................
နောက်တစ်နေ့ ငွေမှုံ ရန်ကုန်သွားခါနီး ဘုတ်အီးတို့
အိမ်သို့ဝင်ကာ နှုတ်ဆက်ပေမယ့် ဘုတ်အီးနှင့်မတွေ့
ခဲ့ရချေ။
ဘုတ်အီးက ငွေမှုံနှင့်သူ့အမေ စကားပြောနေသည့်
အသံကို ခြင်ထောင်ထဲကနေ နားစွင့်နေလေသည်။
သူ ကားဂိတ်အထိ လိုက်ပို့ပေးချင်ပေမယ့် မနေ့ည
က မတော်တဆမှုကြောင့် မျက်နှာပူပြီး ထွက်မတွေ့
ရဲခြင်းဖြစ်သည်။
ငွေမှုံထွက်သွားတော့မှ ဘုတ်အီး ခြင်ထောင်ထဲက
ထွက်လာခဲ့သည်။
အိမ်ရှေ့ကို အပြေးလေးထွက်လိုက်ပြီး လမ်းပေါ်
သို့ လှမ်းကြည့်လိုက်သည်။
မှောင်နေသည့်လမ်းမထက် ဓာတ်မီးရောင်လက်ခနဲ
တွေ့လိုက်ရပြီး ငွေမှုံတို့သားအဖ တရွေ့ရွေ့သွား
နေသည်ကို ဘုတ်အီး အိမ်အပေါက်ဝကနေ လှမ်း
ပြီး ကြည့်နေလေသည်။
"ငွေမှုံက အခုပဲ သွားပြီ..."
"အင်း.. "
ဘုတ်အီး အိမ်ထဲသို့ ပြန်ဝင်လာခဲ့လိုက်သည်။
နာရီကိုကြည့်လိုက်တော့ လေးနာရီခွဲ။ သူ မျက်နှာ
သစ်ဖို့အတွက် အိမ်ရှေ့သို့ ပြန်ထွက်လာခဲ့လိုက်ပြန်
သည်။
တစ်လကြာပြီးနောက်
ဘုတ်အီး အတော်လေးတက်ကြွနေသည်။
ဒီနေ့ သူ ရန်ကုန်သို့ သွားရမည်။ငွေမှုံနှင့်တွေ့ရမည်။
လျှောက်လည်ရမည်။
မနက် ငါးနာရီကားနှင့် ရန်ကုန်သို့ သွားကြမည်ဖြစ်
သည်။
ငွေမှုံ့အတွက် ကြော်လှော်ပေးထားသည့် ဗူးတွေကို
လက်ကိုင်အိတ်တစ်လုံးထဲသို့ထည့်ကာ လက်မှာ
ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကလည်း ဆီထမင်းနှင့်ငါးကြော်တွေ၊ကြက်သားကြော်တွေထည့်ထားသည့် စတီးသုံးဆင့်ချိုင့်ကိုကိုင်ထားသည်။
ကားဂိတ်မှာ ခွေးပိန်နှင့်ဘုတ်အီး အထုပ်အပိုးတွေ
နှင့် ကားစောင့်နေကြသည်။
အဝတ်အစားအသစ်၊ဖိနပ်အသစ်နှင့်ဇစ်ဆွဲလွယ်
အိတ်ကိုလွယ်ကာ အမွှေးနံ့တွေသင်းကြိုင်နေသည့်
ဘုတ်အီးကိုကြည့်၍ ခွေးပိန်ကပြုံးသည်။
သူတို့လိုက်မည့် ဟိုင်းလက်ကားလေးက ဂိတ်ကို
ဝင်လာသည်။
ခွေးပိန်က ကားသမားနှင့်ရင်းနှီးနေ၍ ခေါင်းခန်းထဲ
ကစီးဖို့ မနေ့ကတည်းက မှာထားတာကြောင့် သူတို့
တွေ ကားခေါင်းခန်းသို့ ဝင်လိုက်သည်။
ခွေးပိန်က အလယ်မှာထိုင်ပြီး ဘုတ်အီးက ပြတင်း
ပေါက်ခြမ်းမှာထိုင်သည်။
ဘုတ်အီး ကားထဲရောက်ပြီးလို့ ပစ္စည်းတွေကို
နေရာချပြီးမှ
"လေးလေး...ကားမထွက်သေးဘူးမဟုတ်လား"
"ထွက်တော့မှာလေ ဘာလို့လဲ"
"ဟို..အပေါ့သွားချင်လို့...ခ..ခဏလေး...လက်ဖက်
ရည်ဆိုင်ဘက်ကို ပြေးလိုက်ဦးမယ်..."
"အေးအေး...သွားသွား..."
ဘုတ်အီး ကားထဲကနေ ပြန်ထွက်လိုက်ပြီး လက်ဖက်
ရည်ဆိုင်ဘက်သို့ပြေးလေသည်။
တကယ့်တကယ်တမ်းကျ အပေါ့က သွားလို့မရ။
မထွက်။ညှစ်ထုတ်တာတောင်မထွက်ချေ။
ခရီးသွားရမည်ကို စိတ်လှုပ်ရှားနေ၍ အပေါ့သွား
ချင်သလို အလေးသွားချင်သလို ဖြစ်နေသလား
မသိ။
နောက်ဆုံး ဘယ်လိုညှစ်ထုတ်ထုတ် မထွက်တာ
ကြောင့် ဘုတ်အီး အိမ်သာထဲကနေ ပြန်ထွက်လာ
ခဲ့လိုက်သည်။
လုံခြည်ကိုသေချာပြင်ဝတ်လိုက်ပြီးနောက် လက်ဖက်
ရည်ဆိုင်ထဲကနေ ခပ်သုတ်သုတ် ထွက်လာခဲ့လိုက်
သည်။
"ဟိုမှာပြန်လာပြီ...ကဲကဲ...သွားကြမယ်ဟေ့"
ဘုတ်အီး ကားခေါင်းခန်းထဲသို့ ပြန်ဝင်လိုက်သည်။
သူ ရင်တွေခုန်နေပါဘိ။ ငွေမှုံနှင့်တွေ့ရတော့မည်။
ရန်ကုန်မြို့ကြီးမှာ လည်ရတော့မည်။
အတွေးနှင့်စိတ်ကူးယဥ်ပြီး ကားစီးလာခဲ့သည်။
ရန်ကုန်ကို နှစ်နာရီလောက် ကားမောင်းရသည်။
တဖြည်းဖြည်းနှင့် ရန်ကုန်မြို့၏နယ်နိမိတ်ထဲသို့
သူတို့စီးလာသည့် ခရီးသည်တင် ဟိုင်းလက်ကား
လေးဟာ ဝင်ရောက်လာသည်။
မနက်ခုနှစ်နာရီကျော်ဆိုပေမယ့် လမ်းပေါ်မှာ
ကားတွေက ရှုပ်စပြုနေပြီဖြစ်သည်။
ထို့ပြင် ရှူရှိုက်ရသည့်လေထု၏ အငွေ့အသက်က
လည်း ပြောင်းလဲလာသည်။
ကားဆီနံ့၊မီးခိုးနံ့၊နောက် ဘာနံ့ဟုပြောရမှန်းမသိ
သည့် အနံပေါင်းစုံဟာလည်း နှာခေါင်းထဲသို့ ဝင်
လာသည်။
ဘုတ်အီး နှာခေါင်းကို လက်နှင့်ပိတ်၍ ပြတင်း
ပေါက်ကနေ အပြင်ကိုငေးနေရာမှ ထိုင်ခုံမှာ ကျော
မှီ၍ပြန်ထိုင်လိုက်သည်။
"နောက်ကားပါတယ်..ဆွဲထား..."
ဗျစ်!
ဘေးကနေ အရှိန်နှင့်မောင်းကာ ကျော်တက်သွား
သည့် လိုင်းကားတစ်စီးမှ စပါယ်ယာ၏ စည်းမရှိ
ကမ်းမရှိ ထွေးလိုက်သည့် ကွမ်းတံတွေးက သူတို့
စီးလာသည့် ကား လေကာမှန်ပေါ်သို့ လေနှင့်အတူ
လွင့်မျောပါလာပြီး လာစင်လေသည်။
"တောက်...ငါ @#$%^&"
ကားဆရာက ရှေ့ကားက စပါယ်ယာကို ဆဲရေးတိုင်း
ထွာသည်။
ဘုတ်အီး သူ့ရှေ့က ကွမ်းတံတွေးစင်ထားသည့်
ကားမှန်ကိုကြည့်ကာ ခေါင်းခါလိုက်သည်။
သြော် မြို့ကြီးပြကြီးမှာနေပြီး ပါးစပ်စည်းကမ်း
မရှိလိုက်ပုံများနဲ့တော့ မလွယ်ပါ့လား။
လိုင်းကားတွေက တစ်စီးပြီးတစ်စီး သူတို့ကားကို
ကျော်တက်သွားကြသည်။
"အင်း...ရုံးပိတ်ရက်တောင်မှ ကားပြိုင်ကွင်းထဲ
ရောက်နေသလားမှတ်ရတယ် "
ခွေးပိန်က အပြိုင်ဆိုင်လုမောင်းနေသည့် ရန်ကုန်
မြို့တွင်းပြေးဆွဲသည့် လိုင်းကားတွေကိုကြည့်ကာ
မှတ်ချက်ပြုသည်။
ခွေးပိန်၏ မှတ်ချက်ကြောင့် ဘုတ်အီးရဲ့စိတ်ထဲက
နေ တွေးမိသွားသည်။
ရုံးပိတ်ရက်တောင် ဒီလောက်ဝီခေါ်နေအောင် မောင်း
နေကြတာ။ရုံးဖွင့်ရက်သာဆိုလျှင် တွေးတောင်
မတွေးဝံ့ချေ။
"ကျွန်တော် ညနေကျရင် ဘယ်ကိုလာကြိုရမလဲ"
"ခရေပင်လမ်းခွဲကပဲ စောင့်နေကွာ ငါတို့လာခဲ့မယ်"
"ကောင်းပြီအစ်ကို"
ကားဆရာက သူတို့ကို ဒဂုံတက္ကသိုလ် ကျောင်းဝန်း
ရှေ့မှာ ချထားခဲ့သည်။
"ကဲ..ဘုတ်အီးရေ..ဒီတစ်ခါတော့ ကိုးခြောက်ကိုးသုံး
ပဲဟေ့..လာ.."
ခွေးပိန်က ငါးဆင့်ချိုင့်ကိုဆွဲလိုက်ပြီး ရှေ့ကထွက်
သွားသည်။ဘုတ်အီးက အကြော်အလှော်ဘူးတွေ
ထည့်ထားသည့်အိတ်ကိုဆွဲ၍ နောက်ကလိုက်သည်။
ဆယ်မိနစ်ခန့်လမ်းလျှောက်အပြီးမှာတော့ ခွေးပိန်က
အမျိုးသမီးအဆောင်တစ်ခုရှေ့မှာရပ်လိုက်သည်။
"ရောက်ပြီ ဘုတ်အီး..အဆောင်မှူးကို ခေါ်လိုက်ဦး
မယ်"
ခွေးပိန်က ဘုတ်အီးကိုလှည့်ပြောလိုက်ပြီးနောက်
အဆောင်ခြံတံခါးနားသို့တိုးသွားလိုက်ကာ ခြံတံခါး
မှာချိတ်ထားသည့် လူခေါ်ခေါင်းလောင်းကို တီးလိုက်
သည်။
ကလောင်ကလောင်...!
ဘုတ်အီး အဆောင်ကိုတစ်ချက်ငေးကြည့်နေသည်။
စောသေးလို့လားတော့မသိ။အဆောင်က တိတ်ဆိတ်
နေသည်။
ခေါင်းလောင်းသံကြား၍ အဆောင်ထဲက အသက်ငါး
ဆယ်ဝန်းကျင်လောက်ရှိသော အမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်။
"သြော်...ငွေမှုံ့အဖေပဲ.."
အမျိုးသမီးကြီးက ခွေးပိန်ကိုမြင်သည်နှင့်ပြုံးပြ၍
နှုတ်ဆက်ကာ ခြံတံခါးကို ဖွင့်ပေးသည်။
"လာကြလာကြ.."
ခွေးပိန်နှင့်ဘုတ်အီး အဆောင်ခြံဝန်းထဲသို့ ဝင်လာခဲ့
လိုက်ကြသည်။
"သူဇာ...ငွေမှုံ့ကို သူ့အဖေရောက်နေတယ်လို့ ပြော
လိုက်ပါဦး"
အဆောင်မှူးက မိန်းကလေးတစ်ယောက်ကို အမှာပါး
လိုက်သည်။
ပြီးနောက် ဧည့်ခန်းမှာထိုင်၍ ခွေးပိန်နှင့်ဘုတ်အီးကို
ဧည့်ခံသည်။
"ငွေမှုံက လိမ်မာပါတယ်..တခြားကလေးတွေလို
အပြင်မှာလည်တာပတ်တာလည်းမရှိဘူး..ကျောင်း
ပိတ်လည်း အဆောင်မှာပဲ နေတာ.."
"ဟုတ်ကဲ့အစ်မကြီး..ဆုံးမသွန်သင်စရာရှိရင် သွန်
သင်ပါ ဆုံးမပါ.."
"အင်းအင်း..."
"ဖေဖေ..ဘုတ်ဘုတ်.."
ငွေမှုံက ဘုတ်အီးရဲ့အနားသို့ရောက်လာပြီး ဘုတ်အီး
ကို ဖက်လိုက်သည်။
ဘုတ်အီး ကုလားထိုင်မှာထိုင်နေရာက ငွေမှုံ သူ့ကို
လာဖက်တော့ တောင့်တောင့်ကြီးဖြစ်သွားသည်။
"ကဲ..ဒါဆိုလည်း သားအဖတွေ အေးအေးဆေးဆေး
စကားပြောကြဦး.."
"ဟုတ်ကဲ့..ဟို..ကျွန်တော် ဒီနေ့ သမီးကို အပြင်မှာ
လည်ရအောင်ခေါ်သွားချင်လို့..သူ့သူငယ်ချင်းလည်း
ပါလာတော့ လိုအပ်တာလေးတွေလည်းဝယ်ရ
အောင်လို့လေ.."
"ရတယ်ရတယ်...ခေါ်သွား...အဆောင်ပိတ်ချိန်
အမှီပြန်လာရင်ရတယ်"
"ဟုတ်ကဲ့.."
အဆောင်မှူးဆီကလည်း ခွင့်ပြုချက်ရပြီဆိုတော့
သူတို့ မြို့ထဲမှာ လည်ဖို့ပတ်ဖို့အတွက် ငွေမှုံ့ကို
အဝတ်သွားလဲခိုင်းလိုက်သည်။
"သမီး ဒီမှာ သူငယ်ချင်းတွေကို ကျွေးလိုက်ဦး
ဒါက သမီးအတွက် "
"ဟုတ်ကဲ့ဖေဖေ.."
ငွေမှုံ ချိုင့်ကတစ်ဖက် အထုပ်ကတစ်ဖက်နှင့် ပြန်
ထွက်သွားသည်။
တစ်လအတွင်း ငွေမှုံ ပြောင်းလဲသွားတာ ဘာမှမရှိ။
အဆောင်နေဟန်ကလည်း အိမ်မှာနေသလိုပင်
ရိုးရိုးရှင်းရှင်းသာဖြစ်သည်။
ထို့အတွက်ကြောင့် ဘုတ်အီးရဲ့စိတ်ထဲမှာ ကျိတ်၍
ကျေနပ်နေသည်။
ဆယ်မိနစ်လောက်ကြာတော့ ငွေမှုံ ပြန်ရောက်လာ
သည်။
အဝတ်အစားလဲဝတ်လာပြီး ဆံပင်ကို သေချာဖြီး
သင်၍ စည်းထားသည်။
"ကဲ..သွားရအောင်...ဖေဖေ Taxi ငှားလိုက်မယ်"
"ဖေဖေတို့ မနက်စာရော စားပြီးကြပြီလား"
"မစားရသေးဘူး..သမီးကောစားပြီးပြီလား"
"သမီးက စားပြီးသွားပြီဖေဖေရဲ့..
ဒါဆို တစ်ခုခုစားပြီးမှ သွားကြမယ်လေ.. အခုမှ
ရှစ်နာရီပဲရှိပါသေးတယ် "
"အင်း..ဒါဆိုလည်း ဒီနားကဆိုင်တစ်ဆိုင်မှာပဲ
မနက်စာ စားကြတာပေါ့..ဘုတ်အီးလည်း ဗိုက်ဆာ
နေလောက်ပြီ"
ဘုတ်အီးကတော့ ငွေမှုံ့မျက်နှာကို မြင်လိုက်ရ၍
ဗိုက်ဆာဖို့ကိုပင် သတိမရချေ။
မနက်စာစားဖို့ပြောကြမှ သူ ဗိုက်ဆာနေပြီမှန်း
သတိထားမိတော့သည်။
"ဟုတ်တယ်လေးလေး...ဗိုက်ဆာနေပြီ"
သူတို့သုံးယောက် လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ
ဝင်ထိုင်လိုက်ကြသည်။
လက်ဖက်ရည်သုံးခွက်နှင့် ထမင်းကြော် ဝက်သား
အချိုချက်ဟင်းနှင့် နှစ်ပွဲမှာလိုက်သည်။
ထမင်းကြော်ပန်းကန်တွေရောက်လာတော့ ဘုတ်အီး
က ထမင်းကြော်ပန်းကန်ကိုတစ်ချက်ကြည့်လိုက်
ကာ စားပွဲထိုးပြန်သွားတော့မှ ငွေမှုံ့နားသို့ကပ်၍
တိုးတိုးလေးပြောလိုက်သည်။
"ထမင်းကြော်ကလည်း သုံးလုတ်လောက်စားရင်
ကုန်ပြီ..ဝက်သားတုံးလေးတွေကလည်း သေးသေး
လေးတွေ..တစ်လုတ်စာပဲရှိတယ်"
"ငါတို့ဆီကလို အဝစားမဟုတ်ဘူးဟ..ဒီမှာက အလှ
စား...နင် ဒါနဲ့မဝရင် လိုက်ပွဲယူလို့ရတယ်"
"ဘယ်လိုလုပ် ဝမှာလဲ သမီးရယ်...ဟေ့...ညီလေး.."
ခွေးပိန်က သူ့သမီးကို ပြောလိုက်ရင်းမှ စားပွဲထိုးကို
လှမ်းခေါ်လိုက်သည်။
ပြီးနောက် ကြက်ဥကြော်နှင့် ထမင်းကြော်နှစ်ပွဲ ထပ်
မှာလိုက်သည်။
အားလုံး စားသောက်ပြီးသွားလို့ ပိုက်ဆံရှင်းတော့
ကျသင့်ငွေ နှစ်ရာကျော်သည်ဆို၍ ဘုတ်အီး
ရေနွေးသောက်နေတာတောင် နင်သွားသည်။
ခွေးပိန်က ပိုက်ဆံရှင်းလိုက်ပြီး စီးကရက်တစ်လိတ်
ကိုမီးညှိ၍ တစ်ချက်ရှိုက်လိုက်သည်။
"စျေးကြီးလိုက်တာ "
ဘုတ်အီး ခပ်တိုးတိုးပြောတော့ ငွေမှုံတို့သားအဖက
ရယ်သည်။
"ဒါ စျေးသက်သာသေးတာကွ...ကျောင်းနီးလို့ဖြစ်
မယ်..မြို့ထဲမှာ ထမင်းကျော်အလွတ်တစ်ပွဲ ငါး
ဆယ်..ဝက်သား၊ကြက်သားနဲ့ဆို ခုနှစ်ဆယ့်ငါးကျပ်
ကလီစာနဲ့ဆို ရှစ်ဆယ်..."
ဘုတ်အီး သူ့ရင်ဘက်သူ လက်နှင့်ဖိလိုက်သည်။
"မြို့ကြီးပြကြီးဆိုတဲ့အတိုင်း စျေးတွေကလည်း
ကြီးလိုက်တာ."
"သူ့နေရာနဲ့သူပေါ့ဟာ.."
"ကဲကဲ...နေမမြင့်ခင် သွားကြမယ်..အရင်ဆုံး
ဘုရားသွားဖူးကြတာပေါ့.."
"ဟုတ်ကဲ့..."
"Taxi ငှားလိုက်ဦးမယ်"
ခွေးပိန်က လက်ဖက်ရည်ဆိုင်ထဲကနေ ထွက်သွား
သည်။
ငွေမှုံနှင့်ဘုတ်အီးလည်း အနောက်ကနေ လိုက်သွား
ကြသည်။
Taxi တစ်စီးငှားလိုက်ပြီးနောက် ရွှေတိဂုံဘုရားသို့
အရင်သွားပြီး ဘုရားဖူးကြသည်။
ပြီးမှ စျေးဝယ်ဖို့အတွက် သိမ်ကြီးစျေးဘက်သို့
သွားကြသည်။
ဘုတ်အီးတစ်ယောက် ကြိုက်သည့်အဝတ်အစား
တွေရှိပေမယ့် စျေးကြီးမည်စိုး၍ မမေးရဲချေ။
အမြင်နှင့်သာကြည့်၍ ဝယ်တော့ မဝယ်ဖြစ်ပါ။
စျေးထဲမှာ ဟိုကြည့်ဒီကြည့်နှင့် ဘာမှမဝယ်ပဲ
မျက်စိအစာ လိုက်ကျွေးနေသည်။
ထိုမှတဆင့် အဆင့်မြင့် စျေးဝယ်ကုန်တိုက်တွေ
ဆီသို့ ခွေးပိန်က ခေါ်သွားပြန်သည်။
"ဝယ်တာမဝယ်တာအသာထား...ရောက်ဖူးတယ်
ရှိအောင်လို့ပေါ့ကွာ..သူများပြောရင် ပြန်ပြောနိုင်
တာပေါ့..."
"ဟုတ်ကဲ့ လေးလေး"
ဘုတ်အီးအတွက် မြင်သမျှတွေ့သမျှ အရာရာတိုင်း
က လိုချင်စရာဖြစ်နေလေသည်။
ရုပ်ရှင်ထဲမှာသာမြင်ခဲ့ဖူးသည့်အရာတွေကို အပြင်
မှာ လက်တွေ့ကျကျ မြင်တွေ့လိုက်ရတော့ ဘုတ်အီး
စိတ်လှုပ်ရှားနေသည်။
"နောက်တစ်ခါလိုက်လာရင်
ထွေးမောင်တို့ကိုပါ ခေါ်လာခဲ့ချေ..ကစားကွင်းနဲ့
တိရိစ္ဆာန်ရုံကိုပါ လိုက်ပို့ပေးမယ်..."
"အေး.."
နေ့လည် သုံးနာရီလောက် ငွေမှုံ့ကိုအဆောင်သို့
ပြန်လိုက်ပို့ပေးပြီးနောက် ဆီထမင်းထည့်လာသည့်
ချိုင့်အလွတ်ကိုပြန်ယူကာ အဆောင်ကနေပြန်လာ
ခဲ့ကြသည်။
အပြန်မှာတော့ ခွေးပိန်က ဘုတ်အီးကို လိုင်းကား
အတွေ့အကြုံရှိအောင် လိုင်းကားတိုးစီး၍ ခရေပင်
လမ်းခွဲအထိ လိုင်းကားအဆင့်ဆင့်စီးကာ ပြန်လာခဲ့
ကြသည်။
ထိုနေ့က အိမ်ပြန်ရောက်တော့ ဘုတ်အီးတစ်ယောက်
တစ်နေကုန်လည်ရပတ်ရ၊လိုင်းကားတိုးစီးရနှင့် အ
တော်ပင်ပန်းသွားသည်။
"အမလေး အမေရေ...ရုပ်ရှင်ထဲမှာသာကြည့်လို့လှ
တာ..ရန်ကုန်မှာဖြင့် မနေချင်ပါဘူး..ပိုက်ဆံချမ်း
သာမှ နေသင့်တဲ့မြို့အမေရေ...ချမ်းသာမှနေသင့်
တဲ့မြို့...ဟိုနားသည်နားသွားဖို့ကလည်း ကိုယ်ပိုင်
ကားရှိမှ..ကုန်တိုက်တွေသွားရင် လိုချင်တာဝယ်နိုင်
အောင် ပိုက်ဆံချမ်းသာဦးမှ..နေစရိတ်စားစရိတ်က
လည်း ကြီးလိုက်တာဆိုတာ...မလွယ်ဘူး...ခဏ
တဖြုတ်အလည်အပတ်သွားဖို့ပဲကောင်းတယ်..
လိုင်းကားတိုးစီးရတဲ့ဒုက္ခကို မခံစာနိုင်ဘူး..."
မိလှိုင်က ရန်ကုန်ကပြန်လာပြီး ညည်းညူနေသည့်
သမီးဖြစ်သူကိုကြည့်ကာ ရယ်သည်။
"မြို့ကြီးပြကြီးကို အထင်ကြီးချင်ဦးလေ..အခု
တော့ ဘယ်နှယ့်ရှိစ..သိပြီမဟုတ်လား"
"သိပြီသိပြီ.."
..............
ငွေမှုံ ပထမနှစ် စာမေးပွဲ ဖြေဆိုပြီးသည့်အချိန် ဖြစ်
လေသည်။
သာယာကြည်လင်နေသည့် ငွေမှုံတို့သားအဖ၏
ဘဝလေးထဲ မုန်တိုင်းထန်လာခဲ့သည်။
"မိလှိုင်ရေ...မိလှိုင်...ဟဲ့.မိလှိုင်.."
ရေးကြီးသုတ်ပြာနှင့် မိလှိုင်၏နာမည်ကို တစာစာ အော်၍ ပြေးလာသူက မိလှိုင်ရဲ့အစ်မ မခိုင်ဖြစ်သည်။
မိလှိုင် အိမ်ထဲကနေ ထွက်လာလိုက်သည်။
"ဘာဖြစ်တာလဲ မမ"
"ခွေးပိန်...ခွေးပိန် အဖမ်းခံရလို့တဲ့"
"ဟယ်...ဘယ်မှာအဖမ်းခံရတာလဲ...ဘာအမှုလဲ"
"မှော်ဘီမှာတဲ့အေ့..ဒီမနက် သူတို့တွေ ကားအရောင်းကိစ္စရှိတယ်ဆိုပြီး သွားကြရင်း မှော်ဘီမှာမိတာ...သူတို့ရဲ့ကားကို ရဲတွေက အရပ်ဝတ်နဲ့တားပြီးမှ ဖမ်းတာတဲ့အေ့...သတင်းပေးရှိလို့ဖြစ်မယ်..သတင်းအတိအကျမရပဲနဲ့တော့ ကားကိုတားပြီးဖမ်းမှာမဟုတ်ဘူး..အဲ့မှာ သူ့အိတ်ထဲကနေ အဖြူထုတ်တွေ့တာတဲ့..."
"ဟယ်..ဘုရားဘုရား..."
မိလှိုင် ဘုရားတလိုက်သည်။ ရင်ဘက်ကို လက်နှင့်
ဖိလိုက်ပြီးနောက် သူမအရင်ဆုံးသတိရသွားတာက
ငွေမှုံ့ကိုဖြစ်သည်။
ငွေမှုံက ဘုတ်အီးနှင့်အတူ စျေးသို့ပါသွားသည်။
"ဒုက္ခပါပဲမမရယ်...ကလေးမ သိရင်တော့ ..."
"အဲ့ဒါကြောင့် ငါတွေးနေတာ...ဒီလောက်ငွေရွှင်နေ
မှတော့ တစ်ခုခုတော့ လုပ်နေတာပါလို့..."
"အဲ့ဒါအခု သူ့ကိုဘယ်ခေါ်သွားကြလဲ"
"အုပ်ကြီးတို့ပြောတာတော့ မှော်ဘီစခန်းမှာပဲ ချုပ်
ထားတာတဲ့..ဒီကိုလှမ်းပြီးအကြောင်းကြားလို့
ငါ သိသိချင်းနင့်ကိုလာပြောတာ...ကလေးမလေး
အတွက်တော့ စိတ်မကောင်းပါဘူးဟယ်..ခွေးပိန်
ကလည်း မိုက်လုံးကြီးလိုက်တာ...ငွေရှာ ရှာပါဦး..
ဥပဒေနဲ့မလွတ်ကင်းတာတော့ မလုပ်သင့်ပါဘူး
ဟယ်..သမီးမျက်နှာမှမထောက်..ဖအေတစ်ခုသမီး
တစ်ခုကို အခုသူက အဖမ်းခံရတော့ သူ့သမီးကို
သာလို့တောင် ပြောကြဆိုကြဦးမယ်..ငါ ဒင်းကိုပဲ
လုပ်ချင်တယ်အေ..."
"အဲ့ဒါဆို ဒီကလူကြီးတွေ လိုက်သွားကြမယ်ထင်
တယ်.."
"အေး..လိုက်သွားမှာပေါ့ဟဲ့..နည်းနည်းပါးပါး..
လိုက်ပြောဦးမှပေါ့.."
"ဘုတ်အီးကလည်း ဒီနေ့မှ နောက်ကျလိုက်တာ
အခုထိ ပြန်မလာသေးဘူး"
မိလှိုင် လမ်းမဘက်သို့ တစ်ချက်မျှော်ကြည့်ရင်း
ရေရွတ်လိုက်သည်။
ဖခင်အဖမ်းခံရမှန်းမသိသေးသည့် ငွေမှုံကတော့
စျေးထဲမှာ ဘုတ်အီးနှင့်အတူ စျေးဝယ်ပြီးနောက်
ဆိုက်ကားဂိတ်သို့ ပြန်လာကြသည်။
"ဟဲ့ငွေမှုံ...နင့်အဖေသတင်း မသိသေးဘူးလား"
ဦးကျောက်ခဲက ဂိတ်မှာဆိုက်ကားကိုထိုးလိုက်ရင်း
ငွေမှုံတို့ကိုမြင်တော့ ပြောလိုက်သည်။
"ဖေဖေ ဘာဖြစ်လို့လဲ ဦးကျောက်ခဲ"
"နင့်အဖေ မှော်ဘီမှာအဖမ်းခံရလို့တဲ့"
"ရှင်..."
ငွေမှုံ ထိတ်လန့်တုန်လှုပ်သွားသည်။ ဘုတ်အီးလည်း
ကြားလိုက်ရသည့်သတင်းကြောင့် အံ့သြသွားသည်။
"ဟုတ်လို့လား ဦးကျောက်ခဲကြီး... မူးမူးနဲ့လျှောက်
ပြောနေတာလား...ဒါ နောက်စရာမဟုတ်ဘူးနော်"
"အာ...တကယ်ပြောနေတာ...နင့်အမေက နင်တို့
ကိုလိုက်ခေါ်ခိုင်းလို့ ငါ လာခေါ်တာ..ကဲကဲ..လုပ်..
မြန်မြန်တက်ကြ..."
ဦးကျောက်ခဲက အတည်ပြောနေတာကြောင့်
ဘုတ်အီးလည်း လက်ထဲက စျေးခြင်းတောင်းကို
ဆိုက်ကားပေါ်သို့တင်လိုက်သည်။
ငွေမှုံကတော့ ကျောက်ရုပ်တစ်ရုပ်နှယ် ရပ်နေသည်။
"ငွေမှုံ...ဆိုက်ကားပေါ်တက်..."
ဘုတ်အီး ငွေမှုံ့ရဲ့လက်မောင်းကိုကိုင်ပြီး ညင်သာစွာ
ဆွဲ၍ခေါ်လိုက်ကာ ဆိုက်ကားပေါ်သို့တက်စေလိုက်သည်။
ငွေမှုံ စိတ်နှင့်ကိုယ်မကပ်ချေ။ ဆိုက်ကားပေါ်မှာ
ထိုင်ချလိုက်ပြီး သူ့အဖေအတွက် ဆုတောင်းနေလေ
သည်။
.............
"အခုကတော့ မိသားစုဝင်တွေနဲ့တွေ့ခွင့်ပေးဦးမှာ
မဟုတ်သေးဘူး..ငါတို့သက်ဆိုင်ရာလူကြီးတွေက
အဆင်ပြေအောင်အရင် ညှိနှိုင်းပြောဆိုကြည့်ဦး
မယ်..အကျိုးအကြောင်းသေချာပြောကြည့်မှ သိ
ရမယ်.."
"ဟုတ်ကဲ့ပါ ဘကြီး "
ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကအပြန် ငွေမှုံ့ရဲ့ခြေ
ထောက်တွေက အားလျော့လို့နေသည်။
ဘုတ်အီးက ငွေမှုံ့ရဲ့ပုခုံးကိုဖက်၍ အားပေးလိုက်
သည်။
"လူကြီးတွေလည်း သူတို့တတ်နိုင်သလောက် လိုက်
ပေးကြမှာပါ..သိပ်လည်း အတွေးလွန်မနေနဲ့ဦး..
ဒေါ်လေးတို့ရှိတယ် ဟုတ်ပြီလား..ဘာမှအားမလျှော့
နဲ့.."
မိလှိုင် ငွေမှုံ့ကို အားပေးစကားပြောလိုက်သည်။
ငွေမှုံ ခေါင်းညိတ်ရုံညိတ်ပြလိုက်သည်။
ခွေးပိန်အဖမ်းခံရသည့်သတင်းက ရပ်ကွက်ထဲမှာ
မပါမဖြစ် ပြောစရာဖြစ်နေသည်။
လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း။အရက်
ဆိုင်မှာလည်း ဒီအကြောင်း။ စျေးထဲမှာလည်း
ဒီအကြောင်းပဲ သတင်းခေါင်းကြီးပိုင်းဖြစ်နေသည်။
လူတစ်ယောက် တစ်စုံတစ်ခုကြောင့် နာမည်ကြီး
လာပါက ရှေးရှေးတုန်းကကိစ္စများကို ပြန်ပြီးအစ
ဆွဲထုတ်ကာ အစဖော် စမြုံ့ပြန်ပြောဆိုတတ်ကြ
သည်မှာ လူ့သဘာဝမဟုတ်လား။
ခွေးပိန်သည်လည်း သူမိန်းမမရခင်အချိန်မှစ၍
ယခု အဖမ်းခံရသည့်အချိန်ထိ သူဖြစ်ပျက်ခဲ့သည့်
ကိစ္စများကို ရပ်ကွက်ထဲမှလူများက မမေ့မလျော့
ပြန်လည် ပြောဆိုကြသည့်အထဲ ပါလာခဲ့သည်။
"အဲ့ဒါပြောတာပေါ့..လူလည်ပျားတုပ်ခံရတယ်ဆို
တာ..သူ့ထက်လည်တဲ့ကောင်နဲ့တွေ့တော့ သူ ခံလိုက်
ရပြီပေါ့..လုပ်တုန်းကတော့ အားလုံးအတူလုပ်ကြ
တာပဲ..ဟော..အခုကြည့်..သူ့ကိုအားလုံးက ဝိုင်း
လက်ညှိုးထိုး ချောက်ချပြီး ကိုယ်လွတ်ရုန်းသွား
ကြပြီ..ဒါတောင် ပစ္စည်းကနည်းလို့ပေါ့.."
"နည်းတာတောင် ဒီကောင် ဆယ်နှစ်ကတော့ ပြေး
မလွတ်တော့ဘူး.."
"သူ့သမီးပဲ သနားဖို့ကောင်းတယ်...ကလေးက
ပညာရေးလေးကောင်းပါရက်နဲ့ အခုတော့ ကျောင်း
တစ်ပိုင်းတစ်စ ဖြစ်ရပြီ"
"သူ့သမီးကြောင့်အခုလိုဖြစ်တာလည်း ဖြစ်နိုင်တာပဲ
သမီးက တက္ကသိုလ်ကျောင်းသူဖြစ်လာပြီဆိုတော့
သူများမိဘတွေလို သမီးကို သုံးစေချင်မှာပေါ့..
ဒီတော့ ဟုတ်တာတွေရော မဟုတ်တာတွေရော
အကုန်လုပ်တော့တာ.."
"ကွာ...ဒါလည်းဒါပေါ့.. ဒီကောင်က နဂိုကတည်း
ကလည်း ခပ်လည်လည်ပါ...လူပျိုပေါက်အရွယ်
ထဲက ထောင်နှုတ်ခမ်းလမ်းလျှောက်ရတဲ့အလုပ်ပဲ
လုပ်လာတာ..အခုမှ တွင်းထဲတကယ်ကျတာပဲ.."
"အေး...အဲ့ဒါပဲ...သူတို့သားအဖရဲ့ ကံပေါ့ကွာ"
ငွေမှုံသည်လည်း သူ့အဖေ သူ့ကြောင့်ဒီလိုအဖြစ်ဆိုး
မျိုးကြုံရတာဟုတွေးကာ စိတ်မကောင်းဖြစ်နေ
သည်။
"ဖေဖေက ငါ့အတွက် ပိုက်ဆံရှာရင်း ဒီလိုဖြစ်ရတာ
ဘုတ်ဘုတ်ရဲ့...ငါ့ကြောင့်ငါ့ကြောင့်..."
ငွေမှုံ သူ့ရင်ဘက်ကို ရိုက်၍ ငိုပြီးပြောတော့
ဘုတ်အီးက ငွေမှုံ့လက်ကို ဆွဲလိုက်ပြီးတားသည်။
"အဲ့လိုလည်းဘယ်ဟုတ်မလဲ ငွေမှုံရယ်...သူလည်း
ငယ်တုန်းလုပ်နိုင်တဲ့အချိန် ပိုက်ဆံများများရှာတာ
ဖြစ်ပါလိမ့်မယ်..."
ဘုတ်အီးလည်း တတ်နိုင်သမျှတော့ ဖျောင်းဖျပေ
မယ့် ငွေမှုံကတော့ ယူကျုံးမရဖြစ်နေသည်။
ရပ်ကွက်လူကြီးတွေရဲ့လိုက်ပါပြောဆိုမှုကြောင့်
ငွေမှုံ သူ့အဖေနှင့်တွေ့ခွင့်ရသည်။
"ဖေဖေ့ကိုဘာမှမပူနဲ့..ဖေဖေ အဆင်ပြေတယ်..
ဖေဖေ့သေတ္တာထဲက အဝတ်တွေအောက်မှာ
ဖေဖေ့ရဲ့ ငွေစုစာအုပ်ရှိတယ်...အဲ့ဒါ ဒေါ်လေး
မိလှိုင်တို့နဲ့တိုင်ပင်ပြီး သမီး တစ်ခုခုလုပ်...
ကြားလား...ပြီးတော့ ကျောင်းပြီးတဲ့ထိ ဆက်တက်
သမီးကို ဘွဲ့ရပညာတတ်ကြီးဖြစ်စေချင်တာ..
ဖေဖေ ပြန်ထွက်လာရင် အိမ်မှာ သမီးရဲ့ဘွဲ့ဓာတ်ပုံ
ချိတ်ထားတာကို မြင်ချင်တယ် နော်...
သမီးဘွဲ့ယူတဲ့နေ့...ဖေဖေ ခွင့်တောင်းလို့ရရင်ရမှာ
သမီးကျောင်းဆက်တက်ရမယ်နော်...ကြားလား.."
"ဟုတ်ကဲ့ဖေဖေ...ဖေဖေ..အထဲမှာ ကျန်းမာရေး
ဂရုစိုက်နော်...အစစအရာရာ ဂရုစိုက်နော်..."
"အေးပါ...သမီးလည်း ဂရုစိုက်...အိမ်မှာ ဘုတ်အီး
တို့ကို ခေါ်ထား..နော်.. "
"ဟုတ်..."
ခွေးပိန် ထောင် ဆယ်နှစ်ကျသည်။ သူနှင့်အတူ
ဖမ်းမိသည့်လူတွေက ကွင်းလုံးကျွတ်လွတ်သည်။
ခွေးပိန် သူ ခံလိုက်ရပြီဆိုတာသိလိုက်ရချိန်မှာ
နောက်ကျသွားချေပြီ။
အားလုံးက သူ့နောက်ကျောကို ဓားနှင့်ဝိုင်းထိုးကာ
သစ္စာဖောက်သွားကြသည်။
"ငါ အပြင်ကို ပြန်ရောက်လာတဲ့တစ်နေ့ တွေ့ကြသေး
တာပေါ့ကွာ..တောက်..."
ခွေးပိန်၏ငွေစုစာအုပ်ထဲမှာ ငွေနှစ်သောင်းကျော်
ကျန်ခဲ့သည်။
မိလှိုင်လည်း ဘာလုပ်ပေးရမလဲဆိုပြီး ခေါင်းခြောက်
နေသည်။
"ခက်တာပဲ...ဘာလုပ်ပေးရမှန်းကိုစဥ်းစားလို့မရပါ
ဘူး မမရယ်..."
"ငါကတော့ တခြား မစဥ်းစားတတ်ဘူး...အိမ်ဆိုင်
ပဲ ဖွင့်ပေးလိုက်ဟယ်...ဒီဘက်ခြမ်းကအိမ်တွေ
တစ်ခုခုဝယ်စရာရှိရင် လမ်းထိပ်ပဲထွက်နေရတာ..
ညမိုးချုပ် ဖယောင်းတိုင်..ရေနံဆီလေးများလိုလို့
ဟိုးထိပ်ထိ ထွက်ဦးဟဲ့တစ်ခေါက်နဲ့.. ရွာထဲဆို
တော့ ကလေးတွေလည်း ခိုင်းလို့ရတာပေါ့...လိုချင်
တာရှိလည်း နီးနီးနားနား ဝယ်လို့ရတယ်.."
"မမရယ်...ငွေလေးနှစ်သောင်းနဲ့ ဘယ်လိုလုပ်
အိမ်ဆိုင်ဖြစ်မလဲ...အိမ်ဆိုင်ဖြစ်ဖို့ဆိုတာ အရင်းနှီး
က သိန်းချီတာအေ့.."
"ဒါများ..ကောင်မလေးမှာ လက်ဝတ်လက်စားရှိတာ
ပဲအေ..ရောင်းချပြီးလုပ်လိုက်ပေါ့..."
"မဖြစ်ပါဘူးတော်...မိန်းကလေးဆိုတာ ပွဲသွား
ပွဲလာ ဆင်စရာရှိဦးမှ..."
"အေ...နားကပ်ရှိတော်ရော့ပေါ့...ကြိုးနဲ့ကွင်းတွေ
ကို ရောင်းပြီးရင်းနှီးလို့ရတာပဲ...အိမ်ဆိုင်ဆိုတော့
အိမ်စားဖို့အတွက် တကူးတက ကုန်စရာမလိုတော့
ဘူးပေါ့...သူ့မှာ ပစ္စည်းတွေခိုးရောင်းပြီးအရက်နဲ့
လဲသောက်မယ့်ယောကျ်ားလည်းရှိတာမဟုတ်ဘူး..
ငါ အရင်းပြုတ်တာက လင်ကြောင့်...အခု သူ့ကို
ညည်းစီမံပေးလည်း ရတာပဲ..စစ်စစ်စီစီသုံးပေါ့..
ကောင်မလေးကိုကြည့်ရသလောက်ကလည်း
လက်မဖွာပါဘူး...နေတတ်စားတတ်ပါတယ်.."
မိလှိုင်လည်း သူ့အစ်မရဲ့အကြံပေးစကားကို
သေချာစဥ်းစားနေလေသည်။
"အကြီးကြီးတော့ဘယ်ဖွင့်နိုင်မလည်းအေ...အဓိက
စားသောက်ကုန် ဆန် ဆီ ဆား ငရုတ် ကြက်သွန်
ကနေ စပေါ့...ဒီလိုပဲ အလုပ်ဆိုတာ တဖြည်းဖြည်း
အရှိန်ရလာရင် ဆိုင်ကြီးဖြစ်လာမှာပေါ့..စိတ်ကူး
မလွဲနဲ့အေ့..အခုက သမရုံတွေခေတ်မကောင်းတော့
ဘူး..."
"သူ့ကိုပြောကြည့်ဦးမယ်အေ...ကိုယ့်ငွေမဟုတ်
တော့..သူလည်း ဘာများလုပ်ချင်စိတ်လေး ရှိမလဲ
မပြောတတ်သေးဘူး..."
"သူစက်ချုပ်တတ်တယ်မဟုတ်လား"
"အမလေး...စက်ချုပ်တာက ကိုယ့်အဝတ်ပဲကိုယ်
ချုပ်ဝတ်ဖို့ သူ့အဖေက သင်ပေးထားတာ...
လုပ်စားဖို့မဟုတ်ဘူးတဲ့.."
"ဘာပဲပြောပြောအေ..သူကထောင်ထဲမှာ..အပြင်က
လူက ကိုယ့်ဝမ်းစာကိုယ်ရှာစားရမှာပဲ.."
"အင်း...ရှာစားရတာတော့ဟုတ်တယ်လေ..မပင်
မပန်းနဲ့ရှာရတော့ပိုကောင်းတာပေါ့...ကျုပ်တို့မိသား
စုအပေါ်မှာ ခွေးပိန်ရဲ့ကျေးဇူးတွေမကင်းဘူး..
သူမရှိတဲ့အချိန် သူ့သမီးကို စောင့်ရှောက်ရမယ့်
တာဝန် ကျုပ်တို့မှာရှိတယ်..."
"အဲ့ဒါကြောင့် ငါပြောတဲ့နည်းလမ်းကို လုပ်လို့.."
"အေးပါအေးပါ...ပြောကြည့်လိုက်ဦးမယ်.."
မိလှိုင် သူ့အစ်မအိမ်ကပြန်လာပြီးနောက် ငွေမှုံ့ကို
အိမ်ဆိုင်ဖွင့်ဖို့အကြောင်း ပြောပြလိုက်တော့
ငွေမှုံကလည်း လက်ခံသည်။
"ဒေါ်လေးကောင်းမယ်ဆိုရင် စီစဥ်လိုက်ပါ.."
"ညည်းလည်းသေချာစဥ်းစားလေ..ဘာလုပ်ချင်လဲ"
"သမီး မစဥ်းစားတတ်ပါဘူး ဒေါ်လေးရယ်..
ဒေါ်လေးပဲ အဆင်ပြေမယ်ထင်တာလုပ်ပေးပါ.."
"အေး...ကောင်းရောပဲ..."
ထိုသို့နှင့် ငွေမှုံတိူ့အိမ်မှာ အိမ်ဆိုင်ဖွင့်ဖို့ အကြောင်း
ဖန်လာခဲ့လေသည်။
ဒီအခါ ဘုတ်အီးနှင့်ငွေမှုံ ငြင်းခုံစရာကိစ္စရှိလာခဲ့
ပြန်သည်။
ဆိုင်ကို ဘုတ်အီးကသူကိုယ်တိုင်ဆောက်ပေးမည်
ဟုပြောသည်။
ငွေမှုံက လက်မခံချေ။လက်သမားဆရာငှား၍
ဆောက်ဖို့ပြောသည်။
"နင့်ဆိုင်နှာခေါင်းပေါက်လောက်ကတော့ ငါလည်း
လုပ်တတ်ပါတယ်ဟ...အိမ်နောက်ဖေးအဖီကို
ငါကိုယ်တိုင် ပြင်ထားတာ...လက်သမားဆရာသွား
ခေါ်မှ ပိုက်ဆံလည်းကုန်သေး ဆိုင်ကလည်းသေချာ
ဖြစ်မလာသေး ဖြစ်နေမှာစိုးလို့ပြောတာ.."
"ငါက နင်ပင်ပန်းမှာစိုးလို့ပြောတာ..နင်တစ်ယောက်
တည်းမလုပ်နိုင်ဘူး ပင်ပန်းလိမ့်မယ်"
"ဘယ်သူက ငါတစ်ယောက်တည်းလုပ်မယ်လို့ပြော
လို့လဲ..နီတွတ်လည်းရှိတယ်..ထွေးမောင်လည်း
ဟိုဟာယူခိုင်းဒီဟာယူခိုင်းလောက်ကတော့ ရပါ
တယ်ဟ..."
နီတွတ် ထမင်းစားရင်း ထမင်းနင်သွားသည်။
"လက်သမားခပိုကုန်မှာစိုးလို့ပြောတာ...လက်သမား
ဆရာကလည်း သူတစ်ယောက်တည်းလာမှမဟုတ်
ဘူး...အဖော်ခေါ်လာဦးမှာ..အဲ့ကျရင် ထမင်းကျွေး
ရမယ်..ဟော နေ့စားငှားမိရင် ခုနှစ်ရက်နဲ့ပြီးရမယ့်
နင့်ဆိုင်ကို တစ်လလောက် ကြာအောင် ဆောက်
ပြလိမ့်မယ်..ဒီကြားထဲ ကွမ်းဖိုး ဆေးဖိုးနဲ့ နင့်ဆီက
ခွာယူလိမ့်ဦးမှာ..."
စျေးတွက်စီးပွားရေးမှာတော့ ဘုတ်အီးကို ငွေမှုံ
လိုက်မမှီပါ။ ဒါကလည်း အတွေ့အကြုံက စကား
ပြောသွားခြင်းဖြစ်သည်။
နောက်ဆုံးတော့ ငွေမှုံ့ဘက်ကပဲ အရှုံးပေးလိုက်ရ
သည်။
ဆိုင်ကို ဘုတ်အီးတို့မောင်နှမတွေဆောက်ပေးကြ
မည်ဖြစ်သည်။
................