ပန်းတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကို မြင်နေရတာတောင် ကျွန်မ ဝင်သွားလို့ မရတာ ဘာကြောင့်ပါလိမ့် ။ ဘယ်လိုအကြောင်းအရာတွေက ကျွန်မကို ကာရန်ချိုရဲ့ အနားကနေ ခပ်ဝေးဝေးနေမိအောင် တွန်းပို့နေတာပါလိမ့် ။
" အန်တီမော်က အစောကြီးပြန်သွားတာပဲ "
" သူ့ ကိုရီးယားကားက ဒီနေ့ ဇာတ်သိမ်းပိုင်းမို့လို့တဲ့ "
ကာရန်က ခပ်လွင်လွင်ကလေး ရယ်ပြီး ဆိုင်အပြင်ကို ထွက်သွားတယ် ။ စက်ဘီးကို လှေကားအောက် သွားထည့်တာ ထင်ပါရဲ့ ။ မနက်က စျေးသွားရင်းနဲ့ ဝယ်လာတဲ့ ဒိုင်ယာရီစာအုပ်ကို ထုတ်လိုက်တယ် ။ စာအုပ်ပုံစံလေး လှလို့သာ ဝယ်လာတာ ကျွန်မက ဒိုင်ယာရီ ရေးလေ့ရေးထလည်း မရှိဘူး ။
စာအုပ်ကို ဖွင့်လိုက်တော့ ဝါကျင့်ကျင့် စာရွက်အရောင်နဲ့ တစ်အုပ်လုံးက ခေတ်ဟောင်းရဲ့ အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ် ။ ၈၀ ပြည့်နှစ်တွေတုန်းကလို စာအိတ်ထဲ စာရွက်ထည့်ပြီး ရည်းစားစာပေးလို့ ရလောက်တဲ့ ခံစားချက်မျိုးပဲ ။
စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာမှာ တစ်ခုခုတော့ ရေးသင့်ကြောင်း အတွင်းစိတ်က တွန်းပို့နေတာကြောင့် ဘောပင်ခွက်ထဲက ဘောပင်တစ်ချောင်းကို ဆွဲယူလိုက်တယ် ။
K
ရေးမိပြီးမှ ပါးပြင်ဆီက ခပ်နွေးနွေးဖြစ်လာတာကြောင့် စာအုပ်ကို ချက်ချင်း ကောက်ပိတ်လိုက်ရတယ် ။ စိတ်အတွင်းပိုင်းအထိ နေရာယူထားနိုင်တဲ့ လူတစ်ယောက်က သူဖြစ်နေခဲ့တာ ။ ဘေးပြတင်းပေါက်ကို လှည့်ကြည့်မိတော့ ကာရန်က သူ့စက်ဘီးကို နေရာချနေရင်း မော့ကြည့်တယ် ။ သူခိုးလူမိသလို ဖျက်ခနဲ ခေါင်းပြန်ငုံ့လိုက်ပေမယ့် စာအုပ်ထိပ်မှာ သူ့နာမည်ရှိနေတယ် ဆိုတဲ့ အသိက နှလုံးခုန်သံတွေကို ခပ်ပြင်းပြင်းကလေး ဖြစ်နေစေတာ ။
တံခါးဝက ခေါင်းလောင်းသံရဲ့ နောက်မှာ လူတစ်ယောက်တည်းဖြစ်ပုံမရတဲ့ ခြေသံတွေ ကပ်ပါလာတယ် ။
မော့မကြည့်မိခင်မှာပဲ နှာဖျားကို ဖြတ်ပြေးလာတဲ့ ရေမွှေးနံ့ကြောင့် အသက်ကို အောင့်လိုက်မိတယ် ။ ပြီးတော့ ရင်ဘတ်ထဲက တင်းကြပ်တဲ့ ပိတ်လှောင်မှုတွေ ။ ကြောက်စရာကောင်းလောက်အောင် ပြေးဝင်လာတဲ့ နာကျင်မှုတွေ ။ ဒဏ်ရာဟောင်းပေါ် အားပြင်းပြင်းနဲ့ တက်နင်းလိုက်လို့ သွေးစိမ်းရှင်ရှင် ပြန်ထွက်လာသလို ခံစားချက်တွေ ။
" ရောင် "
ဟင့်အင်း ။
ကျွန်မ ဒီအရာတွေ အားလုံးဆီကနေ ထွက်ပြေးလာခဲ့ပြီးသားလေ ။ ကျွန်မ ဒီကြိုးတွေကို ဖြတ်ချခဲ့ပြီးသားလေ ။
မော့ကြည့်လိုက်မိတော့ ကျွန်မရဲ့ နောက်ကျောက ဓားတွေကို မြင်ရတယ် ။ ဟုတ်ပါရဲ့ ၊ မြင်နေရတဲ့ မျက်နှာတိုင်းက အသွားထက်ထက် ဓားတွေချည်းပဲ ။
" နင့်ကို surprise လာလုပ်တာကို ၊ ထကြိုပါဦးဟ "
လူငါးယောက်က ကျောပိုးအိတ်တစ်လုံးစီကို လွယ်ထားတယ် ။ ပြီးတော့ တစ်သက်လုံး ပြန်လှည့်မကြည့်ပါဘူးလို့ သံဓိဌာန်ချထားခဲ့တဲ့ မျက်နှာတွေ ။
ကျွန်မကို သူ့ရဲ့ ပျောက်နေတဲ့ ခန္ဓာကိုယ်တစ်ခြမ်းပါလို့ မကြာခဏပြောခဲ့ဖူးတဲ့ အနက်ရောင်ဆံနွယ်ရှည်တွေနဲ့ မိန်းကလေး။
သူ့ဘေးမှာတော့ ကျွန်မ အသည်းနင့်အောင် ချစ်ခဲ့ရတဲ့ အမျိုးသား ။
ဘာကိစ္စမှ မရှိခဲ့သလို ကျွန်မကို ပြုံးရယ်ပြီး ကြည့်နေကြတာ ။
ပြီးတော့ တံခါးကို တွန်းပြီး ဝင်လာတဲ့ ကျွန်မရဲ့ မိန်းကလေး ။
" ဘယ်သူ့ကို လာရှာတာလဲ မသိဘူး "
" အာ ကျွန်တော်တို့က လရောင်ရဲ့ သူငယ်ချင်းတွေပါ "
" ဪ … "
ကာရန်က ကျွန်မကို ဖျက်ခနဲ လှမ်းကြည့်တယ် ။ ကူကယ်ရာမဲ့နေတဲ့ မျက်ဝန်းတွေကို ကာရန် မြင်နိုင်စေဖို့ ဘယ်ဘုရားမှာ ဆုတောင်းရပါ့မလဲ ။
" အဲဒါဆို ကာရန်ကတော့ ကိုယ့်ကိုယ်ကိုယ် လရောင်ရဲ့ သူငယ်ချင်း အသစ်လို့ မိတ်ဆက်ပေးရမယ် ထင်တယ် "
" ဟာ အဲ့လိပ်ခွံခေါင်းက သူငယ်ချင်းရလိုက်သေးတယ်ပေါ့ "
ကျွန်မကို ခေါ်လိုက်တဲ့ နာမည်တစ်ခုကြောင့် အကုန်လုံးထရယ်ကြတယ် ။ အဲဒီ စနောက်သံတွေကလည်း ကျွန်မကို မပျော်စေဘူး ။
"ဒါနဲ့ ရောင် ၊ အန်တီမော်ရော "
" နင်တို့က ငါ့ အဒေါ်ကို ဘယ်လိုသိတာလဲ "
" အယ် မပြောထားဘူးလား ၊ နင့်အမေ ပြောပေးတာလေ "
ဒီရက်ပိုင်း အမေနဲ့ မော်မော် မကြာခဏ အဆက်အသွယ်လုပ်နေရတဲ့ အကြောင်းအရင်းကို သိလိုက်ရတယ် ။
" ဆိုင်လေးက ချစ်ဖို့ကောင်းလိုက်တာ ၊ ငါ အမြဲတမ်း ဒီလိုဆိုင်လေး ဖွင့်ချင်နေခဲ့တာ "
ပန်းအိက ဆိုင်ကို လှည့်ပတ်ကြည့်ရင်း သဘောတကျနဲ့ ပြောလာတယ် ။ ပြီးတော့ ကျွန်မအနားကို ရောက်လာပြီး ကျွန်မကို ဖက်တယ် ။
" လွမ်းနေတာ မိန်းမရဲ့ "
ရင်ထဲ နွေးသွားရတဲ့ တစ်ခဏကိုတော့ အပြစ်မတင်ဘဲ နေရအောင် ။ လူတိုင်းက ကျွန်မအပေါ်မကောင်းခဲ့တာတော့ မဟုတ်ပါဘူးလေ ။
" ဆိုင်က အနံ့အရမ်းကောင်းတယ် ၊ အပြင်မှာလည်း ပန်းတွေချည်းပဲ ။ အထဲမှာလည်း စာရွက်အဟောင်းတွေနဲ့ လက်ဖက်ခြောက်အနံ့လိုပဲ ၊ ဟုတ်တယ်မလား သော်ဇင် "
လေပြေ့ကိုတော့ ကျွန်မ ကြည်ကြည်လင်လင်နဲ့ မကြည့်လိုက်နိုင်ဘူး ။ ဘယ်လို လုပ်ရပါ့မလဲ မွန်းကြပ်လိုက်တာ ။
" ဪ အဲဒါ လရောင် ရေနွေးကြမ်းသောက်ရင်း စာအုပ်ပေါ် ဖိတ်သွားတာတွေလေ ၊ ကာရန်ကတော့ လက်စဖျောက်တဲ့ အနေနဲ့ ငှါးတဲ့ဘက် သွားဖွက်ထားလိုက်တာ ။ အနံ့က ရနေတုန်းလား "
" ဟားဟား ငါကတော့ နင့်သူငယ်ချင်းကို တကယ်ခင်သွားပြီ လရောင်လင်းရေ "
သော်ဇင့်ရဲ့ ရယ်သံကြောင့် အားလုံးက ထရယ်ကြတယ် ။ ကျွန်မကိုယ်တိုင်တောင် ပြုံးလိုက်မိပါရဲ့ ။ ကာရန်ချိုက တကယ့်ကို သဲကန္တာရမှာ အလှပဆုံး ပွင့်လန်းနေတဲ့ ပန်းလေးတစ်ပွင့်လို ကျွန်မရဲ့ ဘဝထဲ ဝင်လာခဲ့တာ ။
" ကျွန်တော့်နာမည်က ဇေ… ဇေယျာပါ ၊ အန်တီပြောပြဖူးပေမယ့် ကာရန်က တကယ်လှတာပဲ "
" ဟျောင့် အခုမှ သိတာပါကွ ထိန်းပါဦး မင်းကလည်း "
သူတို့ရဲ့ စနောက်ရမယ့် စာရင်းထဲ ကျွန်မရဲ့ မိန်းကလေးကိုပါ ဆွဲထည့်ဖို့ ကြိုးစားနေတော့ ဒေါသက ထောင်းခနဲ ထွက်သွားတယ် ။ ဒါပေမယ့် ဆက်ခနဲ လက်ကို ဆွဲထားတာကြောင့် မလှုပ်လိုက်နိုင်ဘူး ။ ပန်းအိက ကျွန်မကို ဝင်မပါဖို့ မျက်ရိပ်ပြတယ် ။ ဒါပေမယ့် ကျွန်မ ဘယ်လို ချုပ်ထိန်းရပါ့မလဲ ။
" အာ ဒီကောင်က သော်ဇင်နိုင် ၊ သူက လေပြေ ၊ လရောင်ဘေးက ပက်ကျိက ပန်းအိဖြူတဲ့ ။ သူက … "
ဇေယျာက နောက်က နှစ်ယောက်ဆီ အကြည့်ရောက်သွားတော့မှ အသံတိတ်သွားတယ် ။ ပြီးတော့ ဆက်ခနဲ ကျွန်မကို လှည့်ကြည့်တယ် ။ မကောင်းတဲ့ အရာတွေကို သူတို့ကတော့ မေ့ဖျောက်ထားနိုင်ခဲ့တယ် ထင်ပါရဲ့ ။
" လာရင်း ကိစ္စတောင် မေ့တော့မလို့ဗျာ ၊ ကျွန်တော်တို့ လာရင်းနဲ့ တန်ဆောင်တိုင်မီးပုံးပျံပွဲရှိနေတာကို မေ့သွားတယ်ဗျာ ။ အခု guesthouse တွေကလည်း မရတော့ဘူး ၊ ဒီမှာ ခဏလောက် တည်းလို့ ရမလားလို့ပါ "
ကာရန်က ကျွန်မကို လှမ်းကြည့်တယ် ။ ကျွန်မမျက်လုံးထဲက အလိုမကျတဲ့ အရိပ်အငွေ့တွေကိုတော့ မမြင်လိုက်ဘူး ထင်ပါရဲ့ ။
" အန်တီမော်သာ ခွင့်ပြုမယ်ဆို ရပါတယ် ၊ အိမ်က နေရာကျယ်တာပဲဟာကို "
သက်ပြင်းကို မသိအောင် ချလိုက်ပေမယ့် လေးလံမှုက ပိုတိုးလာတယ် ။ ကာရန်ချို တစ်ယောက်ကိုလည်း အရိပ်အကဲ ဖတ်တတ်အောင် ဘယ်လို သင်ပေးရပါ့မလဲ ။
" ဪ ပြီးတော့ သူတို့က … "
" ထူးမြတ်အောင် ၊ အင်္ဉ္ဇလီ "
" စကားခဏပြောရအောင် ကာရန် "
ရပ်နေတဲ့ လူနှစ်ယောက်ရဲ့ နာမည်ကို ခပ်မြန်မြန်ထပြောပြီး ကာရန့်ရဲ့ လက်ကို ဆက်ခနဲ ကောက်ဆွဲလို့ ဆိုင်ပြင်ထွက်လာမိတယ် ။ အထဲက ငါးယောက် ဘယ်လိုကျန်နေခဲ့မလဲဆိုတာကို ကျွန်မ စိတ်မဝင်စားဘူး ။ ဆေးအပြာရောင် သုတ်ထားတဲ့ ခြံစည်းရိုးက တံခါးကို တွန်းဖွင့်လိုက်တော့ နှင်းဆီတွေ ဝေဆာနေတဲ့ ပန်းခင်းကို တွေ့ရတယ် ။ ညနေပိုင်း ကျနေရဲ့ အောက်မှာတောင် လန်းဆန်းနေသေးတဲ့ နှင်းဆီတွေက ကာရန်ချို ပြောဖူးသလို ဘယ်အခြေအနေမှာမဆို လှလှပပ ပွင့်လန်းနေတုန်းပဲ ။
" ဘာလုပ်တာလဲ "
" လရောင် … "
" ကာရန်က ကျွန်မ စကားကို အလေးအနက်မထားတာပဲ ၊ ထားဖို့ အစီအစဉ်ရော ရှိသေးရဲ့လား "
" လရောင်ရဲ့ သူငယ်ချင်းတွေလေကွယ် ၊ ကာရန် ငြင်းလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ "
" ကျွန်မဘက်ကတောင် မသတ်မှတ်တော့တဲ့ သူငယ်ချင်းတွေလေ "
တငွေ့ငွေ့တက်နေတဲ့ ဒေါသအရိပ်တွေက ကာရန်ချို ကျွန်မရဲ့ လက်တွေကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ ရေလောင်းခံလိုက်ရတဲ့ မီးပုံလို အရှီန်သေသွားတယ် ။
" တစ်ချို့ ကိစ္စတွေက အမြဲတမ်း အမုန်းနဲ့ပဲ ဖြေရှင်းလို့ မရဘူးလေ လရောင်ရဲ့ "
ကာရန်ချိုရဲ့ ချိုချိုအေးအေး လေသံတွေအောက်မှာ အရှိန်သေခါစ မီးပုံဟာလည်း လုံးဝကို ပြာမှုန်တွေအဖြစ် ပြောင်းလဲသွားရတယ် ။ ဟုတ်ပါရဲ့ ၊ ကျွန်မကို ထိန်းချုပ်နိုင်တဲ့ တစ်ဦးတည်းသော မိန်းကလေးလေ ။
" ကာရန် အကုန် ဖြေရှင်းပေးမှာမို့လို့ လရောင်က ဘာကိုမှ စိတ်ပူနေစရာ မလိုဘူးနော် "
ကာရန့်ရဲ့ လက်ချောင်းတွေကြား ထွေးပွေ့ခံထားရတဲ့ ကျွန်မရဲ့ လက်တွေကို ငေးရင်း ခေါင်းကို ခပ်လေးလေးပဲ ညိမ့်ပြလိုက်မိတယ် ။ လက်တွေ ဖြုတ်ချသွားမှာကို ကြောက်ရွံ့ခဲ့တဲ့ အချိန်တွေလည်း ရှိပေမယ့် အခုအချိန်မှာတော့ အဲဒီကြောက်ရွံ့မှုကို မခံစားရဘူး ။ ကာရန်ချိုကတော့ ကျွန်မကို ထားမသွားလောက်ဘူး မဟုတ်လား ။
" ညကျရင် ကာရန်နဲ့ လာအိပ်လေနော် "
" ဟင် "
ဒိတ်ခနဲ ဖြစ်သွားတဲ့ နှလုံးခုန်သံတွေနဲ့အတူ ကျွန်မကသာ ထိတ်လန့်သွားမိပေမယ့် ကာရန်ချိုကတော့ သူပြောလိုက်တဲ့ စကားကို အဓိပ္ပာယ်မပေါက်ဟန် ။
" လရောင် သူတို့နဲ့ အိပ်ချင်မယ် မထင်လို့လေ ။ အောက်မှာ အခန်းက နှစ်ခန်းပဲ ရှိတာ ၊ ယောက်ျားလေး သုံးယောက်ကို တစ်ခန်းနဲ့ မိန်းကလေး သုံးယောက်ကို တစ်ခန်းပေးလိုက်ရင် လရောင်က ဘယ်မှာ အိပ်မှာလဲ "
" အာ … "
" အင်းလေ "
ကိုယ့်အတွေးနဲ့ ကိုယ် လွန်လွန်မင်းမင်း ဖြစ်သွားတာကို သတိထားလိုက်မိတော့ သူ့ရဲ့ လက်ချောင်းတွေကြားကနေ ရုန်းထွက်လိုက်မိတယ် ။
" လာပါ ၊ သူတို့ကို အိတ်တွေ ကူသယ်ပေးရအောင်နော် "
" မသယ်ချင်ပါဘူး "
ကလေးလို နှုတ်ခမ်းဆူပြီး ငြင်းချက်ထုတ်မိတော့ ကာရန်က ပြုံးတယ် ။
" လရောင် မသယ်ရပါဘူး ၊ လရောင်က ဒီတိုင်းပဲ ရပ်ကြည့် "
ကာရန်ချိုကြောင့်သာ မဟုတ်ရင် ကျွန်မ ငြင်းဆန်မိမယ့် အရာတွေချည်းပါပဲ ။ နေရခက်မယ့် အခြေအနေတွေက ဘယ်လိုမှ မကုန်ဆုံးနိုင်ဘူး ။ ကာရန်သာ မရှိရင် ကျွန်မ ဘယ်လို ဖြတ်ကျော်ရပါ့မလဲ ။
" ခဏလောက်ရော ဟုတ်ပါ့မလား ၊ အိတ်တွေက နှစ်ချုပ်လောက်နဲ့မှ အဆင်ပြေမယ် ထင်တယ် "
ကာရန်က ရွှတ်နောက်နောက်ပြောပြီး ခြံဝန်းထဲ ချထားတဲ့ အိတ်နှစ်အိတ်ကို ကောက်မ လိုက်တယ် ။
" ဝိုး ကာရန်က အားသန်လိုက်တာ "
လေပြေ့ရဲ့စကားကို ကာရန်က ပြုံးရင်း ခေါင်းညိမ့်ပြတယ် ။ အရင်ကတည်းက ပြုံးပြုံးရွှင်ရွှင်ပဲ နေတတ်တဲ့ ကာရန့်ကို အခုတစ်ခါတော့ သိပ်ကြည့်မရတော့ဘူး ။
" ပထမဆုံး လာတဲ့ ဧည့်သည်ရှေ့မှာတော့ ပျူငှါပြရမှာပေါ့ ၊ မဟုတ်ရင် မန္တလေးသူတွေ သဘောမကောင်းဘူးလို့ သတင်းထွက်လာဦးမယ် "
" အဲဒါဆို ကျွန်မတို့ နောက်လည်း မကြာမကြာ လာလည်မယ်ဆို ကူညီပေးမယ်မဟုတ်လား "
ကျွန်မရဲ့ မိန်းကလေးကို သူတို့ ခိုင်းချင်တိုင်း ခိုင်းလို့ ရတယ်များ ထင်နေကြတာလား ! လွန်လွန်မင်းမင်း !
" အင်း အဲ့အခါကျရင်တော့ kilo အလိုက် charge ရှိမယ်လေ "
ခြံထဲမှာ ရယ်သံတွေ ပျံ့နှံ့လာပြန်တယ် ။ ကာရန်ချို ရှိနေတဲ့ နေရာတိုင်း နွေးထွေး နေရတာကတော့ မေးခွန်းထုတ်စရာတစ်ခု မဟုတ်ပါဘူးလေ ။
" ကာရန် အဲ့လောက်အထိ ကူညီပေးစရာမလိုပါဘူး ၊ လေပြေတောင် အားနာလာပြီ "
" ကိုယ့်ဟာကိုယ်သယ်နေရင်း အိတ်တွေ တောင်ပေါ်ကနေ လျှောကျသွားရင် မန္တလေးအထိ လိုက်ကောက်နေရမှာစိုးလို့ "
အခန်းရဲ့ ထောင့်မှာ နံရံကို မှီလို့ ရပ်နေရင်း ကျွန်မရှေ့က လူတွေကို ငေးနေမိတယ် ။ ဖြတ်ချခဲ့တဲ့ ကြိုးတွေနဲ့ ထပ်ချည်ထားတဲ့ ကြိုးလေး ။ အရာရာဟာ ဘဝတွေရဲ့ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ တိုက်မိဖူးမယ့် ဖြစ်ရိုးဖြစ်စဉ်တွေချည်းပါပဲ ။ မသိချင်ယောင်ဆောင်ပြီး ရှောင်ထွက်လာခဲ့တာတွေလည်း ရှိနေသေးတာ ။
ဒါပေမယ့် …. တကယ်ကို ဒါပေမယ့် ပေါ့လေ ….
ရွှေအိုရောင် ဆံနွယ်တွေနဲ့ ရွှေရောင်လို တောက်ပတဲ့ အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ ဒီမိန်းကလေးကိုတော့ ကျွန်မဘဝရဲ့ နောက်ဆုံး နေ့ရက်တွေအထိ ခေါ်သွားချင်တာ ။
အဲဒီ့နေ့က သူ စက်ဘီးနင်းပြီး ဝင်လာတဲ့ နေရာက ကားဝင်းတစ်ခုထဲကို မဟုတ်ဘဲနဲ့ ကျွန်မရဲ့ နှလုံးသားထဲ ဖြစ်နေကြောင်း တစ်ချိန်တော့ သေချာပေါက် အသိပေးဦးမှပါလေ ။
-