လရောင်နမ်းမယ့်ချစ်ခြင်းကာရန် - Episode 13


ပန်းရနံ့တွေ မရှိတော့တဲ့ တစ်ညတာကို ကျွန်မဘယ်လို ဖြတ်သန်းရပါ့မလဲ ။ မြင်နေရသမျှက ကျွန်မအတွက်တော့ မွန်းကြပ်စရာတွေအပြည့်နဲ့လေ ။

" လရောင် လာလေ "

သူတို့နဲ့ ခပ်ခွါခွါပဲ ရပ်နေတဲ့ ကျွန်မကို ပန်းအိက ဆွဲခေါ်တယ် ။ မလိုက်ချင်လိုက်ချင်နဲ့ ပါလာရပြီး ဝိုင်းဖွဲ့ထားတဲ့ ကြမ်းပြင်မှာ ထိုင်လိုက်ရတယ် ။

" ငါတို့ အစကတော့ ပုလင်းထောင်မလို့ပဲ ၊ ဒါပေမယ့် အန်တီမော်ကိုရော ကာရန့်ကိုရော အားနာလို့ မလုပ်တော့ဘူး "

" လူလိုတော့ သိတတ်သေးသားပဲ "

" နင်ကလည်း ငါ့ကိုဆို ပြောဖို့ချည်းပဲ "

ဇေယျာက မျက်နှာကို ရှုံ့ပြီး အအေးဗူးကို ကောက်ဖွင့်တယ် ။ ကျွန်မကတော့ စကားဝိုင်းနဲ့ မသက်ဆိုင်သလို ခပ်ဆိတ်ဆိတ်ပဲ နေမိတယ် ။ တကယ်လည်း မသက်ဆိုင်ပါဘူးလေ ၊ သူတို့ ပြောနေကြတာက ကျန်ရှိနေတဲ့ တက္ကသိုလ်နောက်ဆုံးနှစ်ကို ဘယ်လိုတွေ ဖြတ်သန်းကြမလဲ ဆိုတာပဲဟာကို ။

" ဒေါက် ဒေါက် "

တံခါးခေါက်သံလို ပါးစပ်ကနေ အသံထွက်လိုက်တာဟာ ကာရန်ဖြစ်နေမှန်း ကျွန်မကတော့ သိနေပြီးသား ။ ကာရန်က လက်ထဲမှာ မုန့်တွေ တပွေ့တပိုက်နဲ့ အထဲကို ဝင်လာတယ် ။

" အသံကြားနေသေးလို့လေ အိပ်တော့ မအိပ်သေးဘူးထင်လို့ မုန့်လာပို့တာ "

" အားနာစရာဗျာ "

" အားနာစရာဆိုပြီး နင်က အရင်ထ သိလား "

အဖွဲ့ရဲ့ ကြောင်နဲ့ကြွက် လေပြေနဲ့ ဇေယျာကတော့ သူတို့ ထုံးစံအတိုင်း တကျက်ကျက် ။

" ကာရန်ပါ လာထိုင်လိုက်ပါလား ၊ စကားပြောရတာပေါ့ "

" မဟုတ် … "

" လာပါ ကာရန်ရဲ့၊ လေပြေတို့က ခင်ချင်လို့ပါ "

လေပြေက ထိုင်နေရာကနေ ထပြီး တကူးတက ကာရန်ကို ဆွဲခေါ်လာတယ် ။ ကာရန်က ကျွန်မကို ဖျက်ခနဲ လှမ်းကြည့်တော့ ကျွန်မတို့ နှစ်ယောက်ရဲ့ အကြည့်တွေက ခဏတာ ဆက်သွယ်မိသွားကြတယ် ။

" လရောင်က ပေါင်းရခက်တယ် မဟုတ်လား ကာရန် "

တစ်ချိန်လုံး တိတ်နေခဲ့တဲ့ အဉ္ဇလီ့ဆီက အသံထွက်လာတယ် ။ လေပြေနဲ့ ပန်းအိရဲ့ ကြားမှာ ညပ်နေရှာတဲ့ ကာရန်က ပြုံးတယ် ။

" ပေါင်းရခက်တယ်လို့တော့ မဟုတ်ပေမယ့် သူငယ်ချင်းဖြစ်ဖို့တော့ အတော် ရုန်းကန်လိုက်ရတယ် "

" ရောင်က အဲ့လိုပဲ ၊ လီတောင် သူ ဆိုးတာကို တော်တော်သည်းခံပြီးမှ သူငယ်ချင်းဖြစ်လို့ရခဲ့တာ "

အဉ္ဇလီက ကျွန်မနဲ့ ပက်သတ်ရင် ကျွန်မအကြောင်းကို သူ့လောက် ဘယ်သူမှ မသိနိုင်ဘူးလို့ သတ်မှတ်ထားတာ ။ အဲ့လို ဖြစ်အောင်လည်း ကျွန်မပဲ လမ်းတွေ ဖွင့်ပေးမိတယ် ထင်ပါရဲ့ ။

" ဒါပေမယ့် အစပိုင်းမှာတော့ လရောင်က သည်းခံခဲ့ရမယ် ထင်တယ်နော် "

" ကာရန်က လိုက်စနေတာကို "

ဒီညအတွက် ကျွန်မရဲ့ ပထမဆုံးစကားက ကာရန့်ကို ပေးတဲ့ တုံ့ပြန်ချက်ပဲ ဖြစ်လို့နေတယ် ။ ရယ်သံခပ်သဲ့သဲ့ထွက်လာပြီး စကားဝိုင်းက စိုစိုပြေပြေကလေး ပြန်ဖြစ်လာရတယ် ။

" ဒေါသအိုးက ထမရိုက်ဘူးလား ၊ ဇေယျာဆို ထုခံရတာ ခဏခဏ "

" လူရိုက်တတ်မယ် မထင်ထားတာကို "

" ပြောရင်းနဲ့တောင် ကျောတွေ အောင့်လာသလိုပဲ "

ကျွန်မ ဘေးမှာ ထိုင်တဲ့ ဇေယျာက သူ့ကျောသူ ပြန်စမ်းတော့ လက်က အကျင့်ပါပြီး သူ့ကို ရိုက်မိပြန်တယ် ။

" အဆုတ်ကွာမယ် လိပ်ခွံခေါင်းရဲ့ "

" နင်က သေမလို့ လိုက်စနေတာလား "

" သေတော့ မသေချင်ပါဘူးဟာ ၊ ငါတို့ သူငယ်ချင်းကို ပြန်ခေါ်ချင်ရုံပါ "

ဇေယျာ့ရဲ့ ခပ်နွမ်းနွမ်းအပြုံးကြောင့် တစ်ဝိုင်းလုံး တဒင်္ဂလောက် တိတ်ဆိတ်သွားကြတယ် ။ သူတို့ အမြင်မှာတော့ ကျွန်မက စွန့်ပစ်ခဲ့သူပဲလေ ။

" ဒါနဲ့ ကာရန်က တစ်ယောက်တည်း နေတာလား "

" မဟုတ်ပါဘူး ၊ အရင်ကတော့ အိမ်က သရဲရယ် ကာရန်ရယ် နေတာ ။ အခုတော့ သုံးယောက်လေ လရောင်ပါ ပါလာပြီ "

ရယ်သံတွေ ပြန်ရောက်လာပြီး နေရခက်တဲ့ အခြေအနေကို ကျော်လွှားနိုင်ခဲ့တာပဲ ။ ကာရန့်ကို ကျေးဇူးတင်ရမယ် ထင်ပါရဲ့ ။

" သရဲခြောက်တာလား အမလေး "

" မဟောက်ရင်တော့ မခြောက်ပါဘူး "

" အဲဒါဆို ပန်းအိတော့ ဂုတ်ချိုးခံရတော့မှာပဲ "

" သော်ဇင် သေနာ "

ခြုံကြည့်မယ်ဆို ကျွန်မ ပိုင်ခဲ့တဲ့ ဘဝက ဒီလို သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်စရာ ကောင်းလှပါတယ် ။ ဒါပေမယ့် အခုပိုင်နေတာကလည်း တိတ်ဆိတ်အေးချမ်းပြီး ပျော်စရာတွေ ယူဆောင်လာပေးတဲ့ မိန်းကလေးရဲ့အနားမှာ ရှိနေရတဲ့ ဘဝလေ ။ အလဲအထပ်လို့ သတ်မှတ်ရမယ်ဆိုရင်တောင် တန်ပါတယ်လို့ တွေးမိတဲ့အထိပဲ ။

တဖြေးဖြေး ညနက်လာတဲ့အထိ သူတို့ရဲ့စကားဝိုင်းက မပြီးနိုင်သေးတော့ ကာရန်ခမြာလည်း မပြန်ရရှာဘူး ။ ကာရန်ချိုရဲ့ လိုက်လျောညီထွေ နေနိုင်မှုကိုလည်း ကျွန်မတော့ တကယ် လက်ဖျားခါမိပါရဲ့ ။

" ကဲ အဲဒါဆိုလည်း အိပ်ကြမယ်လေ ၊ မနက်ကျရင်လည်း အပြင်ထွက်ကြဦးမှာဆိုတော့ စောစောလေးထွက်ရအောင် ။ ဪ ကာရန်လည်း အားရင် ကျွန်မတို့နဲ့ လိုက်ခဲ့ပါလား "

" ကာရန် မလိုက်တော့ပါဘူး ၊ ကျောင်းဖွင့်ရက်ဆိုတော့ ကလေးတွေ ကြိုဖို့ပို့ဖို့ ရှိသေးလို့လေ ။ လွတ်လွတ်လပ်လပ်သွားကြနော် "

" စိတ်မကောင်းပေမယ့် လက်ခံရမှာပါပဲ ၊ ဒါပေမယ့် အားတဲ့နေ့ဆိုရင်တော့ သေချာပေါက် လိုက်ရမှာနော် "

" ဟုတ်ပါပြီ ကာရန် အားရင် လိုက်ခဲ့ပါ့မယ် "

သူတို့ စကားဝိုင်းက သိမ်းသွားပေမယ့် စကားတွေကတော့ သိမ်းသွားတာ မဟုတ်သေးဘူး တစ်ယောက်တစ်ခွန်းနဲ့ အသံထွက်နေတုန်းပဲ ။ နေရာတွေ ချပေးနေရင်းနဲ့ အရင်ကလည်း ခရီးတစ်ခုခုထွက်ဖြစ်ရင် ကျွန်မကပဲ အကုန် စီစဉ်ပေးခဲ့တာကို သတိရသွားတယ် ။

" လရောင် ဘယ်လဲ "

စောင်တွေ ခေါင်းအုံးတွေ ယူပေးပြီးသွားတော့ ကျွန်မကတော့ စီစဉ်ထားတဲ့အတိုင်း ကာရန့်ဆီ သွားဖို့ ပြင်တော့ ပန်းအိက လှမ်းဆွဲတယ် ။

" ငါ ကာရန်နဲ့ အိပ်မှာ "

" ဟာ ဒီမှာ သူငယ်ချင်းတွေ အကုန်ရှိနေတာကို ၊ ဘာလို့ သွားဦးမှာလဲ "

ပန်းအိရဲ့ လက်ကို ခပ်ဖွဖွ ပုတ်ပေးပြီး အပြင်ကို ထွက်လာခဲ့တယ် ။ အဲဒီနောက်တော့ ဘယ်သူ့ရဲ့ ဟန့်တားသံကိုမှ မကြားရတော့ဘူး ။ သူတို့ တားလို့ မရတော့မှန်းလည်း သိသွားလောက်ပါပြီ ။

ဆိုင်အပြင်ကို ထွက်လာတော့ ခုံတန်းပေါ်မှာ ထိုင်နေတဲ့ ကာရန့်ကို တွေ့ရတယ် ။ လပြည့်ခါနီးဖြစ်တာကြောင့် ညရဲ့ ကောင်းကင်မှာ တစ်ခြမ်းပဲ့နေတဲ့ လခြမ်းကွေးကို မြင်နေရတယ် ။

" မအိပ်သေးဘူးလား "

လေပြေညှင်းသွဲ့သွဲ့က ကျွန်မရဲ့ နားရွက်ဖျားတွေကို တိုးဝှေ့ကျီဆယ်သွားကြတယ် ။ ကာရန်က ကျွန်မကို မော့ကြည့်ပြီး သူ့ဘေးက နေရာလွတ်ကို လက်နဲ့ ပုတ်ပြီး ထိုင်ဖို့ ခေါ်တယ် ။

" လရောင်ကို စောင့်နေတာ "

" မစောင့်လည်း ရပါတယ် ၊ မော်မော့်ဆီ သွားလိုက်မှာပေါ့ "

" ဘာသွားလုပ်မှာလဲ ၊ ကာရန်နဲ့ အိပ်ပါဆို "

" ကာရန့်ကို အနှောင့်အယှက်မပေးချင်လို့ပါ "

" ရပါတယ် ၊ အနှောင့်အယှက်ဖြစ်တယ်လို့ ခံစားရရင် ကုတင်ပေါ်က တွန်းချလိုက်မယ် "

တိတ်ဆိတ်နေတဲ့ ညရဲ့ လေပြေထဲ ရယ်သံတစ်ချို့ မျောပါသွားကြတယ် ။

" သူငယ်ချင်းတွေရော အိပ်သွားပြီလား "

" တစ်ညလုံး အတင်းပြောကြမယ့် အခြေအနေမှာ ရှိတယ် "

" အပေါ်ထပ်က သရဲကို လွှတ်ပေးလိုက်ရမလား "

" ပန်းအိဖြူ အရင် မေ့လဲသွားလောက်တယ် "

ကာရန်က ရယ်ရင်းနဲ့ မတ်တပ်ရပ်လိုက်တယ် ။ ပန်းရနံ့တွေကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားကြသေးတယ် ။

" အန်တီမော်က မနက်ကျရင် ဧည့်သည်တွေ မနက်စာစားဖို့ စောစောလာခဲ့မယ် ပြောတယ် ၊ ကာရန် ဖုန်းမကိုင်လို့တဲ့ "

" အာ ဖုန်းက အားကုန်နေတော့ အိတ်ထဲ ထည့်ထားတာ အသံပါ ပိတ်ထားမိတာပဲ "

ဘောင်းဘီအိတ်ထဲက ဖုန်းကို ဖွင့်ကြည့်ပေမယ့် စက်ပါပိတ်သွားကြောင်း တွေ့ရတယ် ။ အားသွင်းကြိုးယူဖို့ဆို အထဲ ပြန်ဝင်ရမှာပဲ ။

" အားသွင်းကြိုး အပိုရှိလား ကာရန် "

" ရှိမယ် ထင်တယ် ၊ အပေါ်ကျရင် ရှာပေးမယ် "

လှေကားကနေ အိမ်ပေါ်ကို တက်လာတော့ အောက်ထပ်က ရယ်သံတွေ ကြားနေရတုန်း ။ တကယ်မအိပ်ကြသေးဘူးပဲ ။

" ဒီမှာ အားသွင်းကြိုး ၊ ဘာမှ ပြင်ထားတာ မရှိတော့ အခန်းတွေကလည်း မရှင်းရသေးဘူး ။ ကာရန်နဲ့ပဲ အိပ်လို့ ဖြစ်တယ် မဟုတ်လား "

" ဖြစ်ပါတယ် ၊ ကျွန်မ အအိပ်မကြမ်းပါဘူး "

" ကြမ်းရင်လည်း တွန်းချလိုက်မယ်လေ "

" အဲဒါဆို အရင် အိပ်ပျော်မသွားစေနဲ့ "

ကာရန့်ရဲ့ ကုတင်က နှစ်ယောက် ကျယ်ကျယ်ဝန်းဝန်းအိပ်လို့ ရလောက်တဲ့အထိကို ကျယ်တယ် ။ ကုတင်ပေါ် ထိုင်နေရင်း အားကုန်သွားတဲ့ ဖုန်းကို ပွင့်လာစေဖို့ အသည်းအသန် ကြိုးစားနေရသေးတယ် ။

" လရောင် သိလား "

" လရောင် ဘာကိုမှ ရှင်းပြပေးစရာမလိုပါဘူး ၊ ကာရန်နဲ့ဆို ဟန်ဆောင်မနေလည်း ဖြစ်တယ် "

လှည့်ကြည့်လိုက်တော့ ကာရန်က လက်နှစ်ဖက်ကို ခေါင်းအုံးအောက် ခုထားရင်း မျက်နှာကျက်ကို မော့ကြည့်နေတယ် ။ သူ့ဘေးမှာ ဝင်လှဲလိုက်တော့ ပန်းရနံ့တွေကို ရတယ် ။

" ကျွန်မ ဘာကိုမှ ဟန်ဆောင်မနေပါဘူး "

" လရောင်ကို ကြည့်ရတာ လူက ဒီမှာရှိနေပေမယ့် စိတ်ကတော့ အဝေးကြီးကို ရောက်နေသလိုပဲ "

သက်ပြင်းတစ်ချက်ကို ချပြီး မျက်နှာကျက်ကို အကြည့်လွှဲထားမိတယ် ။

" အဝေးကြီးရောက်နေပြီပဲ ထင်တာ …. သူတို့ကို မြင်လိုက်ရမှ ကျွန်မ တစ်လှမ်းမှ မရွေ့ရသေးသလို ခံစားလိုက်ရတယ် "

" တစ်ခါတလေမှာ ထွက်ပြေးတယ်ဆိုတိုင်း အဝေးကြီးကို ရောက်လာတာမျိုး မဟုတ်ဘူး ၊ အဲဒီမှာပဲ ရပ်နေရင်း ဖြစ်လာသမျှကို မတုန်လှုပ်ဘဲ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ရှာနေရမှာ "

" မသိရင် လူအကြီးကြီးကျနေတာပဲ ကာရန်ပြောတဲ့ပုံက "

" ကာရန်က လူကြီးပဲလေ "

မျက်မှောင်ကျုံ့ပြီး သူ့ဘက်ကို လှည့်လိုက်တော့ ကျွန်မကို ငေးနေတဲ့ မျက်ဝန်းတွေနဲ့ ခလုတ်တိုက်မိတယ် ။ အလဲလဲအပြိုပြိုပါပဲ ။

ဖျက်ခနဲ မှောင်ကျသွားတဲ့ တစ်ခဏမှာ အောက်ထပ်ကနေ အလန့်တကြား အော်သံတွေ ကြားရတယ် ။

" ဟဲ့ မီးလုံး မီးလုံး "

" မီးပျက်ပါတယ်ဆို ဘယ်မီးလုံးက လင်းမလဲ ဂေါက်သီးမရဲ့ "

" လရောင် ပေးခဲ့တဲ့ Emergency light ရှိတယ်လို့ မသာရဲ့ "

" အဲဒါ ဘယ်မှာလဲလို့ "

" မသိဘူး ဘယ်နားထားမိမှန်း "

" အာ ဖုန်းမီး အရင်ဖွင့်ဟ ၊ ဖုန်းရော ဖုန်း "

အောက်ထပ်က ကမ္ဘာပျက်နေတဲ့အသံတွေကို ငြိမ်ငြိမ်လေး နားထောင်နေရင်း ကာရန်နဲ့ ကျွန်မ ပြိုင်တူရယ်ချလိုက်မိတယ် ။ အလင်းရောင်မရှိတဲ့ အမှောင်ထုထဲကို ပြတင်းပေါက်ဆီကနေ လခြမ်းကွေးရဲ့ အလင်းသဲ့သဲ့က တိုးဝင်လာတယ် ။

ဘာကိုမှ ကောင်းကောင်းမမြင်ရပေမယ့် ကာရန့်ဘက်ကို လှည့်ပြီး ငြိမ်နေမိတယ် ။ ခန္ဓာကိုယ်ကို တစ်ခြမ်းစောင်းရင်း ကာရန့်ရဲ့ အသက်ရှူသံကို နားစွင့်နေမိတယ် ။ တိတ်ဆိတ်လွန်းတယ် ။ အသက်ရှူသံလေးကိုတောင် တွန့်တိုနေတာများလား ။

" နေရတာ အထီးကျန်တယ်လို့ ခံစားရဖူးလား ကာရန် "

" တစ်ခါတလေပါ ၊ ဒါပေမယ့် မီးပျက်တဲ့အချိန်မှာတောင် အတူရှိနေပေးမယ့် လူတစ်ယောက်ရှိနေတော့လည်း အရင်ကလို အထီးကျန်စရာ ကောင်းတဲ့ ညတော့ မဟုတ်တော့ဘူးပေါ့ "

မမြင်ရတဲ့ အမှောင်ထုထဲမှာတောင် မျက်တောင်တွေ ခတ်လိုက်မိတာ ဘယ်နှခါလောက်မှန်း မသိတော့ဘူး ။ စနေတယ်ဆိုတာ သိပေမယ့် ဒီတစ်ခါကိုတော့ စနောက်နေရုံ မဖြစ်လိုက်စေချင်ဘူး ။

" ဟေးးးး မီးပြန်လာပြီ "

" ငါပြောသားပဲ ပျက်လည်း ခဏပါဆို "

အောက်ထပ်ဆီက ကြားနေရတဲ့ အသံတွေက ကျွန်မရဲ့ နားထဲကို ပလုံးပထွေးအနေနဲ့ပဲ ဝင်ရောက်လာနိုင်တော့တယ် ။ ပြန်လင်းလာတဲ့ အခန်းရဲ့ ညအိပ်မီးရောင်အောက်မှာ မြင်နေရတာက ကာရန်ချိုရဲ့ မျက်ဝန်း ကြည်ကြည်လေးတွေ ။ ပြီးတော့ ပြုံးနေတာ ။

" အရင်ကဆို ကာရန် ညနက်တဲ့အထိ အောက်ထပ်ကနေ ဘာသံကြားရမလဲလို့ နားစွင့်နေခဲ့ဖူးတယ် ၊ လရောင် ဘာတွေ လုပ်နေမလဲဆိုတာကို သိချင်လို့လေ ။ ဒါပေမယ့် ခြေသံတောင်မှ မကြားရဘူး "

တဖြေးဖြေးနဲ့ ကြိမ်နှုန်းတွေ မြင့်တက်လာတဲ့ နှလုံးခုန်နှုန်းတွေရဲ့ အကြောင်းကို သိနေလို့ အသက်အောင့်ထားမိပေမယ့် အဲဒါကလည်း တားဆီးရာ မရောက်မှန်းတော့ သိပါရဲ့ ။

ကာရန်က အရှေ့ကို တိုးလာတဲ့အချိန် နောက်ကို ဆုတ်မိဖို့ နေနေသာသာ ဝင်လေထွက်လေတွေ ကမောက်ကမမဖြစ်အောင်ပဲ ခက်ခက်ခဲခဲ ထိန်းနေရတာ ။

ကျွန်မရဲ့ လက်ကို ဆွဲယူလိုက်တဲ့အချိန်မှာတော့ အသိစိတ်အပြည့်အဝရှိနေပေမယ့် မရုန်းလိုက်မိဘူး ။

" Good night လရောင် "

ငယ်ငယ်က အိပ်မပျော်ရင် ဝက်ဝံရုပ်ကလေးကို ပိုက်ပြီး အိပ်ဖို့ကြိုးစားသလိုမျိုး ကာရန်က ကျွန်မရဲ့ လက်ကို ရင်ခွင်ထဲ ထည့်လို့ မျက်လွှာတွေကို မှိတ်ချသွားတယ် ။ မနက်မိုးလင်းလို့ စိတ်တွေလွတ်ပြီး နိုးလာရရင်တောင် ကျွန်မ အလွန်မဟုတ်ဘူး ထင်ပါရဲ့ ။