ပန်တော်ကျ - Episode 13




ဆိုင်ဆောက်ဖို့အတွက် လိုအပ်သည့် သစ်၊ဝါးတွေ
နှင့်အမိုးအကာတွေဝယ်ပြီးနောက် ဆိုင်နေရာချသည်။
ဆိုင်ကတော့ ဆယ်ပေပတ်လည် အခန်းကျဥ်းလေး
သာဖြစ်သည်။

"ဦးဖိုးညှက်ကြီးကို တစ်ရက်ကိုတစ်ရာနဲ့ ထရံ
ရက်ပေးဖို့ပြောခဲ့တယ် မြန်လည်းမြန်တာကိုး "

"ဟဲ့..ဆိုင်မှာဝယ်ရင်မှ ခုနှစ်ဆယ့်ငါးကျပ်ရယ်...
လေးချပ်ကို သုံးရာ..."

"အမေကလည်း ဆိုင်က ရောင်းတန်းလေ...ကိုယ့်
ဘာသာရက်တော့ ပိုကောင်းတယ်..ပြီးတော့
ဆိုင်ကရောင်းတာကအချပ်လည်းသေးတယ် ..
ဒီမှာ ကိုယ့်ဘာသာဆိုအချပ်ကြီးကြီးလည်းရတယ်
ကိုယ့်စိတ်ကြိုက်တိုင်းပြီး ရက်လို့ရတယ်..ဆိုင်မှာ
စိတ်ကြိုက်ရက်ခိုင်းပြီးမှာရင် တစ်ချပ်ကိုနှစ်ရာ
လောက်သွားကျမယ်...ကိုယ့်ဘာသာ အိမ်မှာ
ဒီနေ့ဝါးခွဲ...ပေါက်...ဖြာ..အကြောသပ်လိုက်ရင်
နောက်နေ့ကျ ရက်ရုံပဲ...မြန်မှမြန်..."

မိလှိုင် ဘုတ်အီးကို ဘာမှပြန်မပြောတော့ချေ။
ဘုတ်အီးက တိုင်ထောင်ဖို့အတွက် မြေကြီးတူးနေပြီး
ထွေးမောင်က ဘုတ်အီးတူးထားသည့်မြေကြီးတွေ
ကို ကြွင်းထဲကနေအပြင်သို့ အုန်းမုတ်ခွက်ဖြင့်
ခပ်ထုတ်နေသည်။

ငွေမှုံ အိမ်ထဲကနေ အအေးခွက်တွေတင်ထားသည့်
လင်ဗန်းကိုသယ်၍ ထွက်လာကာ

"အအေးသောက်လိုက်ဦး ဘုတ်ဘုတ်...ထွေးမောင်
ကော...ရော့...."

နီတွတ်က ဝါးသယ်လာသည့် ဆိုက္ကားနှင့်ပြန်ရောက်
လာသည်။
ဘုတ်အီး အအေးခွက်ကိုမယူနိုင်သေး။ ထိုင်ရာမှ
ထလိုက်ပြီးနောက် ဝါးသယ်လာသည့် ဆိုက်ကား
နားသို့သွားကာ ဝါးတွေကို သေချာစစ်ဆေးကြည့်
သည်။ ရေတွက်ကြည့်သည်။

"ပြည့်တယ်..."

ထရံရက်ဖို့ဝယ်လာသည့် တင်းဝါးအလုံးနှစ်ဆယ်ကို
နီတွတ်နှင့်ဆိုက်ကားဆရာက ဆိုက်ကားပေါ်ကနေ
မြေကြီးပေါ်သို့ သယ်၍ချကြသည်။

ဘုတ်အီး ငွေမှုံ့ဆီသို့ပြန်လာကာ အအေးခွက်ကို
ယူ၍သောက်လိုက်သည်။

"ဒီနေ့တော့ တွင်းတူးပြီး တိုင်ထောင်ထားလိုက်မယ်
သက်ငယ်မှာထားတာက မနက်ဖြန်ရောက်မယ်လို့
ပြောတယ်"

"ဖြည်းဖြည်းချင်းလုပ်လည်းရပါတယ်ဟာ..."

"အေးပါ..ဖြည်းဖြည်းပဲလုပ်မှာပါ.."

နောက်တစ်နေ့ကျတော့ ဦးဖိုးညှက်က ဝီရိယကောင်း
စွာနှင့်ပင် မနက်အစောကြီးကတည်းကရောက်လာ
ပြီး ဝါးတွေကိုခွဲ၊အလယ်အူနှင့်အကြောကိုဖြာကာ
သပ်သည်။

ဆေးပေါ့လိပ်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့ထားပြီး
စကားလည်းမပြော ခပ်အေးအေးပင် အလုပ်ကို
မြန်မြန်ပြီးအောင်လုပ်သည်။

ဘုတ်အီးက ဦးဖိုးညှက်ကို ထမင်းတစ်နပ်ကျွေး
သည်။ဆေးပေါ့လိပ် တိုက်သည်။ နေ့လယ်နေ့ခင်း
ခဏနားရင် ရေနွေးကြမ်းနှင့် ပဲကြီးလှော်ဧည့်ခံသည်။
ဦးဖိုးညှက်က ဆေးပေါ့လိပ်နှင့်ပဲကြီးလှော်တစ်ထုပ်
ရှိလျှင် ရပြီ။
အရက်လည်းမသောက်တတ်သလို ကွမ်းလည်းမစား
တတ်ချေ။

ထိုနေ့က ဝါးခွဲ ဘာညာ အကုန်အပြီးသတ်သွားသည်။
လုပ်နေကျလူဖြစ်သည့်အပြင် စကားပြော အချိန်
ဖြုန်းတာမျိုးလည်းမရှိလေတော့ အလုပ်တွင်ခြင်း
ဖြစ်သည်။

နောက်တစ်နေ့မှာတော့ ခွဲ၊ခြမ်း၊စိတ်၊ဖြာ ပြီးသား
ဝါးတွေကို ခုနှစ်တောင်ပတ်လည် ထရံချပ် လေး
ချပ် ရက်ပြီးသွားသည်။

ဘုတ်အီး ဦးဖိုးညှက်ကို ဒီနေ့အတွက် လုပ်အားခ
တစ်ရာကျပ်နှင့်အတူ ပဲကြီးလှော်ထုပ်တစ်ထုပ်နှင့်
သူသောက်နေကျ ဆေးပေါ့လိပ်တစ်စည်း ထည့်ပေး
လိုက်သည်။

"ကျေးဇူးပဲကွာ...နောက် လိုလည်း ခေါ်ဦး "

"စိတ်ချ..ဦးလေးကိုပဲ အားကိုးနေရတာ.."

"သွားပြီကွာ.."

"ဟုတ်ကဲ့..ဟုတ်ကဲ့.."

ဦးဖိုးညှက်တစ်ယောက် လွယ်အိတ်စုတ်လေးကို
လွယ်၍ ဆေးပေါ့လိပ်ဖွာရင်း ခြံထဲကနေ ခပ်သုတ်
သုတ် ထွက်သွားတော့သည်။

........

"အောင်မလေး...ဖြည်းဖြည်း နင်းပါဟ..."

ဘုတ်အီး ဖျာပေါ်မှာ ဝမ်းလျားမှောက်၍ အနင်းခံ
နေရင်းက သူ့ကိုနင်းပေးနေသည့် ငွေမှုံ့ကိုပြောလိုက်
သည်။
ငွေမှုံ သူ့ကိုနင်းပေးနေရာမှ ရပ်လိုက်ပြီး

"အဲ့ဒါကြောင့် နင့်ကိုပြောတာ..လက်သမားပဲ ခေါ်
လိုက်ပါဆိုတာကို..."

"ဘာမှမဖြစ်ပါဘူး..အခုကလည်း နည်းနည်းလေး
ညောင်းလို့ နင်းခိုင်းတာ...ထွေးမောင်ရဲ့ကိုယ်လုံး
ကျတော့လည်း ပုရွက်ဆိတ်တက်လျှောက်နေသလို
ပဲ ထိထိမိမိမရှိလို့.. လုပ်စမ်းပါဟာ...အဲ့နားလေး"

ငွေမှုံ သူ့အလိုကျ ပြန်နင်းပေးလိုက်သည်။

"စျေးဝယ်ဖို့ စာရင်းလေးဘာလေး သေချာလုပ်ထား
ဦး"

"အေးပါ..သိပါတယ်...ဒေါ်လေးနဲ့ အကုန်လုပ်ပြီး
သွားပြီ.."

"အင်း..."

"ဘုတ်ဘုတ်..."

"ဟင်.."

"နင်...ဆီထမင်းမရောင်းပါနဲ့တော့လား..."

"အာ...ဆီထမင်းမရောင်းလို့..ငါက ဘာလုပ်ရမှာလဲ..
  အရောင်းအဝယ်လည်း ကောင်းနေတာပဲကို.."

"ငါနဲ့ ဆိုင်မှာ စျေးကူရောင်းပေးလေဟာ...ပြီးတော့
အပြင်မှာထွက်ပြီး လုပ်နေတာထက် ဒေါ်လေးကို
လည်း အိမ်မှာပဲ ဆိုင်လေးဖွင့်ပေးလိုက်ပါလား..
ငါ မနက်က ဒေါ်လေးနဲ့ စျေးထဲကိုလိုက်သွားရင်း
သတင်းတစ်ခုကြားခဲ့တယ်.."

"ဘာသတင်းလဲ..."

"ငါတို့ရွာထဲလမ်းတွေကို မြေနီဂဝံခင်းပေးတော့မှာ
တဲ့..အဲ့ဒါဆို ရွာထဲလမ်းက အရင်လို ရွှံ့တွေဗွက်
တွေရှိမှာမဟုတ်တော့ဘူး...လမ်းသာသွားရင်
အိမ်မှာရောင်းလည်း စျေးကရောင်းရမှာပဲ...စားတဲ့
သူက လိုက်စားပါတယ်ဟယ်...ပြီးတော့ နင် ဒေါ်
လေးကို စိတ်မချစရာမလိုတော့ဘူးလေ..ကိုယ့်
မျက်စိအောက်မှာ ရှိနေမှာပဲကို..."


ငွေမှုံ့စကားကြောင့် ဘုတ်အီးက သေချာစဥ်းစား
သည်။

"အင်း...အဲ့လိုဆိုလည်း မဆိုးပါဘူး...စောင့်ကြည့်
ပါဦးဟာ...တော်တော်ကြာ...ခွေးဝမ်းသာအောင်
လေလည်ပြတာလည်းဖြစ်နေပါဦးမယ်....ခင်းပြီး
မှသာ ခင်းပြီးတယ်ပေါ့..."

..............


ဘုတ်အီးတို့မောင်နှမတွေ့ရဲ့ လက်စွမ်းပြမှုနှင့်
ဆိုင်လေးက အလုံးအထည်ပေါ်လာသည်။
မိုးတွင်းဘက်ဆိုလျှင် လမ်းက ရေဝတ်တတ်တာကြောင့် ဆိုင်ကြမ်းခင်းကို ခပ်မြင့်မြင့်ဖြစ်အောင်
မြေကြီးဖို့လိုက်ကြသည်။

မြေကြီးဖို့ပြီးနောက် အပေါ်ကနေ အုတ်ခဲတွေခင်း
ကာ သဲနှင့်ပိတ်လိုက်သည်။

ဆိုင်ကတော့ ပြီးစီးသွားချေပြီ။ ဘုတ်အီးလည်း
ဆီထမင်းဆိုင်မထွက်ဖြစ်တာ တစ်ပတ်ကျော်ပြီ။
သူနှင့်အပြိုင် ရောင်းချကြသူတွေကတော့ ပျော်
နေကြပြီး ဘုတ်အီး ဆိုင်ပြန်မထွက်ပါစေနှင့်တော့
ဟုပင် ဆုတောင်းနေကြသည်။

ကုန်တင်ဖို့ စားပွဲနှင့် တခြား ရိုက်စရာရှိသည့် အတို
အထွာခွက်လေးတွေကို ကိုယ့်ဘာသာ အိမ်မှာပဲ
ရိုက်လိုက်သည်။
ပစ္စည်းတင်စရာ စင်လေးတွေကိုလည်း ဘုတ်အီး
ကပဲ သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ရိုက်ပေး
လေသည်။

ပျဥ်ပြားတစ်ချပ်ကို လွှနှင့်ဖြတ်နေသည့် ဘုတ်အီး
ရဲ့ဘေးမှာ ငွေမှုံက ထိုင်ကြည့်နေပြီး

"နင်သာ တစ်သက်လုံး ငါ့ဘေးမှာရှိနေရင် ငါ
ဘယ်သူ့ကိုမှ အားကိုးရှာတော့မှာမဟုတ်ဘူး.."

ဘုတ်အီး ပျဥ်ပြားကို လွှနှင့်ဖြတ်နေရာမှ ရပ်လိုက်
ပြီး ငွေမှုံ့ကို လှည့်ကြည့်လိုက်သည်။

"ငါတစ်ယောက်လုံးရှိနေတာတောင် နင်က အားကိုး
ရှာချင်သေးတာလား"

ဘုတ်အီးအသံက မာဆတ်ဆတ်။ ငွေမှုံ သူ့ကို
ကြည့်၍

"နင်ယောကျ်ားယူရင်တော့ ငါကလည်း ယူရမှာ
ပေါ့...ငါလည်း အားကိုးရမယ့်လူတစ်ယောက်
လောက်ရှိဦးမှလေ..."

"ငါ့ပုံက ယောကျ်ားယူမယ့်ပုံအရမ်းပေါက်နေလို့
လား"


ဘုတ်အီးက သူ့ကိုယ်သူ လက်ညှိုးပြန်ထိုးပြရင်း
မျက်နှာကလည်း ရှုံ့မဲ့ကာ ငွေမှုံ့ကိုပြန်မေးလိုက်
သည်။ငွေမှုံ ရယ်လိုက်ပြီးနောက်

"ပြောလို့ရတာကျနေတာပဲ..အန်တီ နွယ်လေးဆို
ဘယ်လိုလုပ်မလဲ...ယောကျ်ားလျာလိုနေပြီးမှ
ယောကျ်ားရသွားတာ..."

ဘုတ်အီး ငွေမှုံ့ကို မျက်စောင်းထိုးလိုက်
ပြီးနောက် ပျဥ်ပြားကို လွှနှင့် ဆက်ဖြတ်နေလိုက်
သည်။

"နင်သာယောကျ်ားလေးဆိုရင် ငါ နင့်ကို မရ ရ
အောင် ယူမှာ... ဟောဒီမှာ ဘုတ်အီး ကျွန်မကို
မတော်မတရားကျင့်နေပါတယ်ဆိုပြီးတော့..."

"တယ်...ဒီကောင်မလေး...ဒါ မိန်းကလေးပြောရ
မယ့်စကားလား "

ဘုတ်အီး လက်ထဲကလွှကိုပစ်ချလိုက်ပြီး ငွေမှုံ့ကို
ဆူလိုက်တော့ ငွေမှုံက သူ့ကို လျှာထုတ်၍ ပြောင်
ပြသည်။

"နင်ကလည်း စကားအဖြစ်ပြောပြတာပေါ့ဟဲ့..
နင်ကော နင်သာယောကျ်ားလေးဖြစ်ရင် ငါ့ကို
မယူချင်ဘူးလား...ဟင်..."

"ရေလာမြောင်းပေးလုပ်တတ်တဲ့မိန်းကလေးတွေ
ကို မကြိုက်ဘူး..."

ငွေမှုံ သူ့ကို အားပါပါနှင့် တစ်ချက်တွန်းလိုက်တော့
ဘုတ်အီး ဖင်ထိုင်ခုံပေါ်မှာထိုင်နေရာမှ မြေကြီးပေါ်
သို့ ပြုတ်ကျသွားသည်။

ငွေမှုံ သူ့ကိုမျက်စောင်းတစ်ချက်ထိုး၍ ထိုင်ရာမှ
ထလိုက်ပြီး ခြေတစ်ချက်ဆောင့်ကာ အနားက
ထွက်သွားဖို့ပြင်တော့ ဘုတ်အီး မြေကြီးပေါ်မှာ
ထိုင်နေရင်းက သူမကိုမော့ကြည့်၍ ရယ်လိုက်ပြီး
လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်သည်။

ငွေမှုံကလည်း ဘုတ်အီး သူ့ကို ထိုသို့ မလုပ်လေဟန်
ဘူးထင်တာကြောင့် သတိလက်လွတ်နေမိရာမှ
ဘုတ်အီးက သူ့လက်ကိုဆောင့်ဆွဲလိုက်တာကြောင့်
ဟန်ချက်မထိန်းနိုင်ပဲ လဲကျသွားတော့သည်။

"အား..."

ငွေမှုံရဲ့ကိုယ်လေးက ဘုတ်အီးရဲ့ ရင်ခွင်ထဲသို့ လဲ
ပြိုကျသွားသည်။
ဘုတ်အီး လက်တစ်ဖက်က မြေကြီးပေါ်သို့ ထောက်
ထားပြီး လက်တစ်ဖက်က ငွေမှုံ့ရဲ့ခါးသိမ်သိမ်လေး
ကို ဖက်ထားလိုက်သည်။

"ဟဲဟဲ...ဘယ်လိုလဲ ကလေးမ...ကိုကြီးက ချစ်လို့
အပိုင်းသိမ်းချင်ရုံပါကွ..."

ဘုတ်အီးက မြန်မာရုပ်ရှင်တွေထဲက လူယုတ်မာ
နေရာမှာသရုပ်ဆောင်သည့် လူကြမ်းမင်းသား
တွေရဲ့ဟန်ဖြင့် လေသံကိုလုပ်ပြောပြီး ငွေမှုံ့ရဲ့
မေးစေ့လေးကို လက်နှင့် ဆွဲပင့်လိုက်သည်။

မျက်နှာနှစ်ခုက တစ်ထွာသာသာခန့်သာဝေးပြီး
ငွေမှုံက ဘုတ်အီးရဲ့ မျက်ဝန်းတွေကို သေချာ ငေး
ကြည့်နေသည်။
နှစ်ယောက်သား အကြည့်ချင်းဆုံသွားကြသည်။
ဘုတ်အီး ရယ်နေရာမှ မျက်နှာကတည်သွားပြီး
သူ့မျက်လုံးတွေရဲ့ အကြည့်က ငွေမှုံ့ရဲ့ နှုတ်ခမ်း
လေးဆီသို့ ရောက်သွားသည်။

တဖြည်းဖြည်း ရှေ့သို့ တိုးတိုးလာသည့် ဘုတ်အီးရဲ့
မျက်နှာကိုကြည့်ကာ ငွေမှုံလည်း မလှုပ်မယှက်နှင့်
ငြိမ်ငြိမ်လေး နေနေမိသည်။
ဘုတ်အီးက သူ့ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်
ပြီးမှ နှုတ်ခမ်းနှစ်ခု ထိဖို့ လက်သုံးလုံးခန့်အလို၌
ရပ်လိုက်ပြီး

"အဟမ်း...ရေဆာလိုက်တာ...ရေသွားသောက်ဦး
မယ်.."

ချောင်းတစ်ချက်ဟန့်၍ ငွေမှုံ့ကို ဖက်ထားရာမှ
လွှတ်ပေးလိုက်ကာ ထိုင်ရာမှထ၍ ဖုတ်ဖက်ခါပြီး
ထွက်သွားလေသည်။

ငွေမှုံ မြေကြီးပေါ်မှာ ထိုင်လျက်သားကျန်ခဲ့ပြီး
အိမ်ပေါ်သို့တက်သွားသည့် ဘုတ်အီးကို လှမ်းကြည့်
နေလိုက်သည်။

"ဒီဘက်က ဒီလောက် ခင်းပြနေတာတောင်မှ သူ
က တုံးတာလား...ဒူတာလား...ဒါမှမဟုတ် မသိ
ချင်ယောင်ဆောင်နေတာလား...စျေးကိုင်နေတာ
လား..."

ငွေမှုံ တစ်ယောက်တည်း တီးတိုးရေရွတ်ကာ ဘုတ်
အီးကို မကျေမနပ်ဖြစ်၍ ကျန်ခဲ့လေသည်။

ဘုတ်အီး သောက်ရေအိုးကိုဖုံးထားသည့် ဝါးအုပ်
ဆောင်းကို ခေါင်းမှာ စွပ်လိုက်ကာ ရေအိုးထဲကနေ
ရေတစ်ခွက်ကို တုန်တုန်ရင်ရင်နှင့် ခပ်လိုက်သည်။

"လက်တွေက ဘာလို့ ဒီလောက်တုန်နေရတာလဲ"

ရေသောက်ပြီးသည်ထိ သူ့မှာ အိမ်ပေါ်ကနေ ပြန်
မဆင်းနိုင်သေးချေ။
ရင်တွေအခုန်မြန်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေ
သည်။
နောက်ဆုံးတော့ ရေအိုးစင်ဘေးမှာ ထိုင်ချလိုက်
ပြီး ရင်ဘက်ကို လက်နှင့်ဖိထားလိုက်တော့သည်။

"ဟူး...မလွယ် ပါ့လား "


.................

ညနေ ထမင်းစားပွဲမှာ ငွေမှုံက ဘုတ်အီးရဲ့ပန်းကန်
ထဲသို့ ဆိတ်ကလီစာဟင်း ထည့်ပေးလေသည်။
အရင်ကလည်း ဒီလိုပဲ ဟင်းထည့်ပေးနေကျမလို့
တခြားသူတွေက ဘယ်လိုမှမဖြစ်ကြပဲ စားစရာရှိ
တာ စားနေကြသည်ဆိုပေမယ့် ဘုတ်အီးကတော့
ငွေမှုံ့ရဲ့မျက်နှာကို တစ်ချက်ကြည့်ပြီး ရှက်နေသည်။

ထမင်းကို တို့ကနန်းဆိတ်ကနန်းသာစားနေပြီး အရာ
မရွင်းတာကြောင့် မိလှိုင်က သတိထားမိသွားသည်။

"ဘုတ်အီး...အခုထိ ထမင်းအရာမရွင်းသေးဘူး
ဘာဖြစ်နေတာလဲ.."

"ဟင်.."

ဘုတ်အီး သူ့အမေကို မျက်လုံးအဝိုင်းသားနှင့် ပြန်
ကြည့်နေသည်။ပြီးမှ ထမင်းပန်းကန်ကို ငုံ့ကြည့်
လိုက်ပြီး အခုထိ ရေရေရာရာမစားရသေးတာကို
သတိထားမိသွားကာ

"ဘာမှမဖြစ်ပါဘူးအမေ...ဟို...ဟိုဟာ...ဆိုင်
အကြောင်း တွေးမိသွားလို့.."

"အမလေး..ဘာမှမတွေးနဲ့..သူ့ဟာသူ အဆင်ပြေ
သွားလိမ့်မယ်...စားစရာရှိတာစား..."

"ဟုတ်..."


ဘုတ်အီး ငွေမှုံ့ကိုကြည့်လိုက်တော့ ငွေမှုံက သူ့ကို
ပြုံးပြီးကြည့်နေတာနှင့်တိုးပြီး ချက်ချင်းဆိုသလို
အကြည့်လွှဲလိုက်ကာ ငါးပိရည်ကျိုပန်းကန်ဆီသို့
လက်လှမ်းလိုက်တော့ နီတွတ်ရဲ့လက်နှင့်ဆုံသွား
သည်။

"သြော်...ကဲ...ဒီငပိရည်ခွက်ပဲလက်ကဆုံနေတယ်..
ဧည့်သည်လာမယ်ဆိုရင်လည်း ပိုက်ဆံပေးမယ့်
ဧည့်သည်ပဲလာကြပါတော်....ချေးမယ့်ငှားမယ့်
သူများတော့ မလာကြပါနဲ့..."

မိလှိုင်က ပြောပြောဆိုဆိုနှင့် ထမင်းဝိုင်းမှ ထ လိုက်
ပြီး ကြောင်အိမ်ဘက်သို့သွားကာ ဇွန်းထည့်ထား
သည့် ခြင်းထဲမှ ငါးပိရည်ခပ်ဖို့ ဇွန်းတစ်ချောင်းယူ၍
ပြန်လာလေသည်။

"ကဲ..ရော့. .ဒီတစ်ခါမှ ထပ်ဆုံရင်တော့...တစ်
ယောက်တစ်ချောင်း စကေးကျတပ်ထားမှပဲ ရတော့
မယ်..."

ဆိတ်ကလီစာချက်ထားသည့် ဟင်းခွက်ကိုက တော်
ရုံမနှိုက်ရဲကြ။ မိလှိုင်က သူ့သားသမီးတွေကို အချိုး
ကျ တစ်ခါတည်းထည့်ပေးထားတာကြောင့်
ကလေးတွေက သူတို့ထမင်းပန်းကန်ထဲက ဟင်းလေး တွေကိုသာ မကုန်အောင် ချွေတာပြီး
စားနေကြလေသည်။

"ကောင်းကောင်းစားချင်ရင် နည်းနည်းပဲစားရတယ်
ဒါပေမယ့်လည်း ဟင်းအနှစ်နဲ့တင် စားလို့ရပါတယ်"

"ဟုတ်တယ်အမေ...ဟင်းတစ်တုံးပဲစားရလည်း
ဖြစ်ပါတယ်...မနက်ဖြန် အမဲနှပ်လေးလုပ်ပေးပါ့
လား..."

နီတွတ်က ငါးပိရည်တစ်ဇွန်းကို ခပ်၍ ထမင်းပေါ်
မှာစမ်းလိုက်ရင်း သူ့အမေကိုပြောသည်။
မိလှိုင် ပဲသီးစိမ်းတွေကို တကျွတ်ကျွတ်နှင့် ကိုက်ဝါး
လိုက်ပြီးနောက် ခေါင်းညိတ်ပြကာ

"အေးပါ...အသားကောင်းရင် ချက်ကျွေးမယ်"

ဟု ပြန်ဖြေလိုက်သည်။ ငွေမှုံက ထွေးမောင်ရဲ့
ထမင်းဇလုံထဲသို့တစ်ချက်ကြည့်၍ ဟင်းတစ်တုံး
ထပ်ထည့်ပေးလိုက်သည်။

............

ဆိုင်အတွက် လိုအပ်သည့်ကုန်တွေကို မြို့မစည်ပင်
သာယာစျေးမှာ သွားဝယ်ကြသည်။
မိလှိုင်က လူကြီးဆိုတော့ သူကပဲဦးစီးဦးဆောင်ပြု
၍ သင့်တော်သလို ဝယ်ခြမ်းကာ ကုန်ဒိုင်တွေနှင့်
အဆင်ပြေအောင် ဆက်ဆံပြောဆိုပေးသည်။

ငွေမှုံနှင့်ဘုတ်အီးကို ဆိုင်ရှင်တွေနှင့်မိတ်ဆက်ပေး
သည်။
ဆိုင်ရှင်တွေကလည်း ဖော်ဖော်ရွေရွေနှင့်ဆက်ဆံ
ကြပြီး လိုအပ်တာမှန်သမျှ သူတို့ဆီမှာလာပြီးထုတ်
လို့ရကြောင်း ၊ စျေးနှုန်းချိုသာစေရမည်ဖြစ်
ကြောင်း ပြောကြသည်။

စျေးဝယ်ပြီးနောက် ဆိုင်မှာ ကုန်တွေကို စနစ်တကျ
ပြန်ပြီး နေရာချသည်။

"ဟဲ့.. ဘုတ်အီး ဆီချင်ရင် သေချာလုပ်နော်..
ဘူးဖြစ်ဖြစ် အိတ်ဖြစ်ဖြစ် ဆီပုံးပေါ်ဒီလိုယူပြီး
ချင်ပေး..ဆီကတော့ကို သေချာကိုင်...ကြက်သွန်
အာလူးချိန်ရင်လည်း သေချာကြည့်..ပြီးတော့
တစ်ခုဆိုတစ်ခုပဲလုပ်မနေနဲ့ မျက်စိလည်း ရှင်ရှင်
ထား...ကလေးတွေဆိုပြီးလွှတ်မထားနဲ့...
အဲ့ကလေးတွေက ရွာရိုးပတ်ပြီး စျေးဝယ်လာကြ
တာ....လည်မှလည်.."

"သိပါတယ်အမေရာ..."

ဆိုင်ဖွင့်သည့်ပထမရက်ကတော့ စပ်စုချင်ကြသူ
များ စျေးစုံစမ်းချင်ကြသူများနှင့် စည်ကားခဲ့သည်။
ဆိုင်ဖွင့်ပွဲလုပ်သည့်မနက် နေအိမ်မှာ ဘုန်းကြီး
သုံးပါးပင့်ကာ အရုဏ်ဆွမ်းအဖြစ် မုန့်ဟင်းခါး
ကပ်ကြသည်။

အားလုံးက ဝိုင်းဝန်းနားချမှုနှင့် ဘုတ်အီး ဆီထမင်း
မရောင်းဖြစ်တော့ချေ။
ထိုအစား သူ့အမေကို အိမ်မှာ တုတ်ထိုးနှင့်အသုပ်
ဆိုင်လေးပြန်ဖွင့်ခွင့်ပြုလိုက်သည်။

"အမလေး...ကျုပ်လည်းအခုမှ လူနဲ့တူတော့တယ်..
မိဘုတ်အီး လုပ်ပုံလေ...သူ ခြယ်လှယ်နေတာ..
အခုတော့ အိမ်မှာ ဆိုင်လေးပြန်ဖွင့်ပြီတော်ရေ...
မဟုတ်ရင် အိမ်မှာ ကျောက်ရုပ်ကြီးလိုပဲ ငုတ်
တုတ်..."

မိလှိုင်လည်း စျေးပြန်ရောင်းရမည်ဖြစ်၍ ကျေနပ်
နေသည်။
ဘုတ်အီးကလည်း သူ့အမေကို မျက်စိအောက်မှာ
ထား၍ စျေးရောင်းခွင့်ပြုလိုက်ရတော့ စိတ်ချသွား
သည်။
မဟုတ်ပါက သူ့အမေကိုချောင်းနေကြသော သက်
ကြီးပုရိသများ၏ရန်ကို တွေး၍ စိတ်ပူနေရသည်
မဟုတ်လား။

........

ငွေမှုံ တက္ကသိုလ်ကို အဝေးသင်ပြောင်းလိုက်သည်။
သူမ ကျောင်းသွားမည့်အချိန်တွေမှာ ဘုတ်အီးက
ဆိုင်ထိုင်ပေးမည်ဖြစ်သည်။

"ငွေမှုံရေ...ညည်း လိမ်မာတယ်ဆိုပေမယ့် သတိဆို
တာ ပိုတယ်မရှိလို့ ဒေါ်လေးကပြောရဦးမယ်.."

ငွေမှုံကျောင်းသွားခါနီး ထုံးစံအတိုင်း မိလှိုင်က
ဆုံးမ သြဝါဒ ချွေပြန်လေသည်။

"လူတွေက မြေနိမ့်ရာ လှံစိုက်ချင်ကြတယ်..
မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား
ရတတ်မယ်အေ့...တန်ဖိုးထားတတ်မှ တော်ကာကျ
မှာ...ပန်းလေးလှရင် ချုချင်သူရှိတာမဆန်းပေမယ့်
တန်ဖိုးထားတတ်တဲ့သူကတော့ ခပ်ရှားရှားအေ့..
ဒေါ်လေးကတော့ ညည်းကို လူတကာမမှီတဲ့ ပင်မြင့်
ပန်းတစ်ပွင့်ပဲ ဖြစ်စေချင်တယ်...မွှေးရနံထုံသင်းလို့
ပျားပိတုန်းကတော့ဝဲမှာပဲ...ဒါကသဘာဝ..ဒါပေသိ
လမ်းဘေးမှာရောင်းတဲ့ ငပိဗန်းလိုတော့ မဖြစ်စေနဲ့
အညှီရှိရာယင်အုံပုံနဲ့ ပန်းလေးတစ်ပွင့် မွှေးရနံ့
ထုံသင်းလို့ ပျားပိတုန်းဝဲပုံက တူသလိုလိုရှိပေမယ့်
မတူဘူးအေ့..."

"အာ..အမေကလည်း...ဘာပျားမှလည်းမဝဲနဲ့..
မကြိုက်ဘူး...လိပ်ပြာပဲဝဲ.."

တစ်ချိန်လုံး ငြိမ်ပြီးနားထောင်နေသည့်ဘုတ်အီးက
မျက်နှာ ပြောင်စပ်စပ်နှင့် လက်မောင်းနှစ်ဖက်
ကိုကိုယ်မှာကပ်ကာ တံတောင်ဆစ်ချိုး၍ လက်နှစ်
ဖက်ကို လိပ်ပြာတောင်ပံခတ်သလို တဖျတ်ဖျတ်
လုပ်ပြလေတော့

ဒေါက်!

"အ.."

မိလှိုင်ရဲ့ လက်ဆစ်က ဘုတ်အီးရဲ့ချိုစောင်းပေါ်သို့
အသံထက်မြန်သည့်အရှိန်နှင့် ရောက်သွားတော့
သည်။

"မအေက ဆုံးမနေရင် နင်ကဘာသိလို့ ဝင်ပါတာ
လဲ..ပြောင်စပ်စပ်နဲ့ .."

"အမေပြောနေတာက ဟုတ်မှမဟုတ်တာ...သူ့ကို
ယောကျ်ားယူဖို့ နည်းပေးလမ်းပြလုပ်နေတာ မ
ဟုတ်ဘူးလား..."

"ဟဲ့...ယူဖို့မယူဖို့ပြောနေတာမဟုတ်ဘူး...ယူရင်
တောင်မှ ယောကျ်ားကောင်းကို ရွေးတတ်ဖို့ ပြော
နေတာ. အခုခေတ်ထဲမှာလေ..တာဝန်ယူနိုင်တဲ့
ယောကျ်ားဆိုတာထက်..ကျောရရုံကြံချင်ကြတဲ့
ကောင်တွေက ခပ်များများမလို့ ပြောပြပေးနေတာ
နှုတ်ချိုတိုင်းလည်း မယိမ်းမိစေဖို့..သုံးနိုင်ဖြုန်း
နိုင်တိုင်းလည်း အထင်မကြီးဖို့ လူပေါ်ကျော့တွေနဲ့
တိုးမယ်...အခုခေတ်ပိုဆိုး...ကောင်လေးအများစု
ကိုကြည့်လိုက်ရင် ပေါ့ပေါ့နေပေါ့ပေါ့စားတွေကြီးပဲ
ရုပ်ရည်လေး သနားကမားနဲ့ လက်ကြောမတင်း
တာတွေမှ အများကြီး..အစောကတည်းက
ယောကျ်ားယူတယ်ဆိုတာ အားကိုးအားထားပြုချင်
လို့ယူတာ...အားမကိုးရမယ့်အပြင် ကိုယ်ကပြန်ပြီး
လုပ်ကျွေးနေရရင်တော့ လင်ရှိမုဆိုးမပဲဟေ့...
လင်ရှိရက်နဲ့ မုဆိုးမတစ်ယောက်လို ကိုယ့်ဘာသာ
ရှာဖွေစားသောက်နေရမှာစိုးလို့ပြောတာ...
အဲ့လိုဟာတွေနဲ့တွေမှာစိုးလို့ပြောနေတာ..."

"ဟွန်း..."

"ဟောတော်...နေရင်းထိုင်ရင်း...ငါ့ကို စိတ်လုပ်
သွားတယ်..."


မိလှိုင် ကုန်စုံဆိုင်ထဲကနေ မကျေမချမ်းနှင့်
ခြေဆောင့်ပြီး ထွက်သွားသည့် ဘုတ်အီးကို နား
မလည်ဟန်ဖြင့် လိုက်ကြည့်နေလိုက်သည်။

ငွေမှုံကတော့ ဘုတ်အီး ရှုးရှုးရှဲရှဲဖြစ်သွားပုံကိုကြည့်
ကာ ကျေနပ်နေလေတော့သည်။

"ဒီလ ညည်းအဖေကို ထောင်ဝင်စာတွေ့ဖို့အတွက်
ဘုတ်အီးကိုပဲဖြစ်ဖြစ် လွှတ်လိုက်မယ်..မပူနဲ့..
စာရေးပြီး မှာစရာရှိတာမှာခဲ့ပေါ့.."

"ဟုတ်ကဲ့ဒေါ်လေး..."


...............


တစ်နှစ်ကြာပြီးနောက်

မနှစ်ကလိုပင် ဒီနှစ်လည်း ငွေမှုံ အနီးကပ် ကျောင်း
သွားတက်နေသည့်အချိန် ဘုတ်အီးတို့သားအမိကပဲ
ဆိုင်ထိုင်ပြီး ရောင်းချပေးကြသည်။
ငွေမှုံပြန်လာသည့်အချိန်ကျ စာရင်းနှင့်အတူ အမြတ်
ငွေကို ပြန်ပေးကြသည်။

"မိလှိုင်ရေ...ဟဲ့...အုပ်ကြီးက နင့်ကိုခေါ်ခိုင်းလိုက်လို့"

မိလှိုင် နေ့လယ်ဘက် စျေးရောင်းနေသည့်အချိန်
ကားဂိတ်မှာ စျေးဗန်းရောင်းသည့် ဇီးကွက်မက
မိလှိုင်ဆီသို့ စျေးဗန်းလေးရွက်၍ လာပြောခြင်း
ဖြစ်သည်။

အုပ်ကြီးခေါ်သည်ဆိုသည့်အကြံကြားက မိလှိုင်
အလိုလို ရင်ထိတ်သွားသည်။
ခွေးပိန် ထောင်ထဲမှာ ဘာဖြစ်ပြန်သနည်း။ရင်ဘက်
ကို လက်ဖြင့်ဖိကာ ဘုရားတ၍ ထိုင်ရာမှ ထလိုက်
သည်။

"ဘုရား ဘုရား..."

ဘုတ်အီးလည်း ကုန်စုံဆိုင်ထဲကနေ ထွက်လာပြီး

"ဘာလို့ခေါ်သလဲမသိဘူး အမေ"

"အေး..ရင်ထိတ်လိုက်တာဟယ်..ခွေးပိန် ဘာဖြစ်
ပြန်သလဲမသိဘူး...အမေ သွားလိုက်ဦးမယ်...
ဒီဘက်ဆိုင်ပါ ခဏကြည့်ထားလိုက်ဦး.."

"ဟုတ်ကဲ့ အမေ..."

မိလှိုင် ပုဆိုးပိုင်းလေးကို ခေါင်းပေါ်မှာတင်၍
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးသို့ ခပ်သွက်သွက်
ထွက်လာခဲ့လိုက်တော့သည်။

ဘုတ်အီးလည်း ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့ပြီးနောက်

"လေးလေး ဘာမှမဖြစ်ပါစေနဲ့..."

ဟု ဆုတောင်းလိုက်သည်။


နာရီဝက်ခန့်ကြာပြီးနောက် သူ့အမေ ဦးကျောက်ခဲ
၏ဆိုက်ကားနှင့်ပြန်လာသည်ကို တွေ့လိုက်ရသည်။
မျက်နှာလည်းမကောင်းချေ။ဘုတ်အီး ရင်ထိတ်
သွားသည်။

"အမေ့...ဘာဖြစ်တာလဲ.. လေးလေးခွေးပိန် တစ်ခု
ခုဖြစ်လို့လား..."

မိလှိုင်က ဆိုက်ကားပေါ်ကဆင်းရင်း သူ့သမီးကို
ခေါင်းခါပြသည်။

"ကျေးဇူးပဲ ကိုကျောက်ခဲရေ"

"အေးအေး..."


ဦးကျောက်ခဲ ပြန်သွားမှ မိလှိုင်က ဘုတ်အီးကို
ဆိုင်ထဲသို့ ဆွဲခေါ်သွားပြီး ခပ်တိုးတိုး
ကပ်ပြောလိုက်သည်။

"ငွေမှုံ ယောကျ်ားနောက်လိုက်သွားလို့တဲ့.. "

"ဘာ..."

ဘုတ်အီး ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ခံလိုက်ရ
သလိုနှယ်ဖြစ်သွားသည်။
သူ့အမေရဲ့စကားကို မယုံနိုင်ဟန်နှင့် မျက်လုံးကြီး
ပြူး၍ ကြည့်နေသည်။

"အခု သူ့အဆောင်က ဖုန်းဆက်ပြီးပြောတာ..

ကောင်လေးက လှည်းကူးကတဲ့...မနေ့ညက
အဆောင်ကိုပြန်မလာဘူး..အဲ့ဒါ သူ့သူငယ်ချင်း
တွေကိုမေးကြည့်တော့ ယောကျ်ားနောက်လိုက်
သွားတာလို့ပြောတယ်တဲ့...ကောင်လေးရဲ့မိဘတွေ
ကို ဘယ်လိုဆက်သွယ်ရမလဲလို့ စုံစမ်းပေးမယ်
တဲ့...ငါအတန်တန်ပြောတဲ့ကြားကဟယ်...ငွေမှုံ
တစ်ယောက်နဲ့...ခက်ပါတယ်...
ဒီသတင်းကို သူ့အဖေကြားရင် ရင်ကျိုးမှာ..."

ဘုတ်အီးကတော့ သူ့အမေရဲ့စကားတွေကိုနား
ထောင်ပြီး ငူငူငိုင်ငိုင်ကြီး ဖြစ်သွားလေသည်။
သူ့ရင်ဘက်ထဲမှာ ဘာမှမရှိတော့သလို ခံစားလိုက်
ရသည်။

"သူ့ဘဝနဲ့သူ သူ့အကြောင်းနဲ့သူပေါ့ဟယ်...ကိုယ်
တွေလည်း ဘာတတ်နိုင်မှာလဲ...တတ်နိုင်သရွေ့
တော့ ကြည့်ရှုစောင့်ရှောက်ပေးခဲ့တာပဲ..အခု
ဖြစ်သွားတော့လည်း ကိုယ့်မျက်စိအောက်မှာမဟုတ်
ဘူး...ကွယ်ရာမှာဆိုတော့...မတတ်နိုင်ဘူးအေ...
ကောင်လေးဘက်က အဆင်ပြေပါစေလို့ပဲ ဆု
တောင်းရတော့မယ်..လူကောင်းသူကောင်းဖြစ်ပါ
စေဟယ်..."

မိလှိုင် ခေါင်းပေါ်မှာတင်ထားသည့် ပုဆိုးပိုင်းလေး
ကို ယူလိုက်ပြီး ဝဲတက်လာသည့်မျက်ရည်စတွေ
ကို ပုဆိုးဖြင့် ခပ်ဖွဖွ သုတ်လိုက်သည်။

ထိုနေ့ ညစာထမင်းဝိုင်းမှာတော့ နီတွတ်၊လတ်လတ်
နှင့် ထွေးမောင်တို့ သုံးယောက်သာ တိတ်တဆိတ်
နှင့် ထမင်းစားနေကြသည်။
မိလှိုင်နှင့်ဘုတ်အီး နှစ်ယောက်လုံး ညစာမစားဖြစ်
ကြချေ။
မိလှိုင်က စောစောစီးစီးပင် ဘုရားဝတ်ပြု၍ အိပ်ရာ
ဝင်သွားပြီး ဘုတ်အီးကတော့ ငွေမှုံတို့အိမ်မှာ တစ်ယောက်တည်း။
အိမ်ရှေ့က အိမ်ပေါ်အတက်အဆင်းအုတ်ခုံမှာ
ထိုင်၍ ပူဆွေးသောကရောက်နေသည်။
သူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေးစီးကျနေပြီး
သူ့မျက်ဝန်းတွေဟာတော့ အမှောင်ထုထဲသို့ မျက်
တောင်မခတ်တမ်း ငေးကြည့်နေမိသည်။

ကြားရသည့်သတင်း မဟုတ်မမှန်ပါစေနှင့်ဟု
စိတ်ထဲကနေ အကြိမ်ကြိမ် ရေရွတ်နေမိတုန်း။

ကောင်းကင်ပေါ်က တစ်ခြမ်းပဲ့လကိုမော့ကြည့်ပြီး
နောက် သူ ဝမ်းနည်းစိတ်ပေါက်လာသည်။

"အမေက ဘာလို့များ ငါ့ကို ယောကျ်ားလေးအဖြစ်
မမွေးပေးခဲ့ရတာလဲ...ငါ ဘာလို့ ယောကျ်ားလေး
မဖြစ်ခဲ့ရတာလဲ...ငါသာ ယောကျ်ားလေးတစ်
ယောက်ဖြစ်ခဲ့ရင်...အခုလို ဖြစ်လာမှာမဟုတ်ဘူး..
ငါ့ကို ဘာလို့ ယောကျ်ားတစ်ယောက်အနေနဲ့ လူ
ဖြစ်ခွင့် မပေးခဲ့ရတာလဲ..."


ဘုတ်အီး မချင့်မရဲစိတ်နှင့် ရှိုက်ကြီးတငင်
ငိုကြွေးရင်း ခေါင်းကို ငုံ့ချလိုက်သည်။


"လုပ်ရက်လိုက်တာ ငွေမှုံရယ်...နင်...ရက်စက်
လိုက်တာဟာ..."


...........................