နွေးဦးငယ်ငယ် - Episode 11



လပတ်စာမေးပွဲများပြီးတော့ ဇူလီတို့ကျူရှင်သမားများ ပိတ်ရက်၂ရက်ရ၏။ ပထမရက်က ရီရီတို့ကျောင်းပိတ်ရက်ဖြင့်တိုက်၍ ရီရီဆီသို့အလည်သွား၏။ ဒုတိယရက်ကိုတော့ စိမ်းလဲ့ညိုနှင့်အတူ ဂေဟာသို့သွားကြမည်။ 


“နင့်ကိုသေပြီထင်နေတာ။ နင့်အဖေပြောပြလို့သာ နင်အသက်ရှင်နေသေးမှန်းသိတာ သိလား” 


မရောက်တာကြာပြီဖြစ်သော တောဝန်းဟာ ယခင်ကထက်ပို၍ စိမ်းစိမ်းစိုစိုရှိလာ၏။ ပုစဉ်းရင်ကွဲသံများဟာလည်း ယခင်ကထက်ပို၍ဆူလာပါသည်။ 


“နင့်ရဲ့အချစ်ရေးခရီးလေး ဆိုစမ်းပါအုံး” 


ရီရီ၏အမေးကို ဇူလီကစိတ်ညစ်သွား၏။ သူမ၏အချစ်ရေးကို မည်သို့မည်ပုံစ၍ပြောရမည်မှန်းတောင်မသိပါ။ 


“ဘာပြောရမှန်းတောင်မသိဘူး” 


ဇူလီကစိတ်ညစ်ညစ်ဖြင့်ဖြေတော့ ရီရီကရယ်နေ၏။ 


“ငါပြောသားဘဲ စိမ်းလဲ့ညိုကို မချစ်ပါနဲ့လို့။ နင်ကအရူးဘဲ သိလား။ ဟိုက မိန်းကလေးချင်းကြိုက်တာကိုလက်ခံနိုင်လား လက်မခံနိုင်လားလည်းမသိ။ နင့်ဟာက ဘာမှမသေချာမရေရာနဲ့ဟာ။ နောက်တစ်ယောက်သာပြောင်းလိုက်စမ်းပါ” 


စိမ်းလဲ့ညိုဟာ ဗမာဝမ်းဆက်တွေ အမြဲဝတ်ဆင်တတ်ပေမယ့် ခေတ်ရှေ့ပြေးသည့်အမျိုးသမီးပါ။ မိန်းကလေးချင်းကြိုက်နှစ်သက်သည်ကို သူဘယ်လို‌ေတွးထင်ထားသည်မသိပေမယ့် လွန်လွန်ကျူးကျူးတော့ပြောဆိုမည်မထင်ပါ။ လက်မခံနိုင်ဘူးဆိုရင်တောင် စိမ်းလဲ့ညိုကပြုံးပြုံးကလေးဖြင့် ငြင်းပယ်မည့်မိန်းမမျိုးဖြစ်၏။ (သို့ပေမယ့်လည်း ဒါက ဇူလီ့စိတ်အထင်သာဖြစ်၏) အကယ်၍များ ဇူလီဖွင့်ပြောသည့်အခါ သူအရင်ကပြောသလို ‘ကျေးဇူးတင်ပါတယ်’ လို့ဘဲပြောမလား ဒါမှမဟုတ် သူမ၏ အညိုရောင်မျက်ဝန်းများဖြင့် လူကိုရွံမုန်းစွာခဲလေမလား။ 


“ဇူလီ ငါကတော့နင့်အစားရင်မောတယ် သိလား။ စိမ်းလဲ့ညိုက နင်လိုချင်တဲ့အရာကို ပြန်ပေးနိုင်တဲ့မိန်းမမျိုးမဟုတ်ဘူး။ သူက အရင်ကတောင် သူ့ရည်းစားကောင်လေးနဲ့ထွက်ပြေးဖူးတာကို”


ရီရီက ထိုသို့ပြောပြီး ကန်တော့ပါရဲ့ ဟုပြန်ပြော၏။ 


“အင်း သိတယ်” 


စိမ်းလဲ့ညို၏အတိတ်နှင့်ပတ်သက်၍ ဘယ်သူတွေဘယ်လိုပြောပြော ဇူလီဂရုစိုက်မည်မဟုတ်ပါ။
သူမဟာ မနက်ဖြန်ဂေဟာသွားသည့်နေ့၌ စိမ်းလဲ့ညိုမည်သည့်ဝမ်းဆက်ဝတ်ဆင်လာမည်ကိုသာ စိတ်ဝင်စား၏။ 


“အေးလေ အဲ့မှာသာကြည့် စိမ်းလဲ့ညိုက ယောက်ျားလေးတွေကိုဘဲကြိုက်တာ။ မိန်းကလေးမဟုတ်ဘူး။ စိမ်းလဲ့ညိုလိုလူမျိုးက မိန်းကလေးတစ်ယောက်ကို သူ့ချစ်သူရည်းစားအဖြစ် လက်ခံလိမ့်မယ်လို့ နင်ထင်နေတာလား။ သူအခုချိန်ထိ ဘာလို့ရည်းစားထပ်မထားသလဲဆိုတာရော နင်မစဉ်းစားမိဘူးလား။ ဟိုက သူ့အရင်ရည်းစားကိုမမေ့သေးလို့ပေါ့” 


ရီရီဟာ ဇူလီ့ကိုစိတ်ပူ၍ သတိကြီးကြီးပေးနေတာဖြစ်၏။
နှစ်ယောက်အတူထွက်ပြေးဖို့အထိတောင်စီစဉ်ခဲ့ကြမှတော့ မခွဲနိုင်တဲ့အထိကိုချစ်ခဲ့ကြတယ်ဆိုတာ ဇူလီသိပါသည်။
စိမ်းလဲ့ညိုက ထိုအတိတ်ကအမျိုးသားကို မခွဲနိုင်သည်အထိချစ်ခဲ့တာ။ 


“သိပါတယ် ခဏခဏမပြောပါနဲ့” 


စိမ်းလဲ့ညိုဟာ ဇူလီ့ကိုပြန်ချစ်မည့်မိန်းမမျိုးမဟုတ်မှန်း ဇူလီသိလာ၏။ ဇူလီ့အပေါ်ထားသည့် စိမ်းလဲ့ညို၏သဘောထားများဟာ ညီမလေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုသာဖြစ်၏။ 


“ငါလည်းသူ့ကိုဖွင့်ပြောမှာမဟုတ်ပါဘူး။ အခုလို နေ့တိုင်းလေးတွေ့နေရလည်း ငါ့အတွက်အဆင်ပြေတယ်” 


“နင်က အလကားအချိန်တွေဖြုန်းနေတာဘဲ။ အချစ်ရေးမှာ နွားကျတယ်ဆိုတာ ဒါမျိုး” 


လူတစ်ယောက်ကို ချစ်ခြင်းမေတ္တာတွေပေးတယ်ဆိုတာ ကောင်းမွန်သည့်အရာပါ။ ဇူလီကတော့ တန်ပြန်ရဖို့ရည်ရွယ်ချက်နဲ့ ပေးသည်မဟုတ်။ သူမရဲ့မေတ္တာတွေနဲ့ စိမ်းလဲ့ညိုအေးချမ်းနေဖို့သာ ရည်ရွယ်၏။ 


အိမ်အပြန်လမ်းမှာ ဇူလီက နွယ်ပန်းအဝါများခူးလာခဲ့သည်။ ထိုပန်းအဝါများကို ချစ်ရသူ၏ဆံနွယ်မှာ သင့်တယ်စွာနွယ်စေလို၏။ စိတ်ကူးဖြင့်ပုံဖော်သည်တောင် ထိုမြင်ကွင်းဟာသိပ်လှသည်။ 


"ဘယ်ကပြန်လာတာလဲ။ ထမင်းရော စားခဲ့ပြီလား" 


စိမ်းလဲ့ညို၏အမေးကို ဇူလီကခေါင်းခါပြသည်။ ပြီးနောက် မှန်ခုံလေးမှာ ပန်းများသွားတင်ပေး၏။ 


"ထမင်းလေးစားသွားပါလား အတူစားကြမယ်လေ" 


ဇူလီ့ကျောများ မတ်သွား၏။ 


"အစ်မက ထမင်းမစားရသေးဘူးလား" 


"အင်း စောနေသေးလို့လေ" 


ဇူလီကြားဖူးတာတော့ စိမ်းလဲ့ညိုဟာ အစားအသောက်ကို အချိန်မှန်မှန်စားတဲ့လူတဲ့။ 


"ဇူလီ နေပူတယ် အထဲဝင်လာကွယ်" 


လေသာဆောင်မှာ ပန်းများကြည့်နေသည့်ဇူလီ့ကို စိမ်းလဲ့ညိုက ထိုသို့‌ခေါ်ပြော၏။ စိမ်းလဲ့ညို၏လေသာဆောင်ဟာ ယခင်ကလိုခြောက်ကပ်ကပ်မဟုတ်တော့။ ပန်းအိုးကလေးများဖြင့် ဝေဆာလာနေပြီ။ အများဆုံးက ဒေစီပန်းများဖြစ်၏။ ဇူလီ၏အခန်းကဲ့သို့ပင် ဒေစီပန်းလေးများရှိနေသည်ကိုတွေးမိတော့ သူ့မှာပျော်လိုက်ရသေးသည်။ 


"ဇူလီ" 


ပန်းများကိုငေးနေသည့်ဇူလီ့အား ထိုမိန်းမက ခါးလေးကိုခပ်ဖွဖွလာကိုင်သည်။ ဇူလီ လန့်သွား၏။ 


"နေပူတယ်လို့" 


နွေလများ၏အပူချိန်ဟာ နောက်စရာတော့မဟုတ်ပါ။ နေမထိုးရင်တောင် လေပူတွေကြောင့် စိတ်ညစ်ရ၏။ 


"ဘယ်ကပြန်လာတာလဲ။ ဒီလောက်ပူတာကို လျောက်သွားနေပြန်ပြီလား" 


ဇူလီ့ဆီမှ နေနံ့များရပါသည်။ 


"တောဝန်းက"


"ဒီလောက်ပူနေတာကို အိမ်မှာလေးနားနား နေနေ နေပါလား" 


စိမ်းလဲ့ညိုက ထိုသို့ပြောပြီး တစ်နေရာသို့ထသွားကာ တစ်ခုခုသွားရှာနေ၏။ ထိုအချိန် တံခါးခေါက်သံထွက်လာပြီး စိမ်းလဲ့ညို၏မိခင်ဖြစ်သူဝင်လာ၏။ 


"ဇူလီ ထမင်းလေးစားပြီးမှပြန်နော်" 


စိမ်းလဲ့ညိုအမေပေးသည့် သံပုရာခွက်ကို ဇူလီကတရိုတသေလှမ်းယူ၏။ 


"ဟိုဟာ ချက်ပြီးသွားပြီလားဟင်" 


ဇူလီ ဒီအိမ်မှာထမင်းမစားချင်ပါ။ အရင်နေ့တွေကလည်းခေါ်လို့ သူမ ခဏခဏငြင်းဖူးပါသည်။ 


"ဘာဖြစ်လို့လဲ" 


တစ်ခုခုကိုင်ပြီးလာနေသည့်စိမ်းလဲ့ညိုက ဇူလီအင်တင်တင်ဖြစ်နေသည်ကိုကြည့်ကာ ရယ်နေ၏။ ဇူလီက သူမအမေကို ထမင်းစားဖို့ကိစ္စငြင်းရမှာအားနာနေဟန်တူပါသည်။ 


"သူမဆာသေးလို့ပါတဲ့။ လမ်းမှာ တစ်ခုခုစားလာတယ်ပြောတာဘဲ" 


ဇူလီ့ဘေး၌ထိုင်ချလိုက်သည့် စိမ်းလဲ့ညိုက သူ့မိခင်ကိုထိုသို့ပြောပေး၏။


"ဪကွယ် အခုမဆာသေးလည်း ခဏနေဆာလာမှာပေါ့။ ဆာတဲ့ခါစား‌သွား။ အိမ်အတွက်ပါယူသွား" 


ဇူလီ မည်သို့တုံ့ပြန်ရမည်မှန်းတောင်မသိတော့ပါ။ စိမ်းလဲ့ညိုက ကာမပြောပေးတော့ဘဲပြုံးကာကြည့်နေသည်ဆိုကတည်းက ဇူလီ့ကိုမငြင်းစေချင်လို့ဖြစ်၏။ ဇူလီ မငြင်းဖြစ်တော့။ 


"ဒီလောက်နေတွေပူနေတာကို အပြင်တွေလျောက်သွားနေတယ်"


အန်တီသိမ့်က သူထွက်မသွားခင် ဇူလီ့ကိုအပြင်တွေလျောက်မသွားဖို့မှာသွား၏။ 


"မေမေက ဇူလီ့ကို ထမင်းခေါ်ကျွေးဖို့ အမြဲပြောပြောနေတာ သိလား" 


စိမ်းလဲ့ညိုက ပြောပြောဆိုဆိုဖြင့် ဇူလီ့လက်ကလေးကိုကောက်ကိုင်သည်။ ပြီးတော့ အင်္ကျီလက်ကို သေချာသပ်ရပ်စွာ ခေါက်တင်ပေး၏။ 


"ကြည့် အသားတွေမညီမညာဖြစ်ကုန်ပြီ" 


ဇူလီက ရှက်လည်းရှက်သည် စိမ်းလဲ့ညို၏ အထိအတွေ့ကိုလည်း သာယာချင်သေး၏။ 


"ဒီလိုအပူရှိန်နဲ့ မူးဝေတာ ချွေးထွက်လွန်တာ ဦးနှောက်သွေးကြောပြတ်တာတွေဖြစ်တတ်တယ်။ အပြင်တွေလျောက်မသွားပါနဲ့တော့လား ဇူလီရယ်" 


ထိုမိန်းမက သူယူလာသည့်lotion တစ်မျိုးကို သူ့လက်ဖုဝါးကလေးနှစ်ဖက်မှာ ညှစ်ချ၏။ 


"ကျွန်မကိုအပြင်မသွားစေချင်ရင် ကျူရှင်ကိုမပိတ်ခိုင်းမှဘဲရမယ်" 


ဇူလီ့စကားကြောင့် စိမ်းလဲ့ညိုကပြုံးသွားသည်။ သူမလက်များက ဇူလီ့လက်ကလေးပေါ် အထက်အောက်ပြေးလွှားနေ၏။ ရနံ့သင်းသင်းလေးတစ်မျိုးကိုလည်း ရသည်။ 


"အမှတ်စာရင်းတွေ သိရပြီလား" 


"ကျူရှင်ဖွင့်ရက် သိရမယ်ထင်တယ်" 


စိမ်းလဲ့ညိုက ဇူလီ့အခြားလက်တစ်ဘက်ကို လှမ်းဆွဲ၏။ ခုနကလိုပင် lotion လိမ်းပေးပြန်သည်။ စိမ်းလဲ့ညို၏ လက်ဖုဝါးများဟာ နူးညံ့၏။ စိမ်းလဲ့ညိုထိလိုက်သည်ကြောင့်လားမသိ ဇူလီ့အသားအရေများဟာ အေးစိမ့်လာ၏။ ဆန့်ကျင်စွာပင် မျက်နှာကတော့ ပူလာသည်။ 


"ဖြေနိုင်ခဲ့တယ်မလား" 


စိမ်းလဲ့ညိုက သူမအင်္ကျီလက်များကို ပြန်ချပေးပြီး ပစ္စည်းပြန်ထားရန် ထသွား၏။ ဆံနွယ်ထက်၌ အဝါရောင်ပန်းများကိုတွေ့ရသည်။ စိမ်းလဲ့ညိုက သိပ်ကိုလှ၏။ ဇူလီက သူ့လက်ကိုသူပြန်မွှေးကြည့်နေသည်။ စိမ်းလဲ့ညိုနှင့်အတူ lotion တစ်ခုတည်းကိုလိမ်းရသည်ဟူသောအသိက သူမစိတ်ကို ကဆုန်ပေါက်ပြေးလွှားစေ၏။ 


"အင်း အမှတ်တော့ကောင်းမှာပါ" 


ထိုစကားကိုပြောပြီးခါမှ ဇူလီက သူ့ပါးသူပြန်ရိုက်ချင်လာသည်။ အမှတ်စာရင်းထွက်လာလို့ ရလဒ်မကောင်းရင် ရှက်စရာတွေဖြစ်တော့မည်။ 


"နေတွေပူတယ် ဇူလီရယ်။ နောက်နေ့ ကျူရှင်ကို အစ်မနှင့်အတူသွားကြမလား။ လမ်းခရီးလည်းစိတ်ချရတယ် မိုးဒဏ်၊လေဒဏ်လည်းခံတယ် " 


ဇူလီက ပျော်သွားပေမယ့် သူများကိုတော့ အားနာတတ်ရမည်။ အကြိုအပို့နှင့် စိမ်းလဲ့ညိုဟာ တကူးတကအလုပ်များမည်ဖြစ်၏။ 


"ရပါတယ်။ အဖေက ဆိုင်ကယ်ဝယ်ပေးမယ်လို့ပြောတယ်" 


"အင်း ဒါဆိုလည်း ဒီဟာလေးတော့ ယူသွားပါလား အသားအရေအတွက်ကောင်းတယ်လေ။ ရေချိုးပြီးတိုင်းလိမ်းပေးရင် အသားတွေပြန်ညီလာလိမ့်မယ်" 


စိမ်းလဲ့ညိုက ခုနကlotion ဘူးကိုပင် ပြန်ထုတ်ယူပြီးဇူလီ့ကိုပေးလာ၏။ 


"ကျွန်မမှာရှိပါတယ်" 


"ရှိလည်းယူသွားပါ။ ပေးချင်လို့" 


ဇူလီက ခေါင်းခါပြ၏။ စိမ်းလဲ့ညိုက သူမကိုထပ်မပေးတော့။ ထိုအစား အိမ်မှာထမင်းစားသွားဖို့ ထပ်ပြောလာ၏။ 


"စွတ်ပြုတ်ကိုများများသောက်နော် ဇူလီ။ ဒါမှအားရှိမှာ" 


ဝက်ရိုးကို မုန်လာဥအဖြူအနီအပြင် ပြောင်းဖူးဖြင့် စွတ်ပြုတ်လုပ်ထား၏။ ဇူလီ သိပ်ကြိုက်ပါသည်။ အိမ်မှာလည်း သူမမေမေက ခဏခဏချက်ကျွေးတတ်၏။ 


"အန်တီသိမ့်ကရော ဝင်မစားဘူးလားဟင်" 


သူမအတွက် ဟိုဟင်းကော်ဒီဟင်းခတ်ဖြင့် အလုပ်ရှုပ်နေသော အန်တီသိမ့်ကို ဇူလီကထိုသို့မေးမိ၏။ အန်တီသိမ့်က သူမကိုသာ အရင်စားဖို့ပြောလာသည်။ ဇူလီက အားနာလာ၏။ သူမစားနေတုန်း အန်တီသိမ့်က ဝက်ခေါက်သုပ်ဆိုပြီး သွားယူနေပြန်သည်။ ဒီတစ်ခါတော့ စိမ်းလဲ့ညိုပါလိုက်သွား၏။ 


"မေမေ့အတွက် စိမ်း ထမင်းခူးလိုက်မယ်နော်” 



စိမ်းလဲ့ညိုက ပြောပြောဆိုဆိုဖြင့် ထမင်းခူးနေပြီဖြစ်၏။ 



“နေပါစေ ဇူလီအရင်စားပါစေတော့။ တော်ကြာ မေမေဝင်ထိုင်လိုက်မှထမင်းကို ဟုတ်တိပတ်တိမစားဘဲနေလိမ့်အုံးမယ်” 


အန်တီသိမ့်က ထမင်းစားပွဲမှဇူလီ့ကို ချောင်းကြည့်လိုက်သေးသည်။ 


"သူအနေရခက်မှာစိုးလို့ပါ။ ကလေးမက ရှက်တတ်တော့" 


"ရပါတယ်။ ဝင်စားလိုက်နော် မေမေ။ စိမ်း ထမင်းခူးထားနှင့်မယ်" 


စိမ်းလဲ့ညိုက ပန်းကန်တစ်ချပ်ကိုယူပြီး ထွက်သွားသည်။ အန်တီသိမ့်က နေရာမှာတင်ငြိမ်နေမိသေး၏။ 


"ဝက်ခေါက်သုတ်က စပ်တယ်။ မာလာ‌အနှစ်တွေပါလို့လေ။ နင့်အစ်မစိမ်းလဲ့ညိုကတော့ ဒါကိုလုံးဝမစားနိုင် အန်တီတို့ကကြိုက်" 


"ဟုတ်" 


ဇူလီက အန်တီသိမ့်ကိုတောင် သိပ်မကြည့်ရဲ။ ပထမဆုံးမို့ ရှက်၏။ စိမ်းလဲ့ညိုကတော့ ဇူလီ့ကိုဝက်ခေါက်ဖတ်များထည့်ပေးနေသည်။ စပ်နေမည်စိုး၍ ငရုတ်သီးဖတ်များပါဖယ်ပေးလာသည်။ ဇူလီက ထမင်းကိုတိတ်ဆိတ်စွာစားနေ၏။ စိမ်းလဲ့ညိုက သူမ စားနေသည်ကိုသာပြုံးပြုံးလေးထိုင်ကြည့်သည်။ 


"ထမင်းထပ်ယူပါလား" 


စိမ်းလဲ့ညိုက ထမင်းအနည်းငယ်သာကျန်တော့သည့်ဇူလီ့ပန်းကန်ထဲ ထမင်းထပ်ထည့်ဖို့လုပ်၏။ ဇူလီက ခေါင်းခါပြရသည်။ 


"ယူပါ။ နည်းနည်းလေးဖြစ်ဖြစ် နော်"


စိမ်းလဲ့ညိုက အမြဲဒီလိုဘဲ။ သူကျမစားဘူး။ 


"နည်းနည်းလေးပါဘဲ။ ဒါပြီးရင် ထပ်မထည့်တော့ဘူးနော်" 


ထမင်းတစ်ဇွန်းဟာ ဇူလီ့ပန်းကန်ထဲရောက်လာ၏။ 


"မေမေရော ယူပါအုံးလား" 


"တော်ပြီ မေမေကဝပြီ။ ဇူလီ စားမနိုင်ရင် ပန်းကန်ထဲချန်ထားခဲ့နော်။ မနုရေ ကလေးကို စွတ်ပြုတ်လေးထပ်ထည့်ပေးပါအုံး" 


ကလေးဆိုသည့်အသုံးအနှုန်းဟာ ဇူလီလို ကြီးကောင်ကြီးမားအတွက် အနည်းငယ် ကြားရခက်သည်မလား။ 


စိမ်းလဲ့ညိုထည့်ပေးလာသည့်ထမင်းကုန်သွားတော့ ဇူလီ့ကျော့များကော့လာ၏။ သူမဗိုက်ဟာ ပြည့်သည်ထက်ကိုပိုသွားပါပြီ။ 


"ဗိုက်ပြည့်ပြီလား" 


"ဟုတ်" 


စိမ်းလဲ့ညိုက ပြုံး၏။ ကျေနပ်သည်ထင်သည်။ 


"လေးနုရေ ပန်းကန်တွေသိမ်းလိုက်တော့နော်။ လာ ဇူလီဧည့်ခန်းထဲသွားထိုင်ကြရအောင်" 


စိမ်းလဲ့ညိုက သူမလက်ကိုထဆွဲသည်။ အန်တီသိမ့်က သူမ ပြန်တော့မည်ထင်၍ မီးဖိုခန်းကနေ ချိုင့်လေးယူသွားဖို့ အော်ပြောလာသေးသည်။ 
ဧည့်ခန်းထဲထိုင်နေစဉ် လေးနုက လက္ဘက်ပန်းကန်လာချပေးသွား၏။ ဇူလီက ဘာမှထပ်မစားနိုင်တော့။


"မနက်ဖြန် ကလေးတွေကို ကျန်းမာရေးစစ်ပေးဖို့ ကျန်းမာရေးဝန်ထမ်းတွေ ဂေဟာကိုလိုက်လာလိမ့်မယ်" 


စိမ်းလဲ့ညိုက သွားသည့်ရက်မှာ လူအများဖြင့် ဇူလီအနေရခက်မည်စိုး၍ ထိုကိစ္စကို ကြိုအသိပေး၏။ ဇူလီက ဟုတ်ကဲ့ ဟုသာပြန်ပြောလိုက်သည်။ 


"ခါတိုင်းထက်ပိုကြာမှာမို့ ဇူလီ လိုက်ချင်ရဲ့လား" 


"ရပါတယ် ကျွန်မက စောင့်တဲ့နေရာမှာ စိတ်ရှည်ပါတယ်" 


ထိုစကားကြားတော့ စိမ်းလဲ့ညိုက ရယ်ချ၏။ ဇူလီ သူမအမေနောက်သို့ မငြီးမငြူဖြင့် အမြဲတကောက်ကောက်လိုက်တတ်သည်ဟာ သူမ စိတ်ရှည်ခြင်း၏သာဓကဖြစ်၏။ 


"ဇူလီ သမီး ပြန်ရင်ချိုင့်လေးယူသွားနော်" 


စိမ်းလဲ့ညို၏မိခင်ဖြစ်သူက ဟင်းထည့်ထားသည့်၂ဆင့်ချိုင့်ကို ဇူလီ့ရှေ့ထိုးပေးလာ၏။ စွတ်ပြုတ်များဖြစ်လောက်ပါသည်။ 


သူမတို့စကားပြောနေစဉ်မှာပင် ပေါ်တီရှေ့ ကားတစ်စီးဆိုက်လာ၏။ 


"အယ် ဖေကြီး ဒီနေ့ပြန်လာတာစောတယ်ရော" 


ထိုစကားကို နူတ်မှထွက်လာသည့်လူဟာ စိမ်းလဲ့ညိုမဟုတ်။ ညနေ၄နာရီသာရှိသေးသည် စိမ်းလဲ့ညို၏ဖေဖေ ဆေးရုံမှပြန်လာပြီဖြစ်၏။ ဦးကျော်မင်းနောင်ဟာ အပြင်ဆေးခန်းမထိုင်သည်မို့ တစ်ခါတစ်ရံ အိမ်စောစောပြန်လာတတ်၏။ 


"ထမင်းစားတော့မလား" 


"ခဏအရင်နားလိုက်အုံးမယ်။ ပြီးမှအေးဆေးစားတာပေါ့" 


ဦးကျော်မင်းနောင်က သူ့မိန်းမကိုပြုံးပြလိုက်ပြီး ဇူလီတို့ဘက်လှည့်လာသည်။ 




“ဇူလီရောက်နေတာလားဝေ့” 


ဦးကျော်မင်းနောင်က သူမကို ပြုံးပြနုတ်ဆက်ပါသည်။

”


စားပြီးသွားပြီလား”


“ဟုတ်ကဲ့ ဦးကြီး” 


ဦးကျော်မင်းနောင် သူ့အခန်းဟုထင်ရသည့်ဘက် ထွက်သွား၏။ သူ့သမီးစိမ်းလဲ့ညိုကို နုတ်ဆက်စကားတောင်ဆိုမသွားပါ။ စိမ်းလဲ့ညိုကလည်း သူ့အဖေပြန်လာသည်ကို အဖက်ပင်မလုပ်။ စိမ်းလဲ့ညိုနှင့် ဦးကျော်မင်းနောင်ဟာ အဖေနှင့်သမီးဖြစ်ပါစေအုံး ခပ်တန်းတန်းသာနေကြ၏။ သူတို့၂ဦးစကားပြောကြတာမျိုးကို ဇူလီ တစ်ခါမျှမမြင်ဖူးပါ။ စိမ်းလဲ့ညိုဆီမှ သူ့အဖေအကြောင်းပြောပြသည်ကိုလည်း ဇူလီတစ်ခါမျှမကြားဖူး။ 


ဇူလီထိုအိမ်ကနေ ချိုင့်ဆွဲပြီးပြန်လာခဲ့၏။ သူပြန်လာတိုင်း စိမ်းလဲ့ညိုဟာ သူမအတွေးထဲပါလာတတ်ပါသည်။ ဇူလီကြားဖူးသလောက်ကတော့ စိမ်းလဲ့ညိုပြသနာ၏အရင်းခံသည် သူ့ဖခင်ဖြစ်သည်ဟုဆို၏။ မိုးသည်းသည့်ညက စိမ်းလဲ့ညိုကို ပထမဆုံးရှာတွေ့ခဲ့သူဟာ သူ့ဖခင်ဖြစ်ပါသည်။ ထိုညက ဘာတွေများဖြစ်ခဲ့သည်လဲ။ ပြသနာဟာ ဘယ်လောက်ထိကြီးလို့ နှစ်များစွာကြာသည်အထိ သားအဖနှစ်ဦးဟာ စကားမပြောနိုင်ဖြစ်ကြရသည်လဲ။ မသိချင်ပါဘူးဟု ကြုံးဝါးထားသည့်ဇူလီက တစ်ခါတစ်လေတော့လည်း ထိုပြသနာအစအဆုံးကို သိချင်ပါသည်။ စိမ်းလဲ့ညိုရဲ့အကြောင်းဘဲမဟုတ်လား။ သူမ မလိမ်ချင်ပါ။ ဘယ်သူမဆို ကိုယ်ချစ်ရသူရဲ့ ပျော်ရွင်မူ၊ နာကျင်မူတွေကို စဆုံးသိချင်တတ်ပါသည်။ စိမ်းလဲ့ညိုရဲ့ ဒဏ်ရာဟာ ဘယ်အတိုင်းအတာထိနက်ပါသလဲ။ ထားပါလေ သူမအလျင်မလိုပါ။ စိမ်းလဲ့ညိုက သူမကိုထိုအကြောင်းတွေ တစ်နည်းနည်းဖြင့်ပြောပြလာပါလိမ့်မည်။ စိမ်းလဲ့ညိုက သူမကို ယုံသည်လေ။ 


........


ဂျွန်လများ၏အပူရှိန်ဟာ လူကောင်းတစ်ယောက်ကိုပါ ရူးစေနိုင်၏။ ထိုအပူတွေကြားမှပင် ဂေဟာဆီဆို့ ချီတက်နေကြသော ကား‌ကလေးများ။ ဇူလီတို့ကားအပါအဝင် အခြားကျန်းမာရေးဝန်ထမ်းများရဲ့ကား နောက်တစ်စီးရှိပါသေးသည်။ 


"အလုပ်များလွန်းလို့ ဒီဘက်မရောက်ဖြစ်တာတောင်ကြာပေါ့။ စိန်ပန်းတွေပွင့်တာတောင် အရင်လို ဓာတ်ပုံလာမရိုက်အားတော့ဘူးရယ်" 


ကားရှေ့ခန်းမှာ စိမ်းလဲ့ညိုနှင့်အတူထိုင်သည့်ဆရာဝန်မဟာ စကားအတော်ပြောနိုင်ပါသည်။ အသက်ကတော့ ဇူလီလည်းမခန့်မှန်းတတ်ပါ။ ဆရာဝန်မများဟာ နုကြသည်ဟုကြားဖူး၏။ ကားနောက်ခန်းမှာ ဇူလီနှင့်အတူ အခြားဆရာဝန်မတစ်ယောက်ကထိုင်၏။ သူကလည်း စကားအတော်ပြောနိုင်ပါသည်။ စကားနားမထောင်ကြသည့်လူနာများအကြောင်းရယ် အချိုးမပြေဘဲပြသနာရှာချင်ကြသည့် လူနာရှင်များအကြောင်းရယ် ရောဂါဆန်းများ၏အကြောင်းဟာ မကြားချင်မှအဆုံးဖြစ်၏။ 


"မမဝေက ရည်းစားလေးရသွားတော့ ကျွန်မနဲ့တောင် ထမင်းအတူမစားနိုင်တော့ဘူးရယ်။ ထမင်းစားချိန်ဆို လစ်ကနဲပျောက်ပျောက်သွားပြီ။ ထမင်းဆက်သမားကိုယ်တော်လေးနဲ့ ပန်းခြံရှေ့မှာ ၂ကိုယ်တူချစ်သမျှတွေလုပ်နေရော" 


မမဝေမည်သောဆရာဝန်ဟာ ရှေ့ကထိုင်နေသည့်လူဖြစ်မည်။ သူ့အချစ်ရေးအကြောင်းပြောတော့ ရှက်သွေးကလေးဖြာသွား၏။ 


"မဝေက ရည်းစားရသွားပြီလား။ ဘယ်ကတဲ့လဲ" 


"မန္တလေးသားလေးပါ။ အင်ယာကတဲ့" 


"ဟုတ်လား။ ကြည့်ရတာ မင်္ဂလာသတင်းမကြာခင်ကြားရတော့မယ်ထင်တယ်" 


"ဟယ် နင်တို့ကလည်း စောပါသေးတယ်ဟ။ ငါကအခုမှသူ့ကို အကဲခတ်နေတုန်းရယ်" 


ကားထဲမှ မွှေးရနံ့များနဲ့အတူ ဇူလီမကြိုက်သည့်ဆေးနံ့များ ရနေပါသည်။ လမ်းတလျောက်လုံး တိတ်ဆိတ်စွာလိုက်ပါလာသည့်ဇူလီ့အား ဘေးမှအတူထိုင်သည့်ဆရာဝန်မက တစ်ချက်တစ်ချက် လှည့်ကြည့်လာတတ်၏။ 


"ညီမလေး ဘယ်ကလဲ" 


ဆရာဝန်မက စကားလာပြောတော့ ဇူလီက သူ့နားကြပ်လေးကိုဖြုတ်၏။ 


"ကျွန်မ စိမ်းလဲ့ညိုတို့ဘေးအိမ်ကပါ" 


"ဪ အင်း အင်း။ ဒါနဲ့ ဘာလူမျိုးလဲဟင်" 


"ဗမာပါဘဲ။ အထက်ပိုင်းသူပါ" 


ခဏခဏမေးခံရသည့်မေးခွန်းမို့ ဇူလီ နေသားကျနေပါပြီ။ ဇူလီဟာ သူမဖေဖေတာဝန်ကျသည့် ကချင်ပြည်နယ်တစ်ခုမှာမွေးဖွားခဲ့သည့် အထက်ပိုင်းသူ ဗမာစစ်စစ်ဖြစ်ပါသည်။ အသားအရည်ကတော့ တိုင်းရင်းသားစပ်သည့် သူမမေမေဘက်ကိုသွားတူသည်မို့ အသားဖြူသည်ဆိုတာထက် အသားအရေကြည်၏။ 


"ဪ ဒါကြောင့်အသားဖြူပြီး စကားဝဲနေတာကိုး" 


သူ့အသားအရည်ဖြူသည်ဆိုတာ စိမ်းလဲ့ညို့ရဲ့ ခြေဖုမိုးလေးကိုဘယ်မှီမှာပါလိမ့်။


လိုက်ပါလာသည့်ဆရာဝန်များ ကျန်းမာရေးဝန်ထမ်းများဟာ ဂေဟာမှာ တက်ညီလက်ညီရှိကြ၏။ စကားချိုချိုကလေးများဖြင့် ကလေးများကိုစိတ်ရှည်ချော့မော့နေသည့်လူများကိုမြင်တော့ ဇူလီကသူတို့ကို မချီးကျူးဘဲမနေနိုင်။ ဇူလီက ကလေးဆို သူ့အနားကပ်လာသည်နှင့် စိတ်ညစ်၏။ 


"ဇူလီ ဗိုက်ဆာပြီလားဟင်" 


လူအုပ်ကြားထဲအလုပ်ရှုပ်နေသည့်စိမ်းလဲ့ညိုက ယခုမှသာ သူမအနားကပ်လာ၏။ 


"မဆာသေးပါဘူး" 


"အင်း ဆာလည်း ဒါလေးစားနှင့်ထား‌ေနာ်။ အစ်မတို့တွေအပြန်ကျမှစားသောက်ဆိုင်တစ်ခုထဲဝင်ကြမလို့။ မကြာပါဘူး ပြန်ကြတော့မှာပါ" 


"ဟုတ်ကဲ့"


စိမ်းလဲ့ညို၏နဖူးကလေးမှာ ချွေးများစို့နေ၏။ သတ္တိများသာရှိရင် ထိုနဖူးပေါ်မှချွေးများအား သူမလက်ဖုဝါးဖြင့်သုတ်ပေးပြစ်မည်ဖြစ်၏။ 


"ဘာလို့ဒီမှာရပ်နေတာလဲ။ အနားမသွားဘူးလား" 


လူအုပ်ကြီးကိုအဝေးမှရပ်ကြည့်နေသည့်ဇူလီအား ထိုမိန်းမက ထိုသို့မေးလာ၏။ ဇူလီက အသားထဲအပ်နှစ်ဝင်နေသည်များကို မကြည့်ချင်ပါ။ သူ အသည်းယား၏။ ပြီးတော့ ကလေးငိုသံများဟာ ဆူသည်။ 


"မလာတော့ပါဘူး။ လူအရမ်းရှုပ်လို့" 


စိမ်းလဲ့ညိုက အင်းဟုသာပြောပြီး ပြန်ထွက်သွားသည်။ ဒီနေ့တော့ သူမ စိမ်းလဲ့ညိုနှင့် ကြာကြာရှိမနေရ၊ စကားလည်း ဟုတ်တိပတ်တိမပြောရ။


"အို အို မနာဘူးနော် ကလေး မနာဘူး" 


စိမ်းလဲ့ညိုက ငိုယိုနေသည့်ကလေးတစ်ယောက်အား ကောက်ချီကာချော့မြူနေ၏။ ဇူလီနှင့်ဆန့်ကျင်စွာပင် စိမ်းလဲ့ညိုက ကလေးအင်မတန်ချစ်ပါသည်။ စိတ်လည်းရှည်၏။ စိမ်းလဲ့ညိုက ကလေးချစ်တတ်မှတော့ အနာဂတ်မှာ သူ့အတွက်ကလေးတစ်ယောက်လောက် မွေးပေးမှပါ။ 


"မနာပါဘူးကွယ်" 


သူ့ဟာသူတောင် ချွေးကလေးစို့ပြီးမောဟိုက်နေတာကို ကလေး ကောက်ချီနိုင်သေး၏။ စိမ်းလဲ့ညိုက တစ်ယောက်ပြီးရင် နောက်တစ်ယောက်ကို စိတ်ရှည်စွာထပ်ချော့‌ပါသည်။ ထိုသို့ဖြင့် ဆေးကြောက်ကြသည့်ကလေးများအတွက် စိမ်းလဲ့ညိုဟာ အားကိုးစရာတစ်ခုလိုဖြစ်လာကြ၏။ ဇူလီက သူမကိုစိမ်းလဲ့ညိုချော့မြူခဲ့သည့် ဆေးခန်းကနေ့ရက်ကို တွေးမြင်မိလာသည်။ ဪ စိမ်းလဲ့ညိုဟာ သူမအပေါ်မှကွက်ပြီးပိုသဘောကောင်းပေးတာမှမဟုတ်ဘဲ။ 


သူမတို့အိမ်ပြန်ချိန်ဟာ အရင်နေ့များထက် အများကြီးနောက်ကျပါသည်။ ဇူလီ့မေမေကတောင် ပြန်မရောက်သေးလို့ဆိုပြီး ဖုန်းဆက်လာပြီးဖြစ်သည်။ အပြန်လမ်းမှာ သူမတို့ စားသောက်ဆိုင်ဝင်ကြသည်။ ဆရာဝန်မများထိုင်သည့်ဝိုင်း၌ ဇူလီက စိမ်းလဲ့ညိုနှင့်အတူထိုင်ရ၏။ ဘာမှတော့ ဟုတ်တိပတိမစားနိုင်။ ဆိုင်ကနေအိမ်ပြန်တော့ စိမ်းလဲ့ညိုက ဖက်ထုပ်များဝယ်လာ၏။ 


"ပင်ပန်းလား ဇူလီ" 


"အစ်မကိုမေးရမှာပါ။ ကျွန်မက ရပ်ဘဲရပ်နေတာကို" 


စိမ်းလဲ့ညိုဆီမှ ရယ်သံခပ်ဖွဖွလေးထွက်လာ၏။ စိမ်းလဲ့ညို မောပန်းနေသည်မှာ သိသာပါသည်။ 


"ဇူလီအနေရခက်မယ်မှန်းသိရင် အစ်မ သူတို့အစီအစဉ်ကိုလက်မခံလိုက်ပါဘူး" 


ဇူလီဟာ ဒီနေ့တစ်နေ့လုံး သူမအနားကပ်မလာပါ။ ဒီလိုလူတွေကြားမှာ ဇူလီအနေရခက်နေသည်ဟာလည်း သိသာလွန်းလှ၏။ ဒီလိုမှန်းသိရင် ဒီခရီးကိုသူမတို့၂ဦးတည်းသာသွားပါတယ်။ 


"ရပါတယ် ကျွန်မက အဲ့လောက်ထိလည်းလူမရဲတဲ့လူမဟုတ်ပါဘူး" 


ဒါဖြင့် ဇူလီဘာကိုစိတ်ကွက်နေသည်လဲ။ သေချာပေါက် စိမ်းလဲ့ညိုသူမလက်ကို လာမတွဲသည့်ကိစ္စဖြစ်လောက်မည်။ 


လမ်းမီးကလေးများ မှိန်ပျပျဖြင့်ထွန်းလင်းလာ၏။ ဇူလီတို့အိမ်ရှေ့မှာ အဖေရောအမေရောဟာ ထွက်စောင့်နေသည်။ ဖေဖေ့မျက်နှာမှာ တစ်ခုခုပြောချင်နေဟန်ရှိ၏။ 


"အသားဖက်ထုပ်လေး သူ့အတွက်ဆိုပြီးဝယ်လာခဲ့တယ်ရယ်။ ဆိုင်မှာ ဘာမှသိပ်မစားလို့လေ" 


စိမ်းလဲ့ညိုက ဖက်ထုပ်များကို သူမမေမေအား ပေးနေသည်။ စိမ်းလဲ့ညိုက ပင်ပန်းနေပေမယ့် အားလုံးကိုတော့အပြုံးများဖြင့်နုတ်ဆက်သွားနိုင်သေး၏။ 


"ကဲ ဘယ့်နှယ်လဲဂရုဏာရှင်မကြီး။ စိတ်ကျေနပ်ရဲ့လား" 


အိမ်ထဲဝင်ထိုင်တော့ ဇူလီ့မေမေက သူမကိုထိုသို့ပြောလာသည်။ ဇူလီ မကြားဟန်ဖြင့် ခုံမှာသာလှဲချလိုက်၏။ 


"ကျူရှင်လေးပိတ်တာ အိမ်မှာလေးအေးဆေးနားမယ်မရှိ။ နင်က ချူချာလို့သာတော်သေးတယ် သိလား မချူချာလို့ကတော့ ဧဝရတ်တောင်ကိုတောင် အမြှီးထောင်ပြီးတက်မယ့်အမျိုး။ နင့်အဖေမျက်နှာကိုမြင်တယ်မလား မိုးချုပ်တဲ့အထိနေလို့ဆိုပြီး ဘဝင်မကျဖြစ်နေတာ" 


သူများသားသမီးကိုအဝေးခေါ်သွားပြီး ထိုမျှလောက်ထိတော့နောက်မကျသင့်ပါ။ နောက်ထပ်၁နာရီသာနောက်ကျပါက ဇူလီ့ဖေဖေဟာ စိမ်းလဲ့ညိုကို မည်သည့်မျက်နှာမှမထောက်ဘဲ အိမ်ရှေ့၌ပင် တိုက်ရိုက်ပြောမည်ဖြစ်ပါသည်။ 


"ပင်ပန်းတယ် သံပုရာရည်ဖျော်ပေး" 


ဇူလီ့ဖေဖေ ယခုထိအိမ်ထဲဝင်မလာသေးပါ။ ခြံရှေ့မှာ ဟန်ဆောင်ပေါင်းရှင်းနေ၏။ သူဘာတွေဘဲလုပ်နေပါစေ လူတိုင်းကသူဇူလီ့ကိုထွက်စောင့်နေမှန်းသိ၏။ သမီးရှင်ဖခင်များဟာ ထိုကဲ့သို့ဉာဏ်များတတ်ကြပါသည်။   


...........


လပတ်စာမေးပွဲဖြေပြီး ၁ပတ်အတွင်းမှာ ကျောင်းသားများ၏ အမှတ်စာရင်းများရ၏။ အဆင့်များကိုတော့ အမှတ်စာရင်းများအားလုံးကို စာရင်းစစ်ပြီးခါမှ ကြေငြာမည်ဖြစ်သည်။ ပုံမှန်ဆို စိတ်လှုပ်ရှားခြင်းမရှိသည့်ဇူလီက ယခုတစ်ခါတော့ စိတ်လှုပ်ရှားမိသည်မှာ အမှန်ဖြစ်သည်။ အမှတ်များများရပါက သူမဟာ စိမ်းလဲ့ညိုရှေ့ မျက်နှာပန်းလှမည်ဖြစ်၏။ သူချစ်ရသူရှေ့မှာ ဇူလီက တော်သူတတ်သူသာဖြစ်ချင်ပါသည်။ 


“ဇူလီချမ်းမြေ့ဆိုတာ ဘယ်သူလဲဟေ့” 


အင်္ဂလိပ်ဆရာ ဦးဇော်မိုးမြင့်က အဖြေလွှာစာရွက်ကိုင်ပြီး သူမနာမည်အော်ခေါ်၏။ ဇူလီ မတ်တတ်ထရပ်လိုက်သည်။ 


“ဪ… အဖြေလွှာစာရွက်ကလေးလာယူပါအုံး” 


ဆရာက သူမကို မျက်မှန်ချပြီးကြည့်နေသည်။ ဇူလီက ရှေ့သို့သွားပြီး စာရွက်သွားယူရ၏။ သူမရင်များ အနည်းငယ်တုန်နေသည်။ ဆရာက သူမအမှတ်ကို အခြားသူများကဲ့သို့ ကြေငြာမပေးသေး။ 


“ဇူလီချမ်းမြေ့” 


“……” 


“၉၃မှတ်”


သံရှည်ဆွဲပြီးကြေငြာလိုက်သည့်ဆရာ့အသံနောက်မှာ ကျောင်းခန်းဟာ အနည်းငယ်ဆူသွား၏။ ဝိုးကနဲ ဝါးကနဲအသံများဟာ တစ်ခန်းလုံးပျံ့နှံ့လာသည်။ ဇူလီက ယခုလိုအခြေအနေကြောင့် ရှက်စိတ်ရော အနေရခက်မူတွေကိုပါ ခံစားလာရ၏။ သူမ အတန်းဆီပြန်ထိုင်တော့ ဟေမာန်ဇော်ဆီမှ အကြည့်စူးစူးများကိုရသည်။ ဟေမာန်ဇော်က ဟိုဘက်နောက်တစ်ခြမ်းသို့ အတန်းပြောင်းသွားပြီဖြစ်၏။ ဟိုတစ်ခါကကိစ္စကြောင့်ဖြစ်မည်ထင်ပါသည်။ 


“ကျတဲ့လူတွေအများကြီးဘဲ နားမလည်လို့ဆိုပြီး စာလည်းလာမမေးကြဘူး။ နှစ်စဆိုပေမယ့်မပေါ့ကြနဲ့ကွ။ ၁မှတ်လည်းရအောင်ယူ ၂မှတ်လည်းရအောင်ယူကြ။ ၁မှတ်နဲ့ကက်ပြုတ်ပြီး လိုချင်တဲ့အရာတွေမရသွားကြတဲ့လူတွေအများကြီး‌” 


ဆရာက အမှတ်စာရင်းများအကုန်အော်ပြီးအတန်းထွက်သွား၏။ ဇူလီက အတန်းဆီပြန်ရောက်ကတည်းက သူမ၏အဖြေလွှာကို ပေါက်ထွက်မတတ်ကြည့်နေသည်။ ၉၃မှတ်ဆိုသည့်အရာက သူမကိုထိတ်လှန့်စေ၏။ သူမဟာ အကုန်လုံးကိုအမှားအယွင်းမရှိဖြေဆိုခဲ့သည်ပါ။ အချို့မှားသွားသည့်နေရာများနှင့် Essay မှာဆရာက သူမကိုအမှတ်များလျော့ထား၏။ 


“ဟေ့ ဆရာမလာပြီ” 


ဘာသာစုံအမှတ်စာရင်းများကို ယနေ့အပြီးကြေငြာမည်ဖြစ်ပါသည်။ သို့မှသာ နောက်တစ်နေ့၌ သင်ခန်းစာများကို စိတ်ဖြောင့်ဖြောင့်ဖြင့် သင်ယူနိုင်ကြမည်ဖြစ်၏။ 


“ဟေမာန်ဇော် ၉၄မှတ်” 


ဟေမာန်ဇော်၏ တက်ကြွနေသောခြေလှမ်းများ။ 


“ဒီမှာဟေ့ အဖြေမှန်ရွေးတဲ့နေရာမှာ Bတွေချည်းရွေးလာရင်တောင် ၅မှတ်ရတဲ့ဟာကို တစ်မှတ်မှမရတဲ့လူရှိတယ် သိလား”


ဆရာမသင်းပျံ့မွှေးပြောသည့်ထိုကျောင်းသားဟာ မည်သည်မည်ဝါဖြစ်မှန်း တစ်ခန်းလုံးကသိချင်သွား၏။ 


“နေဇော်နိုင် သင်္ချာကို ၃မှတ်” 


ဝါးကနဲ ပွဲကျသံများ။ ပုံသေနည်းရရင် ၅မှတ်ကအသာလေးပြေးမလွတ်သည့်သင်္ချာကို နေဇော်နိုင်မို့ ၃မှတ်တည်းရသည်။ ဇူလီက ထိုလူ့ကိုအံ့ဩသွား၏။ သူ့ဦးနှောက်ကို ဘယ်မှာများသွားရောင်းစားလိုက်သည်လဲ။ 


အသားညိုညို အရပ်ရှည်ရှည်ဖြင့် ပုဆိုးကိုပုံမကျပန်းမကျဝတ်ဆင်ထားသည့်နေဇော်နိုင်က သူ့အဖြေလွှာစာရွက်ကိုထွက်ယူသည်။ 


“နောက်တစ်ခါ၃မှတ်ရလို့ကတော့ နောက်နှစ်အတွက်အတန်းသာကြို bookingတင်ထားတော့” 


နေဇော်နိုင်က အဖြေလွှာယူပြီး အောင်နိုင်သူကြီးလို ပြန်လာ၏။ ဆရာမ ပြောစကားများဟာ သူ့နားထဲဝင်မည်လို့မထင်ပါ။ 


“မီရှဲလ် ၉၈မှတ်” 


မီရှဲလ်ဆိုသည်မှာ ဇူလီ၏ဘေးမှအတန်းဖော်အသစ်လေးဖြစ်ပါသည်။ ခေသူတော့ဟုတ်မည်မထင်ပါ။ 


“ဇူလီချမ်းမြေ့ ၉၁မှတ်” 


ဇူလီက ဉာဏ်စမ်းမေးထားသည့်unseen အပုဒ်ကို မဖြေနိုင်ခဲ့ပါ။ အခြားအပုဒ်တွေမှာလည်း အဆင့်တွေကျော်၍ အမှတ်လျော့ခံထားရ၏။ 


“စိုင်းဝဏ္ဏကျော် ၄၆”


ဆရာမသင်းပျံ့မွှေးဟာ စာအသင်အပြကောင်းသည့်ဆရာမပါ။ ထို့ကြောင့် သူ့ဘာသာရပ်ကို မဖြေနိုင်သည့်လူက ခပ်ရှားရှားဖြစ်၏။ သင်္ချာပြီး အခြားဘာသာရပ်အမှတ်စာရင်းများကို ကြေငြာပေးသွား၏။ ဇူလီက အမှတ်များပေမယ့်လည်း အဆင့်၁တော့ ရနိုင်မည်မထင်ပါ။ သူ့ထက်အမှတ်များသည့်လူတွေရှိသေး၏။ သူမ၏ နွေရာသီအားလပ်ရက်စာကြည့်ခြင်းဟာ ထိရောက်မူရှိခဲ့ဟန်မတူပါ။ အားနေရင် လျောက်ပတ်သွားခဲ့သည့်အချိန်များကို နှမျှောမိလာ၏။ သူသာလျောက်မသွားဘဲစာတွေကြေအောင်လုပ်ခဲ့ပါက ယခုအခါဘာသာတိုင်း၌ အမှတ်၁၀၀နီးနီးတော့ရမည်ထင်ပါသည်။ ဒီလိုဆို သူ စိမ်းလဲ့ညိုရှေ့ ရင်ကော့နိုင်မည်။ အခုတော့မဟုတ်တော့။ နောက်ခါစာများများကြိုးစားမှ ရတော့မှာဘဲ။ 


……………..


ဇူလီတို့အဆောင်က အမှတ်စာရင်းတွေကို ကျောင်းသားမိဘတွေပါကြည့်လို့ရအောင်ဆိုပြီး အဆောင်ကပန်းခြံနားလေးမှာသွားကပ်ထား၏။ လူများ အုပ်နှင်းသောင်းနှင်းဖြစ်နေသည်။ စိမ်းလဲ့ညို၏ကျောပြင်သေးသေးလေးကို ပန်းခြံရှေ့၌တွေ့၏။ ဇူလီ အခန်းဝမှထွက်လာသည်ကို စိမ်းလဲ့ညိုတွေ့မည်မထင်ပါ။ စိမ်းလဲ့ညိုက အဆင့်ဇယားမှာ ဇူလီ့နာမည်လိုက်ရှာနေသည်ထင်ပါသည်။ သူ တွေ့ပါရဲ့လား။ 


“အယ် ရောက်နေတာကို ခေါ်လိုက်တာမဟုတ်ဘူး” 


သူ့နောက်မှာ အတန်ကြာအောင်ရပ်နေသည့်ဇူလီ့ကို စိမ်းလဲ့ညိုကထိုသို့ပြော၏။ စိမ်းလဲ့ညိုမျက်နှာကလေး ဝင်းပနေသည်ဟာ သူလုပ်ချင်ရာလုပ်လိုက်ရခြင်းကြောင့်။ 


“အဆင့်ဘယ်လောက်လို့ထင်သလဲ” 


“မသိဘူး” 


ဇူလီက အမြဲပေါ့တိပေါ့ပျက်နဲ့ ဘာကိုမှလည်းစိတ်မဝင်စားဘူး။  


သူကိုယ်တိုင်တောင်မသိသေးသည့် သူ့အမှတ်စာရင်းဟာ ဘယ်လောက်ဖြစ်မည်လဲ။ 


“အပြန်ကျ ဘူတာနားလေးကအကြော်ဆိုင်လေးဝင်ထိုင်ကြရအောင်။ မရောက်ဖြစ်တာကြာတော့ ရှိမှရှိပါအုံးမလားမသိဘူး” 


အန်တီသိမ့်အမြဲပြောတဲ့စကားလေးရှိတယ် စိမ်းလဲ့ညိုက သူ့စကားကလွဲ ဘယ်သူ့စကားကိုမှနားမဝင်တတ်ဘူး တဲ့။ နားထောင်နေသလိုလိုနဲ့ နားမထောင်တတ်ဘူး ပြီးတော့ သူလုပ်ချင်ရာကိုလည်း မဖြစ်ဖြစ်အောင် လုပ်ယူတတ်တယ်တဲ့။ ဒီစကားတွေ မမှားဘူးဆိုတာ ဇူလီအကြွင်းမဲ့ယုံပါသည်။ သူအခု ဇူလီ့ကို ကျူရှင်အကြိုအပို့ ၂ခုလုံးလုပ်သည်။ မနက်ဆို အိပ်ရေးမဝတဝနဲ့စိမ်းလဲ့ညိုမျက်နှာမြင်တိုင်း သူအားနာရလွန်းလို့သေတော့မလိုဘဲ။ မလုပ်ဖို့တားလည်း မနက်ဆိုသူ့အိမ်ရှေ့မှာ စိမ်းလဲ့ညို့ကို အမြဲတွေ့ရ၏။ စိမ်းလဲ့ညိုက ဘုရားကဆင်းတားရင်တောင် တားလို့ရမယ့်လူမျိုးမဟုတ်။ 


“ဇူလီ အစ်မဆီ င်္သချာကစပြီးနောက်ပိုင်းအထိမေးခွန်းလာမအပ်ခဲ့ဖူးနော်။ ဘာလို့လဲ” 


“အစ်မက​ရော ဘာလို့လဲ။ ဘာလို့တောင်းတာလဲ” 


“ကလေးတွေနဲ့အပြိုင် ဉာဏ်ကလေးစမ်းချင်လို့လေ” 


“…..” 


“ခေါင်းရှုပ်မခံပါနဲ့ အစ်မဖတ်နေကျဝတ္ထုတွေကမှ အစ်မကိုခေါင်းအေးစေလိမ့်အုံးမယ်” 


စိမ်းလဲ့ညိုက ပြုံးနေ၏။ 


“ဘာစားမလဲ” 


ရှေ့၌ချထားသည့်အကြော်ဗန်းကိုကြည့်၍ ဇူလီ ဘာရွေးရမည်မှန်းမသိ။ 


“ဘူးသီးကြော်နှင့်ကြက်သွန်ကြော်” 


စိမ်းလဲ့ညိုက ခေါင်းငြိမ့်ပြပြီး အကြော်သည်အန်တီကြီးကို ထို၂မျိုးထည့်လာရန်ပြော၏။ ပြီးတော့ ပြောင်းဖူးကြော်ထပ်မှာသည်။ 


ရီရီပြောဖူးတယ် စိမ်းလဲ့ညိုက သူ့အဆင့်အတန်းရယ် သူဂျီးများပုံရယ်ကြောင့် လမ်းလေးဆိုင် ဘယ်တော့မထိုင်ဘူးတဲ့။ 


ကောလဟာလတွေဘဲ။ ။ 


စိမ်းလဲ့ညိုက ဇူ့လီအတွက် လက်ဖက်ရည်ခွက်ဆေးပေး၏။ 




ဘူတာနားကအကြော်ဆိုင်လေးဟာ ယခုချိန်ထိ မပျက်မယွင်းပါ။ ပြောင်းလဲသွားတာဆိုလို့ ယခင်ဆွေးနေသည့် သစ်သားခုံလေးကနေ ပလပ်စတစ်ခုံလေးဖြစ်သွားတာရယ် ပြီးတော့ လူတွေရယ်၊ ဇယာရယ် ဒါရယ်ပါဘဲ။ 


အကြော်သည်အန်တီက စိမ်းလဲ့ညိုကို မှတ်တောင်မမှတ်မိဘူးထင်။ ဒါလည်းကောင်းပါတယ်လေ။ 


"ဘာပြောချင်လို့ ကြည့်နေတာလဲ"


သူ့စိတ်ထဲတွေးနေတာကို ထုတ်ပြောရင် စိမ်းလဲ့ညို ရယ်မှာပေါ့။ 


ဇူလီက ခေါင်းခါပြတော့ စိမ်းလဲ့ညိုက ခေါင်းငြိမ့်ငြိမ့်။ 


“အကြော်စားရင် ဝတတ်တယ်နော်” 


စိမ်းလဲ့ညိုက ခစ်ကနဲ ရယ်ချ၏။ 


“ဝမှာကြောက်တယ်လို့ ထင်နေတာလား” 


“မသိဘူးလေ” 


စိမ်းလဲ့ညိုက သူ့ကြည့်ရင်း ပြုံးနေသည်။ 


ဇူလီ အနေရခက်လာ၏။ 


“ဝလည်း အစ်မက လှပါတယ်” 


စိမ်းလဲ့ညိုက သူ့အလှအပနဲ့ပတ်သက်ပြီး သိပ်ယူကြည်မူရှိတာ။ 


“အင်း ဝတဲ့လူတွေက ဖက်လို့ကောင်းတယ်တဲ့” 


“အစ်မ ဝလာရင် ဇူလီ ဖက်ကြည့်မလား” 


ဇူလီက တိတ်သွား၏။ 


အခြားဟာသာ စစမ်းပါ စိမ်းလဲ့ညိုရယ်။ 


“မဖက်ပါဘူး” 


“ဘာလို့လဲ။ ဖက်လို့ကောင်းတယ်ဆို” 


“မဖက်ချင်ဘူး” 


စိမ်းလဲ့ညိုရဲ့ ရယ်သံလွင်လွင်ကလေး ပျံ့နှံ့လာ၏။ 


ဘေးဝိုင်းကလူများ သူတို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။ 


စိမ်းလဲ့ညိုရှိနေလျင် ဒီလိုအရာတွေက မစိမ်းပါ။ 


“ဇူလီကလေ သိပ်ရှက်တတ်တာဘဲ” 


သိပ်ရှက်တတ်တာသိရက်နဲ့ ဒီလိုခဏခဏစနှောက်တတ်သည့် စိမ်းလဲ့ညိုကို ဇူလီ ဘယ်လိုပြောရမည်မသိပါ။ 


ထားပါလေ စိမ်းလဲ့ညို ပျော်နေတာဘဲမလား။ 


“စိမ်းလဲ့ညိုလား” 


အကြော် ကြော်နေသည့်အန်တီကြီးဟာ နောက်ဆုံးတော့ စိမ်းလဲ့ညိုကို မှတ်မိသွားပြီထင်ပါသည်။ အကြော်အိုးနားကနေကို စိမ်းလဲ့ညိုကို လှမ်းပြောနေတာဖြစ်၏။ (သူတို့နဲ့သိပ်မဝေး) 


“ဟုတ်တယ် အန်တီ။ မမှတ်မိဘူးထင်နေတာ” 


စိမ်းလဲ့ညိုကလည်း လည်ပြန်လှည့်ရင်း ပြန်ပြော၏။ 


“အမလေးအေ ကိုယ့်ယောက်ျားကိုယ်သာမေ့ချင်မေ့မယ် ညည်းကိုတော့ မေ့လို့မရပါဘူးအေ” 


အန်တီကြီးက ကွမ်းဂျိုးများဖြင့်မဲနေသည့်သွားများပေါ်အောင်ကို ပြုံးရယ်နေသည်။ 


“ဘယ့်နှယ်လဲ နေကောင်းရဲ့လား” 


“ဟုတ် ကောင်းပါတယ်အန်တီ” 


“အေအေ” 


သူတို့စကားလမ်းစပ်ဟာ မပြတ်ကြသေး။ 


“ညည်းအဖေရော နေကောင်းရဲ့လား” 


ထိုစကားကိုကြားသည့်အခါ ဇူလီက စိမ်းလဲ့ညိုဖြေလိမ့်မည်မဟုတ်ဟု ထင်မှတ်မိခဲ့၏။ (မဟုတ်လည်း မျက်နှာပျက်သွားတာမျိုး) 


“ဟုတ် သူလည်းကောင်းပါတယ် အန်တီ။ ဖေဖေရောမေမေရော ဒေါင်ဒေါင်မြည်ပါဘဲ” 


အန်တီကြီးက စိမ်းလဲ့ညိုရဲ့အဖြေကိုသဘောကျလို့ ခေါင်းတငြိမ့်ငြိမ့်လုပ်နေတော့တာဘဲ။ 


အခု အကြော်စားရတော့မှာလား။ 


“စားလေ ဇူလီ” 


စိမ်းလဲ့ညိုက ခုနကမှလာချသွားသည့်အကြော်ပန်းကန်ကို ဇူလီ့ရှေ့ထိုးပေး၏။ သူကတော့ ဘူးသီးကြော်ကိုကောက်ယူလိုက်ပြီး အကြော်မုန့်များကိုခွါနေ၏။ 


ဘာလုပ်ဖို့ကြိုးစားနေသည်လဲ။  


“ဘူးသီးကြော်ကိုကြိုက်ပေမယ့် ဘူးသီးတော့မကြိုက်ဘူး။ ပျော့ပျော့ကြီးနဲ့ စားရသိပ်ခက်တယ်” 


ခဏလေး ခဏလေး အခုသူဘာပြောလိုက်တာ။ 


ဘူးသီးကြော်ကြိုက်ပေမယ့် ဘာဖြစ်တယ်


“ဘူသီးမပါတဲ့ဘူးသီးကြော် စားချင်တယ်” 


ဇူလီက ဆွံ့အနေ၏။ 

ဂျီးများလိုက်တာ

စိမ်းလဲ့ညိုက ဇူလီမျက်နှာအမူအယာကိုမြင်ပြီး ထရယ်သည်။


အကြော်သည်အန်တီကြီးကလည်း သူတို့ကိုကြည့်နေ၏။ 


“စိမ်းလဲ့ညိုမှာ မပြောင်းလဲသွားတာဆိုလို့ အဲ့အကျင့်ဘဲရှိမယ်ထင်” 


စိမ်းလဲ့ညိုက အကြော်သည်အန်တီဘက်လှည့်၏။ 


“အန်တီလည်း စိမ်းကိုအခုထိ ဘူသီးမပါတဲ့ဘူးသီးကြော် ကြော်မပေးနိုင်သေးဘူးနော်” 


သူကရယ်၏။ 


“ညည်းတို့သူငယ်ချင်းအုပ်စုကို တက္ကသိုလ်သွားတက်ကြကတည်းက သိပ်မတွေ့ရတော့တာဘဲ။ ဘယ်နှနှစ်တောင်ရှိပြီလဲ” 


ဒိီတစ်ခါတော့ စိမ်းလဲ့ညို ပြန်မဖြေတော့ပါ။ အပြုံးယဲ့ယဲ့ကလေးသာ ပြန်ပေးတော့၏။ 


“သူတို့ရော ဆရာဝန်တွေဖြစ်နေကြပြီလား။ နေရောကောင်းကြရဲ့လား” 


“ဟုတ် ကောင်းကြမယ်လို့ထင်ပါတယ်” 


“အေးအေး 


ညည်းကောင်လေးရော” 


စိမ်းလဲ့ညို အရာအားလုံးဆီကနေ ဆွဲထုတ်ခံလိုက်ရသလို ငြိမ်သက်သွား၏။ 


ခေတ္တမျှပေါ့ 


ဇူလီက စိမ်းလဲ့ညိုဘယ်လိုဖြေမလဲသိချင်လို့ အသက်တောင်သိပ်မရှုရဲ။ 


“သူ့အိမ်မှာလို့ထင်ရတာပါဘဲ အန်တီ” 


"ထင်ရတာပါဘဲ" ဆိုတဲ့ စကားစုဟာ တစ်ခုခုကို အတိအကျ မသေချာပေမယ့် မိမိအမြင် ဒါမှမဟုတ် ခံစားချက်အရ "ဒီလိုပဲ ဖြစ်လိမ့်မယ်" လို့ ယူဆတဲ့အခါ သုံးတဲ့ စကားလုံးမလား။ 


ဒါဆို စိမ်းလဲ့ညိုက သူ့အရင်လူနဲ့ လုံးဝပြတ်စဲသွားတာဘဲ။ ဟုတ်တယ်မလား 


“အေး သူ့ကိုလည်းမတွေတာကြာပေါ့။ ညည်းတို့ ဒီလာပြီးစကားနိုင်လုကြတာ မှတ်မိသေးတယ်အေ။ ဘယ်တော့ယူကြမှာလဲ ညည်းတို့က” 


စိမ်းလဲ့ညိုမျက်နှာ ပျက်ယွင်းလာသည်။ ဒါကို အကြော်သည်ကမသိ။ 


သတင်းတွေဘဲ သူ့ဆီမရောက်တာလား။ 


အေးအေးဆေးဆေးစကားထိုင်ပြောဖို့ သူရွေးလိုက်သည့်နေရာဟာ အခု ငရဲခန်းဘဲ။ 


စိမ်းလဲ့ညို ထပြန်ချင်နေမှာ။ ဇူလီ့ကို အားနာလို့သာ 


“သူနဲ့က အတူမရှိဖြစ်တော့ပါဘူး”


အကြော်သည်က  ခုမှ အားနာသွားဟန်။ 


“ဟယ် ပြတ်သွားကြပြီလား” 


မဟုတ်ပါ။ သူအားမနာ 


ဇူလီက စိမ်းလဲ့ညိုလက်ကိုဆွဲကာ ထပြန်ချင်လာ၏။ 


“ဟုတ်ကဲ့” 


“အေ သမီးရည်းစားတွေဆိုတာ ဒီလိုပါဘဲအေ 


ဇူလီက စားပွဲကို ဗန်းကနဲရိုက်ချလိုက်၏။ 


စိမ်းလဲ့ညိုခန္ဓာလေး ဆတ်ကနဲတုန်သွားသည်။ 


ဇူလီ့ကို သူကြည့်တော့ လက်ဖုဝါးအောက်၌ ထောင်တန်ကလေးများတွေ့ရ၏။ 


“ရှင်းပြီနော် အန်တီ။ ပြန်တော့မယ်” 


အကြော်သည်အန်တီက ဇူလီ့ကိုနားမလည်။ အေးပေါ့ သူပြောကောင်းနေချိန်ကိုး 


အလကားမိန်းမကြီး 


အရိပ်အကဲမသိဘာမသိ 


အသက်ကြီးနေတဲ့ အလကားအဘွားကြီး


ဇူလီက စိမ်းလဲ့ညိုလက်ကိုဆွဲကာ ရှေ့ကထွက်၏။ စိမ်းလဲ့ညိုကလည်း အလိုက်သင့်ပါလာသည်။ 


ဒီကိစ္စတွေကို တစ်ခါလောက်ဖြစ်ဖြစ် ရှောင်မပြေးဘဲနေကြည့်ဖို့ သူကြိုးစားခဲ့ပေမယ့်လည်း 


ထားပါတော့လေ 


ဇူလီက ကားတံခါးတောင်ဖွင့်နေပြီ။ 


“ပြန်ရအောင်နော် အစ်မ။ ကျွန်မအမေ မျှော်နေတော့မယ်” 


တစ်ကယ်ဆို မမျှော်ပါဘူး။ အစောကြီးရှိသေးတယ်လေ။ 


“အင်းပါ” 


စိမ်းလဲ့ညိုကလည်း ဒါကို မသိသလိုပါဘဲ။ 


တရိပ်ရိပ်ပြေးနေတဲ့လမ်းတလျောက် နှစ်ယောက်သား စကားမပြောမိ။ 


ဇူလီက ဟိုဘက်လှည့်ထား၏။ 


ကားထဲ သီချင်းသံများမရှိပါ။ 


ဇူလီ ဘာပြောရမည်မှန်းလည်းမသိ။ စိမ်းလဲ့ညိုကလည်း သူ့အတွေးနဲ့သူ။ 


အိမ်ရှေ့ရောက်သည်အထိ သူတို့ ဘာစကားမျှမပြောခဲ့ကြသလို ဘယ်သီချင်းကိုမှလည်း ဖွင့်ချခဲ့ခြင်းမရှိ။ 


“ဇူလီ….


“မနက်ဖြန်မနက် လာမကြိုနဲ့နော် အစ်မ။ အဲ့နေ့တစ်နေ့လေးတော့ အိပ်ရေးဝအောင်အိပ်ပေးပါ”  


ဇူလီက ယနေ့ကိစ္စနဲ့ပတ်သက်၍ စိမ်းလဲ့ညို အတွေးများနေမှာသိပါသည်။ ညအိပ်လို့ရော အိပ်ပျော်ပါ့မလား။ 


စိတ်ရင်းလေးဖြင့် သူ့ကို အိပ်ရေးဝအောင်အိပ်စေချင်၏။ 


“အစ်မအိပ်မပျော်ရင် ကျွန်မကိုဖုန်းဆက်လိုက်နော်” 


ဇူလီက သူပြောချင်ရာပြောပြီး လှည့်ထွက်သွားပြီဖြစ်၏။ 


စိမ်းလဲညိုက မပြောလိုက်ရသည့်စကားများစွာနှင့်အတူ ခြံပေါက်ဝ၌ ရပ်ကျန်နေခဲ့သည်။ 


ဘယ်ရှုထောင့်ကနေကြည့်ကြည့် ဇူလီဟာ သူ့အပေါ် များစွာ သည်းခံနားလည်ပေးလွန်းပါသည်။ 


အိပ်မပျော်ရင် ဖုန်းဆက် 


ဪ အရင်နေ့တွေ သူအိပ်မပျော်တိုင်း ဇူလီ့ကိုဖုန်းဆက်ဖူးတာကိုး။ 


ဇူလီဟာ စိမ်းလဲ့ညိုရဲ့ဒဏ်ရာ အတိမ်အနက် ဘယ်လောက်မှန်းမသိရ၊ သူ့ဒဏ်ရာဟာ ဘာအကြောင်းကြောင့်မှန်း မသိရခင်ကတည်းက နည်းမျိုးစုံဖြင့် သူ့ကိုကာကွယ်ပေးခဲ့ဖူးပါသည်။ (ကာကွယ်နေဆဲ)


ကလေးတစ်ယောက်အပေါ်  ဒီလောက်ထိမှီခိုရလိမ့်မယ်လို့ သူဘယ်တုန်းကမှတောင် မတွေးခဲ့မိဖူးဘူး။ 


ထိုနေ့ညက ဇူလီ ဘုရားဆီဆုတောင်းပြီး အိပ်ယာဝင်ခဲ့တယ်။ 


သူ့ဆီ ဖုန်းဝင်လာပါစေ 


ချစ်ခြင်းမေတ္တာဟာ ကိုယ်ချစ်ရသူအထိခိုက် အရှအနာကင်းအောင် ကာကွယ်ပေးခြင်းဆို... ချစ်ရတဲ့ စိမ်းလဲ့ညို သူ့ရင်ခွင်ထဲ လုံခြုံပါစေ


နာကျင်မူတွေကို သူ့မေတ္တာဖြင့်သိမ်းဆည်းနိုင်ပါစေ 


မိုးတိမ်တွေ ကုန်ဆုံးပါစေ 


နွေဦးရဲ့ လေညှင်းကလေးမှာပဲ ချစ်ရသူ အနားယူနိုင်ပါစေ


…………. 


ဆက်ရန်