...
အကယ်၍ ကိုယ့်နှလုံးသားကိုယ်ပြန်၍ လိမ်လည်ခြင်းသာ
ပြစ်မှုမြောက်ခဲ့ရင်..
...
🍂🍂🍂
သူ့ရဲ့ အားမပါတဲ့အကြည့်တွေကို ကျွန်မမျက်လွှာချပြီးရှောင်လွှဲလိုက်သည်။
တော်ပါတော့လား အဲ့လောက်တိုက်ဆိုင်ဖို့မလိုဘူးမလား။
"အစ်မလည်း ပိတ်ရက်ဒီရောက်နေတာလား။ တိုက်ဆိုင်လိုက်တာဗျာ"
သူ့ဘေးက အမျိုးသားထံမှစကားသံ။ ဖော်ဖော်ရွေရွေရှိပေမယ့်
ကျွန်မအတွက်အဆင်မပြေဘူး။ ဒါပေမယ့်လည်းခေါင်းညိတ်ပြရသည်။ ထိုကောင်လေးအမြင်မှာ ကျွန်မကို
ဘဝင်မြင့်နေတဲ့ စီနီယာတစ်ယောက်လို့ ထင်သွားမှာတော့မလိုလားဘူးလေ။ ဒါကကျွန်မ လုပ်ငန်းနယ်ပယ်မလား။
"လှေငှားမလို့လားအစ်မ"
မေးတာက အရှေ့က ကောင်လေးဖြစ်ပေမယ့် ကြည့်လိုက်မိတာက
ဘေးက ရှင်းကိုဖြစ်သည်။ သူကတော့ ကျွန်မကို ကြည့်နှင့်ပြီးသား။
"ဒီတူမလေးက ဦးလေးလှေကိုငှားထားတဲ့သူပါ"
ကျွန်မ ပြောရခက်နေစဉ်မှာပင် ဦးလေးကြီးဝင်ပြောပေးသည်။
ကျေးဇူးတင်မိပါတယ်။ ထိုအခါ အားလုံးရဲ့အကြည့်တွေက ကျွန်မထံရောက်လာသည်။
"ဟုတ်လား ဒါဆိုအဆင်ပြေတာပေါ့။ ဒီလိုအစ်မရာ ကျွန်တော့ချစ်သူက
ခေါင်းအရမ်းကိုက်နေလို့ အခုဟိုတယ်ကိုပြန်ချင်တာ။"
ရင်းထဲလှိုင့်ကနည်းပင်။ ချစ်သူတဲ့လား။ အေးပေါ့ ယောင်္ကျားလေးဆိုတော့
ဒါမျိုးသုံးပိုင်ခွင့်ရှိတာပေါ့။
"အင်း.."
"တစ်ခြားလှေတွေကလည်း လူများနေတော့ ပိုဆိုးမှာဆိုးလို့။
အဲ့တာဗျာ အစ်မနဲ့ အတူတူငှားလို့ရမလား ကျွန်တော်အပြည့်ပေးပါ့မယ်"
ကျွန်မသူ့ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ သူကကျွန်မကို
အားနာတဲ့အကြည့်နဲ့ကြည့်နေသည်။ အော် အားနာတတ်သေးတာပဲ။
"ရပါတယ် လိုက်ခဲ့။ မင်းပေးစရာမလိုဘူး"
"ပေးပါရစေဗျာ စီနီယာလည်းဖြစ်နေတော့ ကျွန်တော်မရဲဘူး"
သက်ပြင်းချလိုက်သည်။
"ငါလည်း ဂျူနီယာတစ်ယောက်စီက ပိုက်ဆံမယူချင်ဘူး"
ကျွန်မတို့ကြား အချိန်တစ်ခုထိ တိတ်ဆိတ်သွားသည်။
ဘာမဆိုင်ညာမဆိုင် ရှင်းကိုကြည့်မိပြန်သည်။ သူကပြုံးပြသည်။ အခုသူက ဘုရားပေါ်တုံးကလို
စကားပေါတဲ့ကောင်မလေးမဟုတ်တော့။ တိတ်ဆိတ်နေပြီး အကြည့်နဲ့ပဲစကားပြောနေသည်။ သို့သော်
ကျွန်မရဲ့စိတ်ကျဉ်းကြပ်မှုကို သက်သာစေနိုင်သည့်တစ်ဦးတည်းသောသူလည်းဖြစ်ပြန်သည်။ သူ့ကိုခဏလေးမှာပဲ
ကျွန်မခင်မင်မိသည်။ သွက်သွက်လက်လက်ရှိပြီး စိတ်ပေါ့ပါးစေတယ်လေ။
ကျွန်မ ရှင်းကိုပြုံးပြပြီး လှေအနီးလျှောက်သွားလိုက်သည်။
လှေနားရောက်တော့မှ နောက်လှည့်ကြည့်လိုက်သည်။
"လိုက်မှာလား"
ထိုကောင်လေးက အားနာနေပုံရသည်။ 'မင်းစီမှာ ငါ့တစ်ဘဝလုံးရှိနေတာပဲ
ဒီလောက်က အားနာစရာလား' လို့ပြောလိုက်ချင်သည်။ သို့သော် ပြောပိုင်ခွင့်မရှိ။
"ကဲပါ လိုက်ရအောင်။ သူကလည်းငြင်းနေတာမှမဟုတ်တာ
စောင့်ရတာကြာနေလိမ့်မယ်"
သူ့ထံမှ တိုးမြမြစကားသံ။ ခေါင်းကိုက်တတ်တာကို ဆေးမဆောင်ထားဘူး။
အမြဲတမ်းပဲ။ အဲ့ကောင်လေးကရော မသိဘူးလား။
စိတ်တိုင်မကျစွာ စိတ်ထဲညည်းညူနေချိန်မှာပဲ ကျွန်မဘက်ကိုလျှောက်လာနေကြသည်။
ရှင်းကလည်း အနောက်မှအေးအေးဆေးဆေးပင် ဟိုကြည့်ဒီကြည့်နဲ့လိပ်ပမာ လျှောက်လာသည်။ ဦီးလေးကြီးကတော့
လှေပေါ်ရောက်နေချေပြီ။
"အနောက်မှာ ထိုင်လိုက်ပါ ခေါင်းကိုက်နေတာဆိုတော့
အရှေ့မထိုင်နဲ့"
ကျွန်မပြောလိုက်တော့ သူကကျွန်မကို ကြောင်အအကြည့်လာသည်။
ဘာလို့သွားပြောမိပါလိမ့်။ သူ့ဘေးကလူကတော့ သဘောတူစွာ ခေါင်းညိတ်ပြသည်။ သူ့ကိုပြန်ကြည့်လိုက်ချိန်မှာ
ကျွန်မကို ရီဝေဝေစိုက်ကြည့်နေပြန်သည်။ ကျွန်မအဲ့အကြည့်တွေကို မတော်လှန်နိုင်တာသိရဲ့နဲ့လေ။
ဘယ်လိုလုပ်ရမလည်း။ ကျွန်မက ဟန်ဆောင်မတော်သလို ခံစားချက်တွေကိုထိန်းချုပ်တဲ့နေရာမှာလည်း
အားနည်းသည်။ သူ့ရဲ့အကြည့်တွေက ကျွန်မစိတ်ကိုပြိုလဲစေနိုင်သည်။
"မမတက်.."
"မင်းအရင်တက်လိုက်ပါ ထိန်းလို့ရတာပေါ့"
ထိုကောင်လေးရဲ့စကားကို ကျွန်မ ဖြတ်ပြောမိသွားသည်။
ကိုယ့်ကိုယ်တိုင်တောင်မသိလိုက်ဘူး။
ကျွန်မဖြတ်ပြောလိုက်တော့ ထိုကောင်လေးက သူ့ကိုကြည့်သည်။
သူကကျွန်မကိုကြည့်နေသည်။ အခြေအနေကတစ်မျိုးပင်။ ထိုကောင်လေးကတော့ ကျွန်မ ပြောတဲ့အတိုင်း
အရင်တက်သွားသည်။ သူကနောက်ကလည်း ကျွန်မကိုအကြည့်လွှဲသွားပြီး ထိုကောင်လေးနောက်က လိုက်တက်သည်။
သူ့ကောင်လေးက သူ့ကိုဘေးမှာထိုင်စေပြီးမှ လှေပိုင်ရှင်ဦးလေးကြီးကိုစကားပြောနေသည်။ သူသွားမယ့်နေရာပြောနေပုံပဲ။
ကျွန်မ လက်ပိုက်ပြီး ရပ်ကြည့်နေတာမှလွဲ၍ ဘာမှမလုပ်မိ။
သူ့ကိုကြည့်ရတာ အရင်ကလိုတော်တော်ဆိုးဆိုးကိုက်နေပုံပဲ။
သူ့မျက်နှာဟာ မအီမသာ။ ကံကောင်းသည်လား ဆိုးသည်လားမသိ ကျွန်မမှာ ဆေးပါလာခဲ့သည်။
မနက်က ခေါင်းကိုက်ချင်သလိုဖြစ်နေတာမလို့ ဆောင်လာတာလေ။ သူ့ကိုပေးလိုက်သင့်လား။ ကျွန်မ
ဘောင်းဘီအိတ်ထဲက ဆေးကဒ်ကိုနှိုပ်လိုက်သည်။ ဒါပေမယ့်ကိုင်ထားရုံမှလွဲပြီး ဘာမှမလုပ်မိ။
"ကျဲအရင်တက်မလား"
ရုတ်တရက်ထွက်လာတဲ့အသံစူးစူးကြောင့် တစ်ချက်တုန်တက်သွားသည်။
ရှင်းပဲ သူဘယ်တုံးက အနောက်ရောက်နေတာပါလိမ့်။ အသံမပေးဘာမပေး။ ကျွန်မ ဆေးကဒ်ကိုအိတ်ထဲပြန်ထည့်ပြီး
ရှင်းကို ခေါင်းငဲ့ကြည့်လိုက်သည်။
"ကောတို့ကို အရမ်းကြည့်တာပဲ အားကျလို့လား"
သူက သူထင်သလိုပြောလာသည်။ ကျွန်မပြုံးပြလိုက်သည်။
အားမကျပေမယ့် အားကျပါတယ်။ အတွဲကိုအားကျတာမဟုတ်ပဲ လူကိုအားကျတာ။
"ရှင်းအရင်တက်လိုက်ပါ"
ကျွန်မ သူ့ရဲ့နောက်မေးခွန်းကိုရှောင်ဖယ်ဖြေလိုက်သည်။
သူသတိ မထားမိဖို့မျှော်လင့်သည်။
"ဝိုး..ကျဲ ရှင်းလို့ခေါ်တာနားထောင်လို့ကောင်းသားပဲ
အဟဲ..အဲ့ဆိုအရင်တက်ပြီ"
သူကပြောပြောဆိုဆို လှေပေါ်ရောက်သွားခဲ့သည်။ ကျွန်မလည်း အနောက်ကလိုက် တက်သည်။ ခုံကသုံးခုံ။ ရှင်းက အရှေ့ဆုံးမှာသွားထိုင်သည်။ ကျွန်မအလယ်မှာပဲထိုင်လိုက်သည်။
အနောက်က လူနှစ်ယောက်ကိုတော့ ယောင်လို့ပင် လှည့်မကြည့်။
မကြာ လှေဟာ ကမ်းစပ်မှနေ၍ တစ်ရွေ့ရွေ့ထွက်ခွာလေသည်။
လှေပေါ်၌ စကားသံတို့တိတ်ဆိတ်နေခဲ့သည်။
~ကျစ်..ကျစ်..ကျစ်~
လေတိုးသံနဲ့ စက်လှေသံကိုဖုန်း၍ တိုးလျလျအသံအဆုံး
ခန္ဓာကိုယ်ဟာ တားမရစွာပင် အနောက်သို့လှည့်ကြည့်မိသွားသည်။ ထိုအခါ မမြင်ချင်တဲ့မြင်ကွင်းက
စီးကြိုနေသည်။ သူက တစ်ခြား အမျိုးသားတစ်ယောက်ရဲ့ ရင်ခွင်ထဲရောက်နေခဲ့သည်။ သို့သော်
ကျွန်မလှည့်ကြည့်တာသူသတိထားမိသွားတော့ ပုံမှန်ပြန်ပြင်ထိုင်သည်။ ကျွန်မ ကျေနပ်သွားတယ်လို့ပြောရင်
ယုံမလား။ အနည်းဆုံးတော့ သူကျွန်မအပေါ်စိတ်တစ်ချို့ကျန်သေးတာသိလိုက်ရသည်။ ဘယ်လိုစိတ်မျိုးဖြစ်ဖြစ်ပေါ့လေ။
ဘေးက ကောင်လေးကတော့ ကြောင်အမ်းအမ်းဖြစ်နေသည်။
"နင့်ခေါင်းက တော်တော်ကိုက်နေတာလား"
ကျွန်မ အသံမြှင့်မေးတော့ သူက ကျွန်မကိုကြည့်နေသည်မှလွဲ၍
ဘာမှမတုန့်ပြန်။ ကျွန်မမျက်မှောင်ကျုံလိုက်တော့မှ ခေါင်းညိတ်ပြသည်။
"ဆေးပါတယ် သောက်မလား"
"ဟိုကျေးဇူးတင်ပေမယ့် မမက ခေါင်းကိုက်ပျောက်ဆေးတော်တော်များများနဲ့မတည့်ဘူးဗျ"
ထိုကောင်လေးကကြားထဲက ဝင်ပြောသည်။ ကျွန်မ သူ့ကိုကြည့်ရင်းပင်
ခပ်ပေါ့ပေါ့ရယ်လိုက်မိသည်။ နောက်ပြီး ထိုကောင်လေးကိုကြည့်လိုက်သည်။
"သူတည့်ပါတယ်"
ပြောပြီး သူ့ကိုအကြည့်ပြန်ပေးလိုက်သည်။ နောက် ခုဏက
အိတ်ကပ်ထဲပြန်ထည့်ထားတဲ့ဆေးကဒ်ကို ထုတ်ပြီး သူ့ကိုပေးလိုက်သည်။ ထိုကောင်းလေးကဆေးကဒ်ကိုယူဖို့လက်ကမ်းသည်။
သို့သော် ဆေးကဒ်ဟာ သူ့လက်ထဲအရင်ရောက်သွားခဲ့သည်။
ကျွန်မ ထည့်ပေးလိုက်ခြင်းပါ။ သူက ဆေးကဒ်ကိုငိုင်ငိုင်ကြီး ကြည့်နေသည်။ ဘာတွေတွေးနေမလည်းဆိုတာကို
မခန့်မှန်းတတ်။ ကျွန်မ ပေးပြီးတာမို့ အရှေ့ကိုပြန်လှည့်လိုက်သည်။
နောက်တော့ အနောက်မှ အသံများကို လေသံပလုံးဗထွေးနှင့်
တိုးတိုးမှလွဲ၍ ထက်မကြားရတော့။ ကျွန်မလည်းလှည့်မကြည့်တော့။ အင်းရေပြင်ကိုသာကြည့်နေလိုက်သည်။
လှေတော်တော်ငြိမ်သွားချိန်မှာ အရှေ့ခုံက ရှင်းက ကျွန်မဘေးကို
ကျော်ခွပြီးရောက်လာသည်။ ပြီးတော့ ဘေးမှာထိုင်ပြီး ကင်မရာတစ်လုံးနဲ့ အလုပ်ရှုပ်နေပြန်သည်။
အရှေ့မှာရိုက်တာပိုလှတာကိုလေ။ သို့သော် တစ်ချက်ကြည့်ရုံမှအပ ဘာမှမပြောမိ။
~ဖျက်~
ရုတ်တရက် ဖျက်ဆိုသည့်အသံနှင့်အတူ မျက်လုံးထဲ မီးရောင်
ဖျော့ဖျော့ကလင်းခနဲမလို့ ဘေးကိုကြည့်လိုက်သည်။ ရှင်းရဲ့ကင်မရာဟာ ကျွန်မ မျက်နှာကို
တည့်တည့်ကြီးပင်ချိန်ထားသည်လေ။
~ဖျက်~
ဒီတစ်ခါ မီးရောင်ဟာတော့ မျက်လုံးထဲ တည့်တည့်ပင်ဝင်လာသည်။
ဒီကလေးမ လူကို ပေါ်တင်ကြီးရိုက်နေပါ့လား။
"ရှုခင်းကိုရိုက်လေ"
ကျွန်မ ပြုံးရေ့ရေ့နှင့် သူ့နား ကပ်ပြောလိုက်သည်။
ဒီတိုင်းပြောရင် လေတိုးသံနဲ့ လုံးထွေးပြီးသေချာကြားရမှာမဟုတ်ဘူးလေ။
"ရိုက်နေတာပဲ"
သူက ကျွန်မ နားကို လက်နဲ့ကာပြီး တိုးတိုးလေးကပ်ပြောသည်။
ကျွန်မ ပြုံးလိုက်မိသည်။ သူကတော့ ကင်မရာကြည့်ပြီး ပြုံးနေချေသည်။ ကျွန်မ သူ့ကင်မရာထဲက
ပုံတွေကို သိသိသာသာကပ်ကြည့်လိုက်သည်။
"လှတာလည်းမဟုတ်ပဲ ဖြတ်လိုက်ပါ"
သူကမော့ကြည့်သည်။
"ကျဲမကြိုက်လို့လား"
"အဲ့လိုမဟုတ်ပေမယ့်.."
"အဲ့တာဆိုရပြီလေ။ ရှင်းက ကျဲကိုအမှတ်တရရိုက်ထားတာ။
ပြီးတော့ ဒီမှာကြည့် လှလှလေး"
ပြောရင်း ကင်မရာ screen ကို ကျွန်မ မျက်နှာရှေ့
လာပြသည်။ သေချာကြည့်တော့ မဆိုးပါဘူး။ ကျွန်မ ခေါင်းယမ်းရင်း တစ်ဖက်ကိုပြန်လှည့်လိုက်သည်။
ပိတ်ပင်တာမျိုးမလုပ်မိတော့။ အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီးအေးချမ်းတယ်မလား။
ခုမှခင်တဲ့ သူများသားသမီးကို အရူးလို့ပြောတာအနည်းငယ်ရိုင်းပေမယ့်
ထိုသို့သာပြောရမည်လေ။
ခဏအကြာ တစ်ဖက်က မျက်နှာချင်းဆိုင်လာတဲ့လှေပေါ်မှ
ကောင်လေတစ်ချို့ဟာ ကျွန်မတို့ကို ရေနဲ့လှမ်းပတ်လေသည်။ တစ်ဆက်ထဲ ကျွန်မ ခန္ဓာကိုယ်မှာ
ပူနွေးနွေးအထိအတွေ့တစ်ခုကိုခံစားလိုက်ရသည်။ ကျွန်မ ငုပ်ကြည့်လိုက်တော့ ရှင်းဟာ ကျွန်မရင်ခွင်ထဲကိုမျက်နှာအပ်ထားသည််။
ရေပတ်တဲ့လှေက သူ့ဘက်ကဖြတ်တာရော ရေပုန်းနဲ့ပါပတ်တာရောကြောင့် တစ်ဖက်ကိုလှည့်ရှောင်ရင်းရောက်လာတာထင်သည်။
သူချက်ချင်းပြန်ထွက်ပါသည်။ ပြီးတော့ သွားဖြဲပြသည်။
"အဟဲ..sorry နော်ကျဲ ရေပုန်းကြီးနဲ့မလို့"
ကျွန်မဘာမှမပြောပဲ ခေါင်းညိတ်ပြလိုက်သည်။
"ကျဲ ဘာရေမွှေးသုံးတာလည်း..မွှေးလိုက်တာ"
ကျွန်မ ပြန်မဖြေ။ ရယ်ပြပြီး အရှေ့ကိုပြန်လှည့်လိုက်သည်။
ရေနဲ့ထိတာကို မွှေးသေးတာလား။
"အကျင့်ပုပ်.."
"အငယ်မ...နင်အစ်မကို အဲ့လောက် မနှောက်ယှက်နဲ့လေ
အစ်မ အေးဆေးနေပါစေ"
အနောက်က လှမ်းအော်တဲ့ အသံဩရှရှကြောင့် ရှင်းပြောမယ့်စကားတို့ရပ်တန့်သွားသည်။
ဘေးကိုမသိမသာပြန်ကြည့်လိုက်တော့ ရှင်းဟာဆူပုတ်လို့။
ကျွန်မ သူတို့နှစ်ယောက်ကြားဝင်မပါချင်ပါ။ အထူးသဖြင့် ထိုကောင်လေးကို စကား မပြောချင်။
ထို့ကြောင့် မသိသလိုနေလိုက်သည်။ ကျွန်မ သဘောထားကြီးသင့်ပေမယ့် ထိုကောင်လေးကိုအရေးပေးဖို့ဘယ်လိုမှကြိုးစားမရပါ။
သေချာပေါက် သူပိုင်ဆိုင်ထားတဲ့ သူမကြောင့်ပေါ့။
ခရီးတစ်လျှောက် လှေပေါ်တွင် တစ်ချက်တစ်ချက်စကားသံမှလွဲ၍
စက်လှေသံ၊ ရေသံ နှင့် လေတိုးသံသာ ကြီးစိုးလေသည်။ ဟော်တယ်ရောက်သည်ထိ စကားသံမထွက်တာကတော့
ကျွန်မတို့နှစ်ယောက်ပင်။
ထက်တိုက်ဆိုင်ချင်တော့ ကျွန်မတို့က ဟော်တယ်တစ်ခုထဲတည်းနေကြသည်။
ကျွန်မ ဒီမှာတည်းတယ်ဆိုတာကိုမပြောချင်။ ထို့ကြောင့်သူတို့ သွားတဲ့အထိစောင့်နေလိုက်သည်။
"ကျဲ..ရှင်း သွားပြီနော်..မနက်ဖြန်တွေ့မယ်"
ရှင်းက ကျွန်မ ကိုတိုးတိုးကပ်ပြောသည်။ ကျန်တဲ့နှစ်ယောက်ကတော့
အပေါ်အရင်တက်သွားသည်။
"မင်းအကို ကိုခွင့်တောင်းထားလိုက်အုံး"
"ပိုင်ပါတယ်"
သူကကိုယ့်ရင်ဘက်ကိုယ်လက်နဲ့အသာပုပ်ပြပြီး ယုံကြည်မှုရှိရှိပြောသည်။
ပြုံးပြလိုက်သည်။
ကျွန်မဘာမှပြန်မပြောတော့ သူကလည်းဆက်မပြောတော့။ လှေပေါ်ကဆင်းသွားသည်။
ကျွန်မ သူ့ကိုကြည့်လိုက်မိသည်။ သက်သာသည့်ပုံပဲ။ မျက်နှာက
လှေပေါ်ကလောက်မဆိုးတော့။ ဘာရယ်မဟုတ် စိတ်သက်သာရာတော့ရသွာသည်။
"ကျေးဇူးပါအစ်မ"
ဘေးက ကောင်လေးထံကစကားပါ။ ကျွန်မ ခေါင်းသာညိတ်ပြလိုက်သည်။
သူတို့ အသီးသီးပင် ဟော်တယ်မုခ်ဦးထဲဝင်သွားကြသည်။
"ဦးလေး ဟိုဘက်ကိုပြန်ပို့ပေးရအုံးမလား"
အနောက်ကဦးလေးထံကစကားပင်။ ဘာကိုပြောတာလည်းနားမလည်လိုက်။
"ဘယ်လည်း"
"ရေကစားတဲ့နေရာ"
ကျွန်မအပြန်ဝင်မယ်ပြောခဲ့တဲ့နေရာပဲ။ လှေပေါ်ကမဆင်းသေးလို့
သွားစရာရှိသေးတယ်ထင်နေပုံရသည်။ ကျွန်မ ခေါင်းယမ်းပြလိုက်သည်။ အားမရှိတော့ဘူးလေ။ စိတ်လည်းမပါတော့။
"မနက်ဖြန်မှသက်သက်သွားတော့မယ်..မနက် 9နာရီလောက်လာခေါ်ပေးပါ"
"ကောင်းပြီ"
ဒီလိုနဲ့ ကျွန်မ လှေပေါ်ကဆင်းပြီး အထဲဝင်ခဲ့လိုက်သည်။
နောက်တော့ သစ်တံတားလမ်းအတိုင်း ကျွန်မနေတဲ့အိမ်အသေးလေးကိုလျှောက်သွားလိုက်သည်။ ဒီက
ဟော်တယ်က ပြောရရင်ချောင်းသာလိုပင်။ လုံးခြင်း ရေပေါ်အိမ်အသေးလေးတွေဖြစ်သည်။ နေချင့်စဖွယ်ပင်။
တစ်ရက်တည်းစရိတ်ကတော့ လူတော်တော်များများအတွက် များတယ်လို့ထင်နိုင်သည့်ပမာဏမျိုးပင်။
ကျွန်မ အခန်းထဲရောက်တာနဲ့ အဝတ်စားမလဲပဲ အရှေ့ကခုံပေါ်မှာ
ထိုင်နေမိသည်။ တောင်းတန်းတွေ ကာရံထားတဲ့ ဒီအင်းရေပြင်ကြီးဟာ အေးချမ်းလှသည်။ သာယာလှသည်။
ဒီအေးချမ်းတဲ့ မြင်ကွင်းကိုကြည့်ပြီး ဘာလို့ပူလောင်မိနေပါလိမ့်။
သက်ပြင်းချလိုက်သည်။ နောက်တော့ထိုနေရာမှထ၍ အခန်းထဲပြန်ဝင်ခဲ့လိုက်သည်။
__________
ဆောင်းဦးကဗျာ တစ်ယောက် ကုတင်ပေါ်တွင် ငိုင်မြင်းစွာထိုင်နေသည်။
သူ့လက်ထဲမှာ ဆေးကဒ်လေးတစ်ကဒ်ရှိနေပြီး ထိုဆေးကဒ်ကိုငေးကြည့်နေသည်။
"ကျဲကျဲ လှဲနေလေ..ခေါင်းကိုက်တယ်ဆို"
ရေချိုးခန်းထဲက ထွက်လာတဲ့ရှင်းက ကဗျာ့ကိုမြင်တော့
ဆံပင်သုတ်နေရင်း လှမ်းပြောသည်။ ခဏအတွင်း ကဗျာ့ရှေ့ရောက်သွားသည်။ ကဗျာက ဆေးကဒ်ကို ဘေးချပြီး
ရှင်းကိုကြည့်သည်။ နောက်ပြုံးပြသည်။
"သက်သာသွားပါပြီ..လာ အစ်မ သုတ်ပေးမယ်"
ရှင်းထံက တဘက်ကို လက်လှမ်းရင်ပြောတော့ ရှင်းကရှောင်သည်။
"မလုပ်ပါနဲ့ တော်ကြာ ရှင်းကို ကောက လာသတ်နေအုံးမယ်"
ကဗျာက သဘောတကျ ပြုံးသည်။ နောက်တော့ ရှင်းလက်ထဲက တဘက်ကို
ရအောင်လုယူသည်။ ထိုအခါရှင်းက ဆူအောင့်အောင့်နှင့်
"မလုပ်ပါနဲ့ဆို"
သို့သော်ပြန်မလု။ ကဗျာ ပြုံးပြုံးနှင့် ရှင်းလက်ကိုဆွဲကာ
"လာပါ..ထိုင် ရှင်းက ကလေးရှိသေးတာ အစ်မကလုပ်ပေးရမှာပေါ့"
ရှင်းက နှုတ်ခမ်းဆူရင်းဝင်ထိုင်သည်။ ပြီးတော့
လက်ပိုက်လျက် မကျေမနပ်ပင်။
"ဒီနေ့တင် ကလေးလို့အပြောခံရတာ သုံးလေးခါရှိသွားပြီ"
ကဗျာက ဆံပင်သုတ်ပေးရင်းပင်။
"ဘယ်လိုဖြစ်ရတာလည်း အစ်မကခုမှပြောတာကို"
ရှင်းက ဘာမှမရှိတဲ့ အရှေ့က လေဟာပြင်ကိုမေးငေါ့ပြသည်။
"ဟို ကျဲလေ"
"ဘယ်ကျဲလည်း"
"အပြန်မှာ လှေအတူတူစီးတဲ့ အစ်မကြီးပေါ့..သူ
ရှင်းကို ကလေးလို့ပြောတာ သုံးခါလောက်ရှိတယ်"
ကဗျာ့ရဲ့လက်တွေဟာ ရုတ်ချည်ရပ်တန့်သွားသည်။ မျက်နှာမှ
အပြုံးဟာလည်း ရော့ကျသွားခဲ့သည်။
"သူက ဘာလို့ ခေါ်တာလည်း"
အမေး သံမှာ တိုးတိုးပင်။
"မသိဘူးလေ..ရှင်းကို ကလေးရှိသေးတာ ဘာညာပြောတာ..ဒါပေမယ့်
ခင်ဖို့အရမ်းကောင်းတယ်..လှလည်းလှတယ် အဟိ"
ရှင်းက ကိုယ်ဟာကိုယ် ပြောရင်း ကိုယ့်အတွေးနဲ့ကိုယ်
ရယ်နေသည်။ မရယ်နိုင်သူက ကဗျာပင်။ ချက်ချင်းကို ငြိမ်ကျသွားခဲ့သည်ပါ။
"ဘယ်လို သိကျတာလည်း"
"ဘုရားပေါ်မှာပဲ။ ဓာတ်ပုံရိုက်ခိုင်းရင်းနဲ့ခင်သွားတာ..အစ်မကြီးက
ခင်ဖို့ကောင်းတာကို သဘောလည်းကောင်းတယ်။ သိတယ်မလား..ရှင်းက ဆိုရှယ်ကောင်းတယ်လေ သူကလည်း
ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကောင်းတယ် ဒါပေမယ့် ကောကိုတော့နည်းနည်းရန်လိုနေသလိုပဲ
ကော်ကိုကြည့်တဲ့အကြည့်ကတော့ နည်းနည်းကြောက်ဖို့ကောင်းတယ်။ သူ့ကိုစတွေ့တုံးကလေ...."
ရှင်းက လက်ဟန်ခြေဟန်နဲ့ပါ အဖြစ်အပျက်တစ်ခုစီကို အားပါးတရ
ပြောပြနေသည်။ ကဗျာနားထောင်နေပါသည်။ သို့သော် အကုန်မဟုတ်။ ကဗျာက တစ်နေရာထဲကိုပဲ စိုက်ကြည့်နေသည်။
ရှင်းရဲ့ စကားအဆုံးရောက်တော့မှ ခါးမတ်သွားသည်။
"ဪ"
တိုးရှရှထွက်လာသောအသံပင်။
"ဒါကြောင့် ရှင်းမနက်ဖြန် လျှောက်လည်မလို့"
"ဟင်"
"မနက်ဖြန်ကျ ရှင်းက အဲ့အစ်မကြီးနဲ့ လျှောက်လည်မလို့"
"နှစ်ယောက်ထဲလား"
"အွန်းလေ နှစ်ယောက်ထဲပေါ့ သူကလည်းတစ်ယောက်ထဲကို..ကောကိုတော့
ပြောပြီးသွားပြီ။ သွား..တဲ့။ အစ်မကိုတော့ အနှောက်အယှက် မပေးနဲ့တဲ့။ ဒီတော့ မနက်ဖြန်ကျ
ကျဲကျဲတို့ကနှစ်ယောက်ထဲ အေးအေးဆေးဆေးလည်ကြ။ ရှင်းလည်း ကျဲနဲ့လည်မယ် အရင်လို Third
wheel မဖြစ်ရတော့ဘူးလေနော်။ မဟုတ်ရင် ကျဲကျဲတို့က လူကိုခေါ်ပြီး ရိုပြနေကြတာ"
ရှင်းက စကားတွေအများကြီးပြောသွားသည်။ ကဗျာ့ဘက်က တိတ်ဆိတ်နေဆဲပင်။
"ရပြီ။ ခြောက်သွားပြီ။ အစ်မ ခဏမှေးအုံးမယ်နော်"
ကဗျာက ပြောရင်း တဘက်ကို ဘေးချကာ တစ်ဖက်ကိုလှည့်အိပ်သည်။ ရှင်းကလည်း အလိုက် တသိပင် ချထားတဲ့ တဘက်ကိုယူကာ တန်းပေါ်ပြန်ထားသည်။
နောက်တော့ ကဗျာ့ဘေးက ကုတင်ပေါ်မှာပဲ နားကြပ်တပ်ကာ
ဖုန်းကြည့်နေသည်။
~ဒေါက်~ဒေါက်~ဒေါက်~
အချိန်တစ်ခုအကြာ ထွက်ပေါ်လာတဲ့တံခါးခေါက်သံ။ ထိုအသံကြောင့်
သူ့အကြည့်ဟာတံခါးထံရောက်သွားသည်။ သူတပ်ထားတဲ့နားကြပ်ကိုဖြုတ်ပြီး တံခါးဖက်ကအသံကိုနားဆင့်သလိုလုပ်သည်။
ထတော့မဖွင့်သေး။
~ဒေါက်~ဒေါက်~
တံခါးခေါက်သံသေချာသွား၍ထင်သည်။ ရှင်းကကုတင်ပေါ်မှ
အသာဆင်းသွားသည်။ နောက် ခြေဖော့ကာ တံခါးနား လျှောက်သွားသည်။ တံခါးကိုခပ်ဟဟဖွင့်ကြည့်သည်။
တံခါးနောက်မှာတော့ ဘုန်းပြည့်အောင်ဟာ အထုပ်နှစ်ထုပ်ကိုင်ပြီးရပ်နေသည်။ သူ့အစ်ကိုဖြစ်သူကိုမြင်တော့
တံခါးကိုသူ့တစ်ကိုယ်စာသာဖွင့်သည်။ နောက် အပေါက်ဝမှာပင်် တံခါးတိုင်ကိုမှီပြီး အစ်ကိုဖြစ်သူကို
မထီမဲ့မြင်ကြည့်နေသည်။
"ကျဲကျဲအိပ်နေတယ်..ပေးခဲ့"
ဘုန်းဟာ ရှင်းကိုကျော်၍ အခန်းထဲကိုလှမ်းကြည့်သည်။
ရှင်းကိုယ်က ကွယ်နေသည်မို့ ကုတင်ဘက်ကိုတော့ ရှင်းရှင်းမမြင်ရ။ ရှင်းကလည်းအပြည့်မဖွင့်ပေး။
"အိပ်နေပါတယ်ဆို..ပိုကိုပိုတယ်..ပေး! ဒါက
girl room ယောင်္ကျားလေးလက်မခံဘူး"
ရှင်းက ပြောပြီးလျှာထုတ်ပြသည်။ ဘုန်းကတော့ ညီမလုပ်သူကို
မျက်မှောင်ကျုံ့ကြည့်သည်။ ဘာမှတော့မပြော။ နောက် သူ့လက်ထဲက အထုပ်နှစ်ထုပ်ကို ရှင်းလက်ထဲ
ထည့်ပေးသည်။ အသာတော့မဟုတ် ဆောင့်အောင့်အောင့်ထည့်ပေးခြင်း။
"ရော့ယူ...။ ဒါနဲ့ မျောက်မ..ငါ့မမက နေမကောင်းဘူးနော်
နင့်မျောက်ဗီဇတွေသိမ်းထား"
ရှင်းက မဲ့ရွဲ့သွားသည်။ နောက် ရင်ဘက်ပေါ်လက်နှင့်ဖိကာ
အန်သည့်ပုံလုပ်သည်။
"အော့..သိပါတယ်။ မှတ်ထားတယ်နော် နောက်အခါ ညီမလေးလိုက်ခဲ့ပါလာမလုပ်နဲ့
တဘယ်လယ်နိုးပဲ"
ဘုန်းက ညီးမဖြစ်သူကိုကြည့်ပြီး ခပ်တိုးတိုးရယ်သည်။
မမကအိပ်နေတော့ အကျယ်ကြီးရယ်လို့ကမရ။
"မုန့်သာကုန်အောင်စား စကားကိုကုန်အောင်မပြောနဲ့..ကြားလား
မျောက်မ"
ရှင်းက ဆွေ့ဆွေ့ခုန်နေချေပြီ။
"ကျဲကျဲနိုးလာရင် ကောကြောင့်ပဲ"
ထိုသို့ပြောလိုက်တော့ ရန်ပြန်လုပ်နေတဲ့ ဘုန်းဟာ ပြန်တည်သွားသည်။
နောက်ပါးစပ်ကို လက်နှင့်အုပ်ပြသည်။
"အဟမ်း..မမကြောင့်မလို့နော်။ သွားသွား မုန့်စားပြီး
ငါ့မမကိုဂရုစိုက်လိုက်။ အဲ့ထဲမှာ ဆေးထုပ်လည်းပါတယ်..မျောက်စာလည်းပါတယ်"
ရှင်းက လျှာထုတ်ပြပြီး တံခါးကိုပိတ်လိုက်သည်။ နောက်မုန့်ထုပ်တွေကို
ခုန်ပေါ်မှာတင်သည်။
ကဗျာ့ ကုတင်ဘက်လျှောက်သွားပြီး အိပ်နေတဲ့ ကဗျာ့ကို
ကြည့်သည်။ ကဗျာက သူ့ဘက်ခြမ်းကိုလှည့်အိပ်နေခြင်းလေ။
"မျက်ရည်တွေကျနေတာပဲ။ အိမ်မက်ဆိုးများမက်နေတာလား"
ရှင်း အိပ်ပျော်နေသော ကဗျာ့ကို့ ကြည့်ချိန်မှာ ကဗျာ့
မျက်ဝန်းထဲမှ မျက်ရည်စီးကြောင်းတစ်ခုဟာ နှာတံကိုကျော်၍ အောက်သို့စီးကျသွားတာကိုတွေ့လိုက်သောကြောင့်ပင်။
ရှင်းက ကဗျာ့ကိုယ်ပေါ်ကို စောင်ခြုံပေးသည်။ နောက် ဘေးကတစ်ရှူးတစ်ရွက်ယူကာ မျက်ရည်စက်တို့ကို
အသာသုတ်ပေးပြီး ကဗျာ့ လက်မောင်းကို ဖွဖွလေးပွတ်ပေးသည်။
အိမ်ပျော်နေတဲ့သူကသိမှာမဟုတ်ပေမယ့် အနည်းဆုံးတော့
အိမ်မက်ဆိုးမက်ရင် သက်သာတယ်မလား။
ခဏကြာတော့ ရှင်းကဖုန်းကိုယူကာ အခန်းထဲက အသာလေးထွက်သွားသည်။
သူမမြင်လိုက်သည်က တံခါးပိတ်သံအပြီး ပွင့်လာတဲ့ ကဗျာ့ရဲ့
မျက်ဝန်းညိုတွေကိုပင်။
__________
Thanks for reading 🍁
Mone Kharr
__________