ယုယပါရစေ ယုရယ် - Episode 13



သူမတို့ရှေ့တွင်လူတစ်ယောက်ကရုတ်တရပ်ပေါ်လာပြီး သေနတ်ဖြင့် လှမ်းပစ်လိုက်၍ မုန်း ခင်ခင့်ကို အတင်းဖက်ထားမိလိုက်သည်။


ဒိုင်း ဒိုင်း


ထပ်ဆင့်ပေါ်လာသော သေနတ်သံ၂ချက်အဆုံး 

မုန်း ခေါင်းကိုပြန်ဖော်လိုက်ပြီး ခင်ခင့် ကိုကြည့်လိုက်ကာ


"ခင်ခင် နင်ဘာမှ မဖြစ်ဘူးမလား"


ခင်ခင် မုန်း၏ လက်ကိုပြန်ဆုပ်ကိုင်ရင်း 


"အင်း နင်ရော မုန်း နင်အဆင်ပြေပါတယ်နော်"


မြင်နေရသည့်ထိုမြင်ကွင်းသည် ယု အတွက် ရင်ကွဲသည်ထက်ပင်ပိုနာကျင်ရပါ၏။


အသက်ကိုရင်းပြီး ကာကွယ်ပေးနေသော ယုထက် မုန်းသည် ခင်ခင့်ကိုသာ ပူပန်ပေးနေလေရဲ့။


ယု ကျဆင်းလုနီးနီးမျက်ရည်တို့ကိုထိန်းချုပ်လိုက်ကာ

သူမတို့ဘက်မှလူများဖမ်းဆီးထားသည့် လူတစ်ဦးအနီးသွားလိုက်ပြီး


"ဘယ်သူခိုင်းတာလဲ"


သက်တော်စောင့်တစ်ဦးက ထိုသူ၏ ခေါင်းကိုမော့စေလျက်


"သခင်မလေး မေးနေတယ်လေ"


ထိုသူက မပြောသဖြင့် ယု သဘောပေါက်လိုက်ပြီ။

ထို့ကြောင့် ယု အပြုံးလှလှလေးတစ်ခု ဖန်တီးလိုက်ကာ


ဒိုင်း


"ဒီိစ္စ အရေးပိုင်မင်းကို ငါကိုယ်တိုင်ပြောလိုက်မယ်ကျန်တဲ့သူတွေကို ရအောင် စစ် မဖြေရင်…"


ယု က ဘာမှဆက်မပြောဘဲ မဲ့ပြုံးလေးတစ်ချက်သာ ပြုံးကာ မုန်း၏ အနီးသို့သွားလိုက်လေသည်။


သက်တော်စောင့်များကတော့ ယု၏ဆိုလိုရင်းကို သဘောပေါက်ပုံဖြင့် လုပ်ကြံသူများအားဖမ်းဆီးကာ ထွက်သွားကြ၏။


ယု အနားကပ်လာသည်ကိုမြင်တော့ ခင်ခင် က လန့်နေသလို မုန်းကလည်း အနည်းငယ်စိုးထိတ်နေပုံ။


"မုန်း..ဒဏ်ရာမရသွားဘူးမလား"


သူမအား စိုးရိမ်သည့်အကြည့်လေးဖြင့် မေးနေသော ယု ကို မုန်း တစ်ခနတာ ကြောင်ကြည့်နေပြီးမှ 


"အင်း မရဘူး"


"တော်သေးတာပေါ့"


ယု၏အသံက ဖျော့တော့ နေသဖြင့် မုန်း မျက်မှောင်ကြုံ့မိ၏။ တိုက်ခိုက်ထားရလို့လားမသိ မျက်နှာက သွေးမရှိသလို ဖြူဖက်နေကာ ယု နှုတ်ခမ်းလေးများကလည်း ပန်းရောင်လေးသမ်းမနေ။


"ကျွတ် ကျွတ်"


ခင်ခင့်ညည်းညူသံကြောင့် မုန်း ခင်ခင့်ဘက်ပြန်လှည့်လိုက်ကာ


"ဘာလို့လဲ ခင်ခင်"


"ငါ ခုန ခြေခေါက်လဲပြီး ခြေထောက်ကွဲသွားလို့"


မုန်း ကြည့်လိုက်မှ ခင်ခင့်ခြေထောက်တွင် ရှရာလေးမှ သွေးထွက်နေလေ၏။ မုန်း ခင်ခင့်ကို ထူပေးလိုက်ပြီး


"ဒုက္ခပါပဲ ခင်ခင်ရယ် အရမ်းနာနေလားဟင် အဲ့တာ ရှင်တို့ကြောင့် တကတည်း ရန်သူကလည်းပေါပါဘိ"


သူတို့အတွက်အသေအကျေတိုက်ခိုက်ပေးထားတာတောင် ခင်ခင့်ရှရာလေးကြောင့် မုန်းက ရန်တွေ့နေသဖြင့် ဒေစီ အတော်လေးဒေါသထွက်သွားရသည်။


ဘေးမှ ယု ကိုကြည့်တော့ ယု မျက်နှာတွင် နာကျင်မှုပုံရိပ်တို့ဟာအထင်းသား။ ယု ဘယ်လောက်ခံစားရမလဲ ဘေးကဒေစီ ပင် မှန်းကြည့်နိုင်ပါသည်။


မုန်းကတော့ ဘာမှ မသိ ခင်ခင့်ကိုတွဲကာ ကားဘက်ထွက်သွားနေလေ၏။


ဒေစီ မုန်းကိုပြောမည်လုပ်တော့ ယု ဒေစီ့လက်ကိုလှမ်းဆွဲလိုက်ကာ


"ထားပါဟယ်"


ဒေစီသက်ပြင်းလေးတစ်ချက်ချလိုက်ပြီး


"ယုရယ်..ဒါနဲ့ နင်ထိခိုက်သွားသေးလား"


"ဟင့်အင်း"


"ဒါဆို သွားရအောင်လေ"


ဒေစီ့ကိုပြန်ခေါင်းငြိမ့်ပြလိုက်သော်လည်း ယု ပုံစံက အတော်လေးမူမမှန်သဖြင့် ဒေစီ သံသယဝင်လာရပြီ။


"ယု နင်ဟုတ်ရဲ့လား နင့်မျက်နှာ သွေးတောင်မရှိတော့သလိုပဲ"


"ရတယ် ငါ..အ.."


ယုကတစ်ချက်ညည်းညူလိုက်ပြီး ယိုင်သွားသဖြင့် ဒေစီဖမ်းထိမ်းလိုက်စဉ် သူမလက်၌ ပေကျံနေသော ယု ကျောပြင်မှ သွေးစများ..


"ယု နင်ဒဏ်ရာရထားတယ်"


ဒေစီ့အသံက အနည်းငယ်ကျယ်သွားသဖြင့် မုန်း ခြေလှမ်းတို့ရပ်တန့်သွားရသည်။


"ဒေစီ..တိုးတိုးပြောပါ"


မုန်းကြားမှာ ဆိုး၍ မပြောနိုင်ပြောနိုင်လေသံဖြင့် ဒေစီ့ကို လှမ်းပိတ်နေသည့် ယု ကြောင့် ဒေစီ စိတ်မထိန်းနိုင်တော့ဘဲ


"မတိုးနိုင်ဘူး နင်ခုန မုန်းရှေ့ကနေ ကာပစ်ရင်းထိသွားတာမလား ယု နင့်မှာအသက်အပိုမပါဘူးနော်"


ယုက သူမကိုပြန်မပြောတော့ဘဲ သူမရင်ခွင်ထဲလဲပြိုလာသဖြင့်


"ဟယ် ယု နင် သတိထားဦးလေ"


မုန်း ခင်ခင့်ကိုဂရုမစိုက်နိုင်တော့ပေ။ ရုတ်တရပ်ကြီး ယု ကိုစိုးရိမ်သည့်စိတ်တို့က ဘာကြောင့်ကြီးစိုးလာမှန်းမသိ။ သူမကိုတွဲထားသည့် ခင်ခင့်လက်ကိုဖြုတ်ကာ ယု ထံ ပြေးသွားလိုက်မိသည်။


"မမယု.."


ကြားလိုက်ရသည့် မုန်း၏ အသံကြောင့် ယု သတိမလစ်သွားစေရန် အားတင်းပြီး မုန်းကိုပြန်ပြုံးပြလိုက်ကာ


"မမယု ရှိပါတယ်"


သူမပါးစပ်မှ မမယု ဟူသောနာမည်ဘယ်လိုဘယ်ပုံ ထွက်သွားမှန်း မုန်းမသိလိုက်ပါ။ သတိလည်းမထားနိုင်တော့ပေ။ အသိစိတ်ရော မသိစိတ်ကပါ ယု ကိုပူပန်နေမိသည်။


"အစ်မ မမယု ကို ကယ်ပါဦး"


"ခန ခန ကားထဲက ဆေးပစ္စည်းတွေသွားယူလိုက်ဦးမယ် မုန်း ယု ကိုပွေ့နိုင်တယ်မလား"


"ရတယ်"


ကားထံ မီးပုလင်းလှမ်းပစ်သော်လည်း နေရာလွဲပြီးကားက ကံကောင်းကာ မီးမလောင်သွား။


မုန်း ယု ကိုပွေ့ရင်း ဒေစီ့နောက်သို့ ကပြာကယာ လိုက်သွားလိုက်သည်။ ခင်ခင်တစ်ယောက်ကတော့ လူပိုကြီး ပမာ ငုတ်တုပ်။


လမ်းမှာလူပြတ်သလို ဘေးတွင်လည်းတောများသာရှိသဖြင့် ဆေးရုံနှင့်အတော်ဝေး၏။


"ဆေးရုံထိဆို နင်တောင့်ခံနိုင်မှာမဟုတ်ဘူး ယု ငါရအောင်ခွဲပေးမယ်နော်"


ယု မုန်း၏ရင်ခွင်ကိုမှီလျက် ဒေစီ့ကိုခေါင်းငြိမ့်ပြလိုက်၏။


ခွင့်ပြုချက်ရသည်နှင့် ဒေစီ့ ယု အပြင်အင်္ကျီလေးကိုချွတ်လိုက်ကာ ပါသည့်ဆေးပစ္စည်းအချို့နှင့်ပင် ဒဏ်ရာကိုရအောင်ခွဲစိတ်ရန်ကြိုးပမ်းရတော့သည်။


ဒဏ်ရာက ယာဘက်လက်ပြင်တွင်ဖြစ်ပြီး နက်လည်းနက်သဖြင့် ဒေစီ ချွေးပျံရသလို ယု လည်း အတော်မျော့နေပြီ။


သွေးထွက်ကလည်းများ ပစ္စည်းကမစုံ ထုံဆေးမေ့ဆေး မပေးဘဲ အစိမ်းခွဲခြင်းဖြစ်ရာ နာလွန်းသဖြင့် ယု အသိစိတ်များပင် ပျောက်ချင်လာပြီ။


"မမယု ကျွန်မရှိတယ်နော် ကျွန်မဘေးမှာရှိနေတယ်"


သို့သော် မုန်းက ယု လက်ကိုမလွှတ်တမ်းဆုပ်ကိုင်ထားပြီး ဘေးမှနေလည်းတစ်ဖွဖွ အားပေးနေရာ ယု ရှိသမျှအားအင်တို့ဖြင့် တင်းခံထားမိ၏။


"ကျည်ဆံကိုတော့ထုတ်ပြီးပြီ ဒါပေမဲ့ ဒါက အထိန်းလောက်ပဲရမှာ တို့တွေဆေးရုံအမြန်သွားမှဖြစ်မယ်"


"ဒါဆိုအမြန်သွားရအောင်လေ မဒေစီ"


"အိမ်ပဲပြန်ပါ"


မုန်းရင်ခွင်ထဲကနေ ယုက ဝင်ပြောလိုက်၍


"ဟဲ့ နင့်ဒဏ်ရာက.."


"အိမ်ပဲအရင်ပြန်"


ယုစကားကြောင့် မုန်းအလိုမကျစွာဖြင့်


"အမိသေနတ်ဒဏ်ရာက သေတတ်တယ်နော်"


"အိမ်မှာပဲကုချင်တယ်"


မပြောနိုင်ပြောနိုင် ပြောနေသော ယုနှင့် မုန်းတို့ပြိုင်မငြင်းလိုတော့သဖြင့်


"မဒေစီ အိမ်ပဲသွားလိုက်ပါ"


"အင်း အင်း"


ဒေစီ ကားမောင်းသူနေရာကိုဝင်ထိုင်လိုက်ကာ နောက်ခန်းမှမုန်း၏ဘေးကိုဝင်ရန်လုပ်နေသည့် ခင်ခင့်ကို


"ဟို ကလေးမ ရှေ့ခန်းလာ"


သူမကို ဒေစီက ကလေးမဟုခေါ်လိုက်ရာ ခင်ခင် နှုတ်ခမ်းလေးဆူသွားပြီး


"ဘာ ကလေးမလဲ ကျွန်မအသက်၂၀ရှိပြီ ကလေးမဟုတ်တော့ဘူး"


"အေး ငါ့အသက်က ၂၈ မင်းထက် ၈နှစ်ကြီးတယ် မရှည်နဲ့ ရှေ့ခန်းကိုတက်"


ဒေစီ ဟောက်လိုက်တော့မှ ခင်ခင်က နှုတ်ခမ်းဆူလျက်ပင် ကားရှေ့ခန်းကိုတက်သွားလေသည်။

ယုကတော့ ပင်ပန်းထားသဖြင့် မုန်းရင်ခွင်ထဲ အိပ်မောကျနေပြီ။


မုန်း သူမကိုမှီပြီးအိပ်ပျော်နေသော ယု ၏ မျက်နှာကိုစိုက်ကြည့်ရင်း သူမအာရုံထဲရုတ်တရပ်ပေါ်လာသည့် ဝိုးတဝါးပုံရိပ်အချို့နှင့် မသဲမကွဲစကားသံများ။


"မမယု"


"မမယုရှိပါတယ်"


"အဲ့လိုထူးတာကိုကျွန်မသဘောကျတယ်"


"မုန်းသဘောကျတယ်ဆို မမယု ပျော်ပါတယ်"


"ဒီလောက်လှလွန်းနေတာကျွန်မ မကြိုက်ဘူးမမယု"


"မုန်းမကြိုက်ရင် မမယုရုပ်ဆိုးအောင်လုပ်လိုက်ရမလား"


နားထဲဆူညံသလိုခံစားလာရသဖြင့် မုန်း ခေါင်းကိုတစ်ချက်ခါယမ်းလိုက်ကာ ယု ပုခုံးလေးကိုကိုင်ရင်း ကားပြတင်းအပြင်သို့သာ စိုက်ကြည့်နေလိုက်တော့သည်။


"ဖြေးဖြေးမောင်းပါ သေကုန်တော့မှာပဲ"


"လူဖြတ်နေတယ်လေ မတွေ့ဘူးလား"


"တိုက်တော့မယ် ရပ် ရပ် ကျွန်မ မသေချင်သေးဘူး"


ဘေးကနေတတွတ်တွတ်ကဂျီကချောင်ကျနေသည့် ခင်ခင့်ကိုကြည့်ကာ ဒေစီ ကားကိုရပ်လိုက်ပြီး


"မင်းလာမောင်းမလား"


"ကျွန်မ မှ မမောင်းတတ်တာ"


"အေး အဲ့တာဆို ငြိမ်ငြိမ်နေ"


"အစ်မက အမြန်မမောင်းနဲ့လေ ဒီကကြောက်တာပေါ့လို့"


သူမကိုမကြည့်ရဲကြည့်ရဲ ပြောပြီး တစ်ဖက်လှည့်သွားသည့်ခင်ခင့်ကြောင့် ဒေစီတစ်ချက်ပြုံးမိသွားသည်။


ဒီလိုကျလည်းဒီကလေးမချစ်စရာကောင်းသား။


"တိုးတိုးပြောပါ ဒီမှာ နိုးသွားဦးမယ်"


မုန်းက ယုကိုလက်ညှိုးထိုးပြီး ပြောလိုက်သဖြင့် ဒေစီ စိတ်ထဲကျေနပ်မိ၏။


"ဟုတ်ပါပြီ"


ဒေစီကရယ်ပြီးပြန်ပြောလိုက်ကာ ခင်ခင်က 

နှုတ်ခမ်းလေးဆူသွားပြန်သည်။


အချိန်တစ်ခုကြာမောင်းနှင်ပြီးနောက် အရေးပိုင်မင်းတို့စံအိမ်ထဲ ဒေစီ ကားလေးကိုရပ်လိုက်ကာ


"ရောက်ပြီ"


"ဒါ မဟူရာတို့အိမ်လား အကြီးကြီးပဲနော်"


ခင်ခင်ကတအံ့တဩပြောလိုက်သော်ညား မုန်းကတော့ ယု ကို ခပ်ဖွဖွလှုပ်နိုးလိုက်၏။


"အမိ အမိ"


"မုန်း.."


အနေအထားမှာ မျက်နှာချင်းနီးကပ်လွန်းနေသဖြင့် မုန်းက မျက်နှာလေးတစ်ချက်နီသွားပြီး ယု ကတော့ မုန်းပုံစံကြောင့်ကြိတ်ပြုံးလိုက်မိသည်။


"ဆောရီးမုန်းရယ် ညောင်းနေမှာပဲ"


"ရပါတယ်"


"ဆင်းရအောင်လေ"


သူမတို့ကားပေါ်မှဆင်းလာသည်နှင့် မာမီက ဝမ်းသာအားရ အပြေးလေးလှမ်းလာကာ မုန်းကိုပွေ့ဖက်လိုက်ပြီး


"အမလေး မာမီ့သမီးလေးရယ် မာမီအရမ်းလွမ်းနေခဲ့ရတာ"


အရေးပိုင်မင်းကဘာမှမပြောသော်လည်း မည်မျှဝမ်းသာနေကြောင်းသိသာပါသည်။


မုန်း မမှတ်မိသော်ညား ထိုအမျိုးသမီးက မာမီဟုသုံးနှုန်းလိုက်သဖြင့် အမေဖြစ်ဟန်ဟု တွေးမိလိုက်သည်။


အရေးပိုင်မင်းကလည်း မုန်းတို့အနားတိုးလာရင်း


"ဒယ်ဒီ့သမီးကိုထပ်မဆုံးရှုံးစေရတော့ဘူး"


ဘာမှမမှတ်မိပေမဲ့ သူမ၏ မိဘဆိုသူများကို ပွေ့ဖက်လိုက်သည်နှင့် နွေးထွေးမှုလေးတော့ ခံစားလိုက်ရပါသည်။


"ဒါ သမီးကိုကယ်ထားတာ ခင်ခင်လှ တဲ့ သူက သမီးတို့နဲ့အတူနေတော့မှာ ဒယ်ဒီ"


အရေးပိုင်မင်းကတစ်ချက်သာပြုံးပြလိုက်သော်လည်း အရေးပိုင်ကတော်က ချိုချိုသာသာပြုံးရင်း


"ကျေးဇူးတင်ပါတယ်ကွယ် ဒေါ်ဒေါ်တို့သမီးလေးကိုကယ်တင်ပေးထားလို့"


"ရပါတယ် ဒေါ်ဒေါ် "


ယု က တစ်ခွန်းမှဝင်မပြောဘဲ ကြည့်သာကြည့်နေသဖြင့် ဒေစီကပင်


"ဒေါ်ဒေါ် ယု ဒဏ်ရာရထားတယ်"


ထိုအခါမှ ဒေါ်မြသက်က ယု အနားသို့လာပြီး


"ယု ဘယ်လိုဖြစ်ရတာလဲ"


"ယု ဘာမှမဖြစ်တော့ပါဘူး မာမီ"


ယု အရေးပိုင်မင်းကိုကြည့်လိုက်ကာ


"မုန်းကိုထပ်ပြီးတိုက်ခိုက်တယ် ဒယ်ဒီ"


အရေးပိုင်မင်းမျက်လုံးတွင်ဒေါသကထင်းကနဲ


"သူတို့ခုဘယ်မှာလဲ"


"နစ် တို့ဖမ်းထားပါတယ်"


"ဒယ်ဒီ သိပြီ"


အရေးပိုင်မင်းက ဆေးတံကိုပါးစပ်ထဲထည့်၍ သူ့နောက်လိုက်အချို့နှင့်အတူ အပြင်သို့ထွက်သွားလေသည်။


မုန်း အရေးပိုင်မင်း၏နောက်ကျောကိုကြည့်နေစဉ် အရေးပိုင်ကတော်က


"ပင်ပန်းလာကြမှာပဲ ဒီနေ့ညတော့ ဒီမှာပဲအိပ်လိုက်ကြတော့လေ"


ယုက ပြုံးပြီးခေါင်းငြိမ့်ပြလိုက်ကာ မုန်းကတော့ ခေါင်းလေးကုပ်ရင်း


"ဒီမှာပဲဆိုတော့ ကျွန်မတို့မှာတစ်ခြားအိမ်ရှိသေးလို့လား"


မုန်း၏ အမေးကြောင့် ဒေါ်မြသက်က မျက်မှောင်ကြုံ့လိုက်သဖြင့် ဒေစီပဲကြားကဝင်ကာ


"ငါရှင်းပြလိုက်မယ် နင် မုန်းနဲ့အတူသွားနားတော့"


ယု မာမီ့ကိုခွင့်တောင်းပြီး မုန်းကိုခေါ်ကာ အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။


ဒေစီရှင်းပြတာ နားထောင်ပြီးနောက် ဒေါ်မြသက်စိတ်ထဲမကောင်းသော်လည်း အသက်မသေတာပင်ဝမ်းသာရမည်မဟုတ်လား။


အချိန်မှာ ညနေ၆နာရီဝန်းကျင်။


ဒေစီက ယုအနာကိုသေချာဆေးထည့်ပေးထားသော်ညား ဒဏ်ရာပြင်း၍ အဖျားတက်လေ၏။


တစ်ကိုယ်လုံးကိုက်ခဲပြီး လူကလည်းနုန်းချိနေရာ ယု အိပ်ယာက မထနိုင်။


အပြင်ဘက်မှ ထမင်းစားဖို့လာခေါ်သည့် အိမ်စေလေးကို အတင်းအားခဲ၍ မစားတော့ဘူးဟု ပြောပြီးနောက် ယု အိပ်ယာထဲသာ လှဲနေမိသည်။


တစ်ခနကြာ တံခါးခေါက်သံထပ်ကြားသော်လည်း မထနိုင်သဖြင့် ထမဖွင့်ပေးမိ။ တံခါးက ဂျက်တော့ ချမထား။


တံခါးခေါက်သံအဆုံး တံခါးဖွင့်သံနှင့်အတူ သူမနားကပ်လာသည့်ခြေသံကိုကြားနေရသော်လည်း လူကမလှုပ်နိုင်။ 


မုန်း ယု ခုတင်ဘေးသို့ဝင်ထိုင်လိုက်ကာ နွားနို့ ခွက်လေးကို စားပွဲပေါ်တင်ပြီး ယု၏ နဖူးကိုစမ်းလိုက်တော့


"ပူခြစ်နေတာပဲ"


မုန်း အခန်းပြင်ပြန်ထွက်သွားပြီး ရေအဝတ်လေးယူလာကာ ယု နဖူးပေါ်တင်ပေးရင်း


"အမိ ကျွန်မခေါ်တာကြားရလားဟင်"


"မုန်း.."


မုန်း ယုကို ထူပေးလိုက်ပြီး ယု အနောက်သို့ခေါင်းအုံးလေးခုပေးလိုက်ကာ


"အမိဘာမှမစားဘူးဆိုလို့ ကျွန်မစိတ်ပူလာလို့"


"မမယုလို့ပဲခေါ်ပါလား"


"ကောင်းပါပြီ မမယု"


မုန်းကတစ်ချက်ပြုံးပြီးပြောလိုက်၍ ယုလည်းခပ်ယဲ့ယဲ့လေးပြုံးမိသည်။


"နွားနို့လေးသောက်လိုက်ပါဦး"


မုန်းခွံ့တိုက်သော နွားနို့ကိုသောက်ပြီးနောက် မုန်းက ယု နဖူးမှ ရေဝတ်လေးကို တစ်ဖက်လဲပြီးပြန်အုပ်ပေးနေသဖြင့်


"ဘာလို့ကိုယ်တိုင်လုပ်နေတာလဲ မုန်း အိမ်စေတွေကိုခိုင်းလို့ရတာပဲ"


မုန်းက ယု မျက်နှာကို ကြည့်နေရင်း


"ဘာလို့လဲမသိဘူး မမယုအသားကို တစ်ခြားလူထိမှာကျွန်မ မကြိုက်ဘူး"


ခပ်ဆူဆူပြောလိုက်သည့် မုန်းကြောင့် ယု သဘောကျစွာပြုံးမိသည်။


ယု မုန်း၏လက်ကိုခပ်ဖွဖွကိုင်၍ သူမဝဲဘက်ရင်အုံကိုဖိစေလျက်


"ဘာမှမခံစားရဘူးလား မုန်း"


"မမယု ရင်ခုန်သံတွေမြန်နေတာလား"


"အဲ့တာမုန်းနဲ့တွေ့တိုင်းဖြစ်ပေါ်လာတဲ့ မမယုရဲ့ရင်ခုန်သံပဲ"


မုန်း သူမလက်ကို အမြန်ပြန်ရုတ်လိုက်ပြီး


"ကျွန်မတို့ကညီအစ်မတွေပါ မမယု"


မုန်း၏စကားကြားတော့ ယု မျက်နှာလေးညှိုးငယ်သွားရပြန်သည်။ ယု မေ့သွားသည် လက်ရှိအခြေအနေအရ မုန်းနှင့်ခင်ခင်သည် သမီးရည်းစားများ ဖြစ်ပြီး ယုကတော့ မုန်း၏အစ်မ။


သူမနှင့်မုန်းသည် လွန်ကျူးခဲ့ပြီးသည့်အခြေအနေမှန်း ယု ပြောမထွက်ပါ။ ပြောမထွက်သည်ထက် ပြောလည်းမပြောလို မုန်းကိုယ်တိုင်သာ မှတ်မိစေလိုသည်။


ယု နွားနို့ခွက်ထဲမှ နို့ကိုတစ်ဝက်လောက်ထိသောက်ပြီးနောက် မုန်းက ယု အင်္ကျီစိုနေသည်ကို သတိထားမိသွားပုံ။


"မမယု ချွေးတွေစိုနေတယ် အဝတ်လဲလိုက်ပါလား ကျွန်မလဲပေးမယ်"


မုန်းက ယု အဝတ်ဘီရိုလေးကိုကြည့်ရင်း ပြောလိုက်၍ 


"ရပါတယ် မမယု ဘာသာ ထပါ့မယ်"


ကိုယ်တိုင်ထဖို့လုပ်နေသော ယု၏ပုခုံးနှစ်ဖက်ကို မုန်းနူးနူးညံ့ညံ့ကိုင်ရင်း


"ကျွန်မလုပ်ပေးပါမယ်ဆို"


ပြောပြောနှင့် မုန်း ဗီရိုထဲမှအင်္ကျီတစ်ထည်ကို ယူကာ ယုအနီးသို့ပြန်လာခဲ့လိုက်သည်။ ထို့နောက် ယု အင်္ကျီကို မုန်းကချွတ်မည်လုပ်တော့ ယုက အနည်းငယ်နောက်တွန့်သွားလေရာ


"မရှက်ပါနဲ့ နောက်လည်းမြင်နေရမှာပဲကို"


မုန်း ထိုစကားကို ဘယ်လိုပြောထွက်သွားသလဲမသိ။ရုတ်တရပ် ထွက်ကျလာသော ထိုစကားကြောင့် မုန်းနားမလည်စွာ နဖူးလေးကိုပွတ်နေမိ၏။


ယုကတော့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိပြန်သည်။


"တစ်မျိုးမထင်ပါနဲ့ နောက်လည်း မမယု ကိုကျွန်မကအဝတ်လဲရင်လဲပေးမှာလို့"


ရှက်သယောင်လေးပြောနေသည့်မုန်းကို ယုကရယ်ပြီးကြည့်နေရင်းမှ


"မမယု ဘယ်လိုမှသဘောမထားပါဘူး"


မုန်း ယုအင်္ကျီလေးကိုချွတ်လိုက်သည်နှင့်  ဝဲဘက်ရင်အုံအပေါ်နားလေး၌သူမအမာရွတ်နှင့်တစ်ထပ်တည်းတူသည့် အမာရွတ်လေးကိုတွေ့လိုက်ရသဖြင့်


"ဒါ..ဒါက.."


"နှလုံးသားချင်း ထပ်တူလေ မုန်း"


"နှလုံးသားချင်းထပ်တူ.."


ထိုစကားသံနှင့်အတူ မုန်း အာရုံထဲ ဝင်ရောက်လာသည့် ထင်ထင်ရှားရှားပုံရိပ်များ။ မုန်းသည် ယုကိုရေနွေးပူများဖြင့်လောင်းနေသည့် အပြင် ယုရင်ဘက်ကိုလည်းမီးခဲဖြင့်ကပ်သည်။ သူမကိုယ်သူမလည်းပြန်ကပ်သည်။ 


ယု က သူမရင်ဘက်ကို တယုတယ ဆေးလိမ်းပေးနေပုံများ စကားသံများကလည်း နားထဲတိုးဝင်လာနေ၏။


မုန်း ယုရင်ဘက်မှ အမာရွတ်လေးကို လက်ဖျားလေးဖြင့် ကိုင်ကြည့်ရင်းမှ ထိုအမာရွတ်လေးအားရုတ်တရပ် သိမ်မွေ့စွာအနမ်းပေးလိုက်တော့ ယု အံ့ဩမိ၏။


"ကျွန်မအဲ့ညကိုမှတ်မိပြီ ညတိုင်းကျွန်မအိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကိုနှိပ်စက်နေတယ်လို့မက်တယ် အဲ့တာ မမယုလား"


ယုက ပြန်မဖြေသဖြင့် မုန်း ခပ်ဟဟပြုံးလိုက်ကာ


"ဟုတ်နေတာပဲ ကျွန်မက အရမ်းဆိုးပုံပဲနော်"


"မုန်းကမဆိုးပါဘူး မမယုအတွက်တော့ မုန်းကအကောင်းဆုံးပဲ"


သူမလက်ကိုလှမ်းဆုပ်ကိုင်ရင်းပြောလိုက်သည့် ယု ၏ပါးပြင်ကို မုန်း အနမ်းလေးတစ်ချက်ပေးပြီးနောက်


"မမယုက ကျွန်မဘဝရဲ့ အရေးကြီးတဲ့တစ်စိတ်တစ်ပိုင်းမှာပါဝင်နေမယ်ဆိုတာ ကျွန်မသိတယ်"


မုန်းက ယုအင်္ကျီဝတ်တာကိုကူညီပေးပြီး နာရီကိုတစ်ချက်ကြည့်လိုက်ကာ


"ဒီည မမယုအိပ်ပျော်တဲ့ထိကျွန်မနေပေးမယ်"


"ရပါတယ် မုန်းပင်ပန်းလာတာ သွားနားပါတော့"


"မသွားဘူး မမယု နားမှာပဲနေမှာ"


လက်ပိုက်ကာနှုတ်ခမ်းဆူပြီးပြောလိုက်သည့်မုန်းကို ယု ကကြောင်ကြည့်နေသဖြင့်


"ထူးဆန်းနေလို့လားဟင်"


မုန်းကအူကြောင်ကြောင်ပုံလေးဖြင့် မေးလိုက်သဖြင့် ယု အားရပါးရ ရယ်မိတော့သည်။


မုန်း၏ထိုသို့ကလေးဆန်နေပုံကို ယု မမြင်ဖူးပါ။ မတွေ့ခဲ့ရသည့်ကာလများအတွင်း မုန်းက အနည်းငယ်ပြောင်းလဲသွားသော်ညား မုန်းလက်ရှိပုံစံကိုလည်း ယု သဘောကျပါသည်။


"ခင်ခင်ရော"


ယု ပြောတော့မှ မုန်း ခင်ခင့်ကိုသတိရသည်။


"ခင်ခင် အိပ်လောက်ရောပေါ့ တောမှာဆို ဒီချိန်အိပ်ကြပြီလေ"


"ဪ"


မုန်း ယု ပုခုံးနှစ်ဖက်ကနေ ကိုင်ပြီး ယုကို လှဲစေလျက်


"မမယုလည်း အိပ်တော့"


"အမိန့်တော်ပါပဲရှင်"


ဒေါင် ဒေါင် ဒေါင်


Pendulum clock မှ အသံကြောင့် မုန်း ငိုက်နေရာမှနိုးလာပြီး ယုကိုကြည့်လိုက်ရာ ယုက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသဖြင့် ခင်ခင့်ထံသွားရန် ခုံမှထလိုက်သည်။


ခင်ခင့်အခန်းထံသွားရာလမ်းတွင်လည်း ယု ပုံရိပ်တို့ကိုသာ မုန်းတွေးနေမိသည်။ ယု ကိုစမြင်သည်နှင့် နှလုံးသားနေရာမှ စည်းချက်မမှန်စွာ ခုန်ပေါက်လာသည့်ရင်ခုန်သံ။


ညစဉ်ညတိုင်းအိပ်မက်ထဲနေရာယူနေသည့် ထိုအမျိုးသမီးက မုန်း၏ အစ်မတဲ့လား။ သို့သော် ယု ကိုတွေ့သည်နှင့် မုန်း၏ခံစားချက်တို့က ညီအမထက်ပိုနေ၏။


မုန်း ရှုပ်လာသော အတွေးတို့ကို ဖယ်ထုတ်လိုက်ပြီး လက်ရှိသူမချစ်သူဖြစ်သော ခင်ခင့်ကိုသာအာရုံထဲထည့်လိုက်တော့သည်။


~~~~~


"မဟူရာ"


မုန်းကိုတွေ့သည်နှင့် ခုတင်မှ ကမန်းကတန်းထလာသော ခင်ခင့်ကြောင့်


"ဘာလို့လဲ ခင်ခင်"


"ငါကြောက်တယ် မဟူရာ အခန်းကြီးကအကြီးကြီးကို ငါတစ်ယောက်တည်းနေရမှာ မနေရဲဘူး"


ခင်ခင့်ပုံစံလေးကိုကြည့်ပြီး မုန်းပြုံးလိုက်ကာ


"မကြောက်ပါနဲ့ ခင်ခင်ရယ် ငါရှိတယ်လေ ပြီးတော့ နင့်အပေါ်အားလုံးက နွေးထွေးကြတာပဲကို"


ခင်ခင်လည်ပင်းလေးကိုကုတ်ရင်း


"မဟူရာကလည်း ငါနဲ့ကစိမ်းနေတယ်လေဟာ ပြီးတော့ နင်က…နင့် အစ်မကိုပဲဂရုစိုက်နေတာ"


ခင်ခင်က သဝန်တိုပုံလေးပြောလိုက်၍ မုန်း မျက်မှောင်လေးကြုံလိုက်ပြီး


"မမယု က ငါ့အသက်ကိုကယ်ထားတာလေ ပြီးတော့ ငါ့အစ်မကို ငါဂရုစိုက်ရမှာပေါ့"


ခပ်တည်တည်အနေအထားဖြင့်ပြောလိုက်သောမုန်းကို ခင်ခင် ပြန်မပြောဝံ့တော့ရာ


"အင်းပါ ငါမဟူရာကိုနားလည်ပါတယ်"


"ဒါဆိုလည်းအိပ်တော့ခင်ခင် ငါသွားပြီ"


သူမ အခန်းထဲရောက်တော့ မုန်း အခန်းတစ်ဝိုက်ကို ဝေ့ဝိုက်ကြည့်နေမိသည်။ အသုံးအဆောင်တော်တော်များများက တန်ဖိုးကြီးမည့်ပုံပေါ််သလို မိန်းမ မဆန်လည်း မဆန်သဖြင့် မုန်းသဘောကျနေမိသည်။


အံဆွဲအချို့ကိုလိုက်ဖွင့်ကြည့်နေမိစဉ် ယု နှင့် အတူ တွဲရိုက်ထားသည့် အဖြူအမဲဓာတ်ပုံလေးကိုမြင်တော့ မုန်း ထိုဓာတ်ပုံလေးကို ယူလိုက်ကာ အမြတ်တနိုး ကြည့်နေမိ၏။


"မမယု ကိုမြင်ရင် ခင်ခင့်ကိုမြင်တာထက် ပိုရင်ခုန်ရတယ်"


အဟောင်း တို့သည် ဘယ်သောအခါမှ ရိုးမသွားဟူသော စကားရှိသည်။ မုန်းမဟူရာ တစ်ယောက် လက်ရှိအချစ်သစ်အားမေ့လျော့ကာ  အချစ်ဟောင်းထံပြန်လည်ဦးတည်သွားလေတော့မလား။


~~~~~


မျက်နှာပေါ်သို့ကျရောက်လာသည့် နေရောင်ကြောင့် ယု အိပ်ရာမှ နိုးလာ၏။


ဒဏ်ရာက ကိုက်နေသဖြင့် ယု ဒဏ်ရာကိုရေထိမခံဘဲ ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကိုသာ သန့်ရှင်းရေးလုပ်ပြီး ထဘီရင်လျှားအနေအထားလေးဖြင့် အခန်းပြင်ထွက်ခဲ့စဉ် ထဘီစကိုနင်းမိပြီး ရင်သားအစုံတို့မှာ တစ်ခနတာသာလစ်ဟာသွားလေသည်။


ထိုစဉ် အခန်းထဲဘယ်ချိန်ကမှန်းမသိရောက်နေသည့်မုန်းက ယုကိုကြည့်နေရင်း နှာခေါင်းမှ သွေးစအချို့စီးကျလာသဖြင့် ယု ထဘီကိုအမြန်ပြင်ဝတ်လိုက်ကာ


"မုန်း နှာခေါင်းသွေး…"


ယုက နှာခေါင်းကိုထိုးပြရင်းပြောလိုက်တော့မှ မုန်းက ရှက်သွားပုံဖြင့် တစ်ဖက်လှည့်ကာ နှာခေါင်းသွေးတို့ကိုသုတ်နေလေသည်။


"ခနလေးနော် မုန်း မမယု အဝတ်လဲလိုက်ဦးမယ်"


မုန်းခေါင်းပြန်ငြိမ့်ပြပြီး ယု အား ထိုင်စောင့်နေလိုက်သည်။


တစ်ခနကြာတော့ ယုက အပြာရင့်ရောင်ရင်ဖုံးဝမ်းဆက်လေး ဖြင့် မုန်းပေးထားသည့် ဆံထိုးလေးကိုထိုးကာ မုန်းရှေ့ခုံတွင်ထိုင်လိုက်ပြီး


"မုန်းကိုဒီလက်စွပ်လေးပေးချင်လို့"


မုန်း ယု ကမ်းပေးသည့်လက်စွပ်လေးကိုလှမ်းယူရင်း


"ဒါလေးက…"


"မုန်းရဲ့လက်စွပ်လေ"


လက်စွပ်လေးကိုကြည့်ရင်း မုန်းက ယုဆံထုံးမှ ဆံထိုးလေးကိုသိထားမိသွားကာ


"လက်စွပ်နဲ့ဆံထိုးက ပုံစံတူပဲနော်"


မုန်း၏စကားကြောင့် ယု က ခပ်ယဲ့ယဲ့လေးပြုံးလိုက်ပြီး


"မုန်း မမယုကိုပေးထားတာလေ ဆင်တူပေါ့"


ယု၏အဖြေကိုကြားလိုက်စဉ် မုန်း၏ နားထဲစကားငံအချို့က တိုးဝင်လာသလို ယုနှင့်သူမကြားမှတ်ညဏ်အချို့ကလည်းဦးနှောက်ထဲ ပြန်ပေါ်လာ၏။


"ဒါနဲ့ မုန်း ဒီအိမ်မှာ ဆက်နေမလား မမယုတို့နေတဲ့စံအိမ်မှာနေမလား"


"အရင်ကကျွန်မတို့နေတဲ့အိမ်မှာပဲနေရအောင် ကျွန်မ မှတ်ညဏ်တွေများပေါ်လာမလားလို့ ကျွန်မအဲ့မှာသွားနေရင် မမယုရောလိုက်မှာလား"


ယု မုန်းကို ချိုချိုသာသာလေးပြုံးပြလိုက်ကာ


"မုန်းသဘောပါ မမယုကမုန်းနဲ့အတူရှိနေရရင်တော်ပြီ"


ယု၏အဖြေကိုကြားတော့ မုန်းသွားစွယ်လေးပေါ်အောင်ပြုံးရင်း


"အဲ့ဒီ့စကားကိုကျွန်မသဘောကျတယ် မမယု"


JikoJane