏စကားကိုကြားတော့ခင်ခင်ကဝမ်းသာအားရ မုန်းကိုထပ်မံပွေ့ဖက်လိုက်လေ၏။
"ကျေးဇူးပါ မဟူရာရယ် ငါနင့်ကိုချစ်တယ်နော်"
မုန်းသည်လည်း ခင်ခင့်နဖူးလေးကိုနမ်းပြီး ခင်ခင့်အားနူးညံ့စွာပြန်လည်ပွေ့ဖက်လိုက်လေသည်။
မုန်း ခင်ခင့်ကိုပြန်လည်ပွေ့ဖက်လိုက်သော်လည်း သူမ၏နှုတ်ဖျားမှ ချစ်တယ်ဆိုသောစကားတော့ထွက်မကျလာ။ ခင်ခင့် ခံစားချက်တို့ကို မုန်း ကစားခဲ့မိလေပြီ။
~~~~~
တိတ်ဆိတ်နေသော ထမင်းဝိုင်းကြီးဝယ် ငြိမ်သက်စွာ ညစာစားနေသည့်မိန်းကလေး၃ဦး။
မုန်းမှာ ထမင်းစားပွဲ၏ ထိပ်ဆုံးခုံတွင်ဖြစ်ကာ ခင်ခင် နှင့် ယု ကတော့ သူမဘေးတစ်ဖက်တစ်ချက်စီတွင်။
"မမယု ကျွန်မပြောစရာရှိလို့"
"ပြောလေ မုန်း"
"ကျွန်မ…ဟို ခင်ခင် နဲ့အတူ ရွာခနပြန်လည်ချင်လို့"
ညစာစားနေရင်းမှ မုန်းက တောင်းဆိုသောလေသံဖြင့်မဝံ့မရဲပြောလိုက်၍ ယု မျက်မှောင်ကြုံ့မိသည်။
"မုန််း နောက်ဆို ခုလိုမတောင်းဆိုပါနဲ့"
ယု၏ စကားကြောင့် မုန်းကမျက်နှာပျက်သွားသလို ခင်ခင်လည်းမျက်ရည်ဝဲလာ၏။
"ဒီလိုတောင်းဆိုတာ မုန်းရဲ့ ပုံစံမဟုတ်ဘူး ဒီအိမ်မှာမုန်းကအရှင်သခင်ပဲ အဲ့လိုတောင်းပန်တိုးလျှိုးတဲ့အသံနဲ့မပြောပါနဲ့"
ထိုအခါမှ မုန်း နှင့် ခင်ခင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိတော့သည်။
"ဪ ဒါဆို ကျွန်မတို့သွားလို့ရတယ်ပေါ့"
"မမယုတော့ ခုရက်ထဲမသွားစေချင်ဘူး မုန်း အန္တရာယ်များတယ် ရက်နည်းနည်းထပ်စောင့်ပါဦး"
မုန်း ခင်ခင့်ကိုလှမ်းကြည့်လိုက်ရာ ခင်ခင့်မျက်နှာလေးကညှိုးသွားသဖြင့်
"ကျွန်မသွားချင်တယ် မမယု"
"ရက်နည်းနည်းပဲစောင့်ပါမုန်းရယ် မမယုလည်းဒဏ်ရာသက်သာလာပြီဆို မုန်းနဲ့တူတူလိုက်ခဲ့လို့ရတာပေါ့"
မုန်းက ခေတ္တစဉ်းစားလိုက်ကာ
"ဒါဆိုလည်း မမယု သဘောပါ"
ခင်ခင်ကလည်းလက်ခံဟန်ဖြင့် ခေါင်းလေးငြိမ့်လေသည်။ ထိုစဉ်
"သခင်မလေး မုန်း ဧည့်သည်ရောက်ပါတယ်"
မုန်းက မျက်ခုံးလေးတစ်ဖက်ပင့်လိုက်ရင်း
"ဧည့်သည်"
"ဘယ်သူတဲ့လဲ မော်"
ယု က ကြားမှ ဝင်မေးလိုက်၍
"မမလေး လီလီ တို့ပါ"
အိမ်စေလေး၏ အဖြေကြောင့် ယု မျက်နှာက အလိုမကျပုံဖြစ်သွားသဖြင့် မုန်း လည်ပင်းလေးတစ်ချက်ကုတ်လိုက်ကာ
"ကျွန်မ မသိဘူး လီလီကဘယ်သူလဲ"
"မုန်းရဲ့သူငယ်ချင်းတွေ ကဲ မမယု ပါလိုက်ခဲ့ပေးမယ် သွားတာပေါ့"
ဧည့်ခန်းထဲဝင်လာသော မုန်းကိုတွေ့လိုက်သည်နှင့် လီလီက ဝမ်းသာအားရ မုန်းထံပြေးလာသဖြင့် ယု ရှေ့ကနေ အသာကာရပ်လိုက်ကာ
"မုန်းကိုစိတ်ရှုပ်အောင်မလုပ်ပါနဲ့"
လီလီ ယု ကို စူးစိုက်ကြည့်လိုက်ပြီး
"ကျွန်မ ကိစ္စပါ"
သူမကိုအကျောတင်းစွာပြန်လည်တုံ့ပြန်လာသည့် လီလီ့ကြောင့် ယု တစ်ချက်ပြုံးလိုက်ကာ
"မုန်းနဲ့ပတ်သက်ရင် တို့အကြောင်း..မင်းသိမယ်ထင်ပါတယ်"
ယု က ထိုတစ်ခွန်းပြောကာ ထွက်သွား၍ မုန်း လီလီတို့နှင့်စကားထိုင်ပြောဖြစ်သည်။
လီလီ နှင့် ရူဘီက မုန်းကိုပြန်တွေ့သဖြင့် ဝမ်းသာနေကြသော်လည်း လွင်မင်းမောင်ကတော့ မျက်နှာသိပ်မကောင်း။
"ခုန မိန်းကလေးတစ်ယောက်မြင်လိုက်တယ် မုန်း ဘယ်သူလဲသူက"
လီလီရည်ရွယ်သူမှာ ခင်ခင်မှန်းသိ၍ မုန်း တစ်ချက်ပြုံးလိုက်ပြီး
"ငါ့ချစ်သူပါ"
မုန်း၏အဖြေကြောင့် လီလီမျက်လုံးပြူးသွားကာ ရူဘီနှင့်လွင်ကလည်း အံ့ဩနေပုံ။ မုန်း နှင့် ယု ဆက်ဆံရေးကို လီလီတို့လည်းသိသင့်သလောက်သိပါသည်။
"ဘာလို့လဲ"
"ဪ ဘာ ဘာမှမဟုတ်ပါဘူး"
မုန်း၏အမေးကို ရူဘီကပြန်ဖြေလိုက်ပြီး
"မုန်း ငါတို့တူတူမသောက်ရတာကြာပြီ နောက်နေ့ တူတူဘားသွားရအောင်"
"အင်း ငါသိပ်မမှတ်မိလို့ နင်တို့လာခေါ်လေ ဒါမဲ့ နောက် ၄ ၅ ရက်ဆို ငါ ခင်ခင့်မိဘတွေဆီသွားမှာမို့သိပ်တော့မအားဘူး"
"နင် အားတဲ့ချိန်သွားကြမယ်လေ"
ရူဘီနှင့် လီလီ တို့ မုန်းနှင့်တစ်ဝကြီးစကားထိုင်ပြောနေစဉ် လွင်ကတော့ သိပ်မပြောဖြစ်။ စီးကရက်သာ ထိုင်သောက်နေ၏။
လီလီ တို့နှင့်စကားပြောပြီးနောက် အချို့သောမှတ်ညဏ်အပိုင်းအစ လေးတို့က မုန်း၏ဦးနှောက်ထဲပြန်ဝင်လာလေသည်။
"ကျွန်မကိုသဝန်တိုခွင့် မမယုမှာရှိသလား"
"မုန်းအနားကကောင်မလေးတွေကို မမယု မုန်းတယ်"
ပြန်လည်ကြားယောင်လာသည့်စကားသံအချို့နှင့်အတူ မှန်ကွဲစများကြားမှ ယု။ ယု ကို နှိပ်စက်နေသည့် သူမကိုယ်သူမ။ ထိုအာရုံတို့ကြောင့် မုန်း သက်ပြင်းလေးတစ်ချက်ချမိသည်။
"ဟူး ငါနဲ့မမယုကဘယ်လိုတွေပါလိမ့်"
~~~~~
"မဖြစ်နိုင်ဘူး ယု ဒယ်ဒီ စိတ်မချဘူး"
အရေးပိုင်မင်းယနေ့ အိမ်သို့ ရောက်လာ၍ယု မုန်းပူဆာသည့်အကြောင်းကိုပြောပြလိုက်ရာ အရေးပိုင်မင်းက အလိုမကျ။
"ယု လည်းလိုက်သွားမှာပါ ဒယ်ဒီ"
အရေးပိုင်မင်းက ဆေးတံကို လက်ထဲလှည့်နေရင်း
"မုန်းကိုတကယ်အဲ့မိသားစုနဲ့မဆက်ဆံစေချင်တော့ဘူး"
"ဒါပေမဲ့ သူတို့ကမုန်းရဲ့အသက်သ…"
ယု အရေးပိုင်မင်းကိုအထွန့်မတက်ရဲသော်လည်း အရဲစွန့်ကာပြောလိုက်တော့ အရေးပိုင်မင်းက မျက်မှောင်ကြုံ့လိုက်သဖြင့် ယု ဆက်မပြောရဲတော့။
"မုန်းကိုဒယ်ဒီသွားခွင့်မပြုနိုင်ဘူး ယု သူ့ကိုပြောလိုက် လက်မခံရင်ဒယ်ဒီကိုယ်တိုင်ပြောမယ်"
"ဟုတ်ကဲ့ ဒယ်ဒီ"
အရေးပိုင်မင်း၏စကားတို့ကြောင့် မုန်း သက်ပြင်းချမိပြန်ပြီ။ ခင်ခင့်မိသားစုကို ဒယ်ဒီကဘာ့ကြောင့် သဘောမကျလဲ မုန်းစဉ်းစားမရ။ ပထမစံအိမ်မှာတုန််းက ယု အား ခင်ခင့်ကိုအရေးမပေးရန်တားနေသည်ကို ကြားလိုက်သဖြင့် မုန်း ယခုလည်း အရေးပိုင်မင်းဘာပြောမလဲ ချောင်းနားထောင်နေမိသည်။
"ဒယ်ဒီ ခင်ခင့်ကိုလက်ခံလာမှဖြစ်မယ်"
~~~~~
"ကျွန်မသွားချင်တယ် မမယု အရီးတို့ကိုကျွန်မလွမ်းတယ်"
"မမယု နားလည်ပါတယ် ဒါပေမဲ့ စိတ်မချလို့ပါကွယ်"
မုန်းအား ယု ထိုစကားပြောနေသည်မှာ ၃ရက်ရှိပြီ။ သိူ့သော် မုန်းကခေါင်းမာနေဆဲ။
"မမယုလက်မခံလည်းကျွန်မသွားမယ်"
မုန်းက တစ်ဇွတ်ထိုးပြောကာ စံအိမ်အောက်ထပ်သို့ဆင်းသွားစဉ် အမောတကြီးဝင်လာသည့် အိမ်အကူလေးမှ
"အစ်မခင်ခင် တို့ မိဘတွေဆုံးပြီတဲ့"