ဒုတိယမြောက်ချစ်ခြင်း - Episode 1

ညအလယ် လေအသွေးမှာ နွေဦးရဲ့ပူလောင်ခြင်းကိုအံတုလို့ မှောင်မိုက် တိတ်ဆိတ်ခြင်းကို လှောင်ရယ်လိုက်ပြီး မီးခိုးငွေ့တွေကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်

 

'ဤရင်တွင်းမှ နာကျင်မှုအမှတ်တရတွေကို ကုစားဖို့ ကျွန်မ လူတစ်ယောက်ကို ချစ်ချင်သေးရဲ့'

 

....

 

                             🍂🍂🍂                             

 

မှန်တံခါးကို တွန်း၍ ခြေချလိုက်သည်နှင့် ကမ္ဘာနှစ်ခုခြားသွားခဲ့လေသည်။ ပူအိုက် ခြောက်သွေ့ခြင်းမှ ရုတ်ခြည် အေးမြ စိတ်ငြိမ်ခြင်းသို့ပြောင်းသွားသည်။ ကော်ဖီနံ့ ချိုသင်သင်ဟာ နှာဖျားသို့ လာရောက်ကျီစယ်‌‌သည်။ ဆိုင်အတွင်း ပျံ့လွင့်နေသော ဂီတသံစဉ်မှာ ညိမ့်ညောင်းလျက်။ service counter မှ အမျိုးသမီးတစ်ယောက်ဟာလည်း အပြုံးနှင့်ဧည့်ခံနေလျက်။

 

"ဘာမှာမလဲရှင့်"

 

"Long Black တစ်ခွက်.."

 

Tablet screen ကိုသူက တစ်ချက်ထိသည်။

 

"ဟုတ်ကဲ့..နောက်ဘာလိုသေးလဲရှင့်"

 

Menu board ကိုပြန်ကြည့်လိုက်သည်။

 

"အဆင်ပြေတာတစ်ခုခုပေးပါ"

 

"ဒါဆို ဒီကိတ်လေး try ကြည့်ပါ့လား ညီမ.. Dark chocolate favor ဆိုတော့ သိပ်မချိုဘူး Long Black နဲ့လိုက်တယ်"

 

Counter ကအမျိုးသမီးဟာ Led Menu Board ပေါ်မှ Chocolate Cakeတစ်မျိုးကို ညွှန်ပြသည်။

 

"Chocolate.."

 

နဒီက Chocolate ဟူ၍ တစ်ကိုယ်ကြားရုံမျှ ခပ်ညင်းညင်းပြောလေသည်။ နဒီ့မျက်ဝန်းထဲ ပုံရိပ်တစ်ခုဖြတ်ပြေးသွားသည်။

 

"ရပါတယ် ဒီ Coffee cake ‌ပဲပေးပါ.."

 

ထိုအစ်မ ပြသော Chocolate Cake ဘေးမှ Coffee Cake ကိုလက်ညှိုးနဲ့ထောက်ပြလိုက်ပြီးပြောလိုက်သည်။

 

"21000 ကျပါတယ်"

 

စာပွဲပေါ်မှ QR code ကို Scan ဖတ်လိုက်ပြီး ငွေလွှဲလိုက်သည်။

 

"ဟုတ်ကဲ့ရောက်ပါတယ်ရှင့်.. Indoor လားနော်"

 

ခေါင်းညိတ်ပြလိုက်သည်။ နောက် အတွင်းထောင့်ကျသော ဝိုင်းတွင်ဝင်ထိုင်သည်။ အိတ်ထဲမှ Laptop ကိုထုတ်ပြီး စာပွဲပေါ်တင်သည်။ Airport တစ်ဖက်ကို ထုတ်၍ နားပေါ်မှဆံပင်ကိုသပ်ကာ တပ်သည်။ နောက်တော့ Laptop ကိုဖွင့်သည်။ ထိုင်နေကျဆိုင်မဟုတ်ပေမယ့် အရင်ကတစ်ခါရောက်ဖူးတာမို့ wifiက auto ချိတ်မိပြီးသားပင်။

 

Facebook ထဲဝင်လိုက်သည်။ ဝင်လိုက်သည်နှင့်အပေါ်ဆုံးမှတက်လာတာ ကြော့ရဲ့ post။ ပြင်ဦးလွင်ရောက်နေတာပဲ အပူရှောင်သွားပုံရတယ်။ ကျွန်မလည်း လက်ရှိ case ပြီးရင် နီးနီးနားနားခရီးထွက်အုံးမှ။

 

post ကိုအသည်းပေးလိုက်သည်။

 

Facebook app ထဲကပြန်ထွက်သည်။ နောက် laptop file ထဲဝင်ပြီး လက်ရှိ case ရဲ့ အချက်လက်တွေကို ကြည့်သည်။

 

အချိန်တစ်ခုအကြာမှာ ကျွန်မ မှာထားတာတွေကိုလာချပေးသည်။ အရှေ့တွင် လာချပေးသော ကော်ဖီနဲ့ကိတ်ကို ကြည့်လိုက်ပြီး laptop ကို ဘေးသို့ရွှေ့ကာ ကော်ဖီခွက်နှင့် ကိတ်မုန့်ပန်းကန်ကို Laptop ဘေးသို့ဆွဲယူလိုက်သည်။ ကော်ဖီကို တစ်ငုံသောက်လိုက်သည်။

 

ခါးပြပြအရသာဟာ လျှာဖျားမှနေ၍ ဦးနှောက်သို့ရောက်ရှိသွားသည်။ ဦးနှောက်မှ ထိုအခါးဟာ ပုံမှန်အခါးဟူ၍ သက်မှတ်ပြီး မတုန့်ပြန်ချေ။ ပထမအခါ ‌စသောက်တုန်းက ဦးနှောက်ဟာ ထိုအခါးကို အထူးတုန့်ပြန်ခဲ့လေသည်။

 

သဘောတကျ ရယ်လိုက်မိသည်။ 'အင်း..လူဆိုတာမျိုးက ကြာလာရင် နေသားကျပြီး ရိုးသွားတတ်သည်ပဲ'။

 

"ဟင်.."

 

ဆိုင်အတွင်းသို့ မျက်လုံးကစားလိုက်ချိန် မှန်ချက်တံခါးမှနေ၍ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး လက်ချင်းချိတ်ကာဝင်လာသည်။

 

ဘယ်တော့မှ မေ့မရတဲ့ မျက်နှာ။ မေ့ဖို့မကြိုးစားမိတဲ့ မျက်ဝန်းပိုင်ရှင်။ ဘာလို့။ ဘာလို့တိုက်ဆိုင်နေရတာလည်း။ အမှတ်မရှိသေးတဲ့ ဝဲဘက်က အကောင်က ခုန်ပေါက်နေပါ့လား။ မင်းကို သူက ဘာဆေးတွေကျွေးခဲ့လို့လည်းကွာ။

 

Laptop ကိုသာပြန်၍ ငုပ်ကြည့်လိုက်သည်။ မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ ဒီတစ်ခါတော့ မင်းကိုအလိုမလိုက်နိုင်တော့ဘူး။ မင်းကိုသူမြင်မှာမဟုတ်ဘူး။ မြင်ရင် သူနေရခက်နေလိမ့်မယ်။

 

ဪ ဘာလို့တွေးပေးနေရတာလည်း။ ခက်ပါပြီ။

 

"မမေနဒီသွေး.."

 

တစ်အောင့်အကြာမှာပင် ကျွန်မနာမည်ကိုကြားလိုက်ရသည်။ အသံမှာဩရှရှ။ Laptop ကိုကျော်ပြီးကြည့်လိုက်တော့ လူနှစ်ယောက် ယှဉ်ရပ်နေသည်။ ရပ်နေတဲ့လူနှစ်ယောက်ထဲက တစ်ယောက်ကို ကောင်းကောင်းသိတာပေါ့။ မမြင်ချင်ယောင်ဆောင်မှ ဘာလို့ လာနှုတ်ဆက်ရတာလည်း။ စိတ်ရှုပ်လိုက်တာ။

 

သို့သော် မော့ကြည့်လိုက်သည်။ သူ့ရဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့ မျက်ဝန်းတွေကိုတွေ့လိုက်ရသည်။

 

"သိတဲ့သူလား"

 

ကျွန်မ ပြောလိုက်တော့ ထိုယောင်္ကျားက သူ့ဘေးက အမျိုးသမီးကိုကြည့်သည်။ ဘာဆိုင်လို့လည်း။ ကြည့်စရာလိုလား။

 

 

"အစ်မ ကျွန်တော့်ကို မမှတ်မိဘူးပဲ"

 

မှတ်မိသင့်လို့လား။

 

"ကျွန်တော်က အသစ်ရောက်တဲ့တစ်ယောက်လေ နာမည်က ဘုန်းပြည့်အောင်"

 

စိတ်ရှုပ်စရာ။ မမှတ်မိတာသိရင်ပြန်လိုက်ပါတော့လား။ မိတ်ဆက်နေသေးတယ်။

 

"မသိဘူး"

 

ထို ယောင်္ကျားဟာ တစ်မျိုးနေရခက်သွားပုံ။ သွားပါတော့။ မွန်းကြပ်လိုက်တာ။

 

"မသိတာ ဖြစ်သင့်ပါတယ်ဗျာ အစ်မကနာမည်ကြီးဆိုတော့..အခုသိပြီဆိုတော့ နောက်ကျ ဒီက ဂျူနီရာမောင်လေးကို သင်ပြပေးပါအုံးဗျ"

 

သူ့မျက်ဝန်းတွေထဲက တက်ကြွမှုနှင့် လေးစားမှုတို့ကိုတွဲမြင်လိုက်ရသည်။

 

နဒီ ထိုယောင်္ကျား၏ မျက်ဝန်းတွေကို အချိန်တစ်ခုအကြာကြည့်နေသည်။

 

တစ်ချိန်က ကိုယ့်ကိုယ်ကိုယ်ပြန်မြင်လိုက်ရသလို။

 

"အင်း."

 

"ဒါနဲ့ အစ်မဟိုနေ့က နိုင်ထားတယ်ကြားတယ် စံချိန်တင်သွားတယ်ဆိုပဲ congratulations ပါဗျ"

 

"ကျေးဇူးပါ"

 

နဒီ ပြုံးရင်း တစ်ချက်ခေါင်းညိတ်က တိုးတိုးပြန်ပြောသည်။ နောက် သူ့ကိုအာရုံမပေးမိတော့။ သူ့ဘေးက တစ်ယောက်ကိုတော့ ယောင်လို့ပင်မကြည့်မိခဲ့။

 

"ဟမ်..ဟို..မမ.."

 

ကျွန်မ ရုတ်တရက် မော့ကြည့်မိသွားသည်။ 'မမ' ဟူသောနာမ်စားကြောင့်ပေါ့။ အခေါ်ခံရတဲ့သူကတော့ သိလေသည်။ ခေါင်းငေါ့ပြသည်။ အခေါ်မခံရတဲ့ကျွန်မက ဘာလို့ကြည့်မိပါလိမ့်။

 

"မောင် Toilet ခဏသွားအုံးမယ်..မမ ဒီမှာပဲထိုင်လိုက်နော်"

 

ကျွန်မရဲ့ မျက်နှာချင်းဆိုင်က ဝိုင်းကို သူက ညွှန်ပြပြီးပြောသည်။

 

"အ..အင်း.."

 

မကြားရတာကြာပြီဖြစ်တဲ့အသံ။ ခပ်ဖျော့ဖျော့ရယ်သာ။ သိတာပေါ့ ကျွန်မကိုတွေ့လို့ သူနေရခက်နေတာ။ စိတ်ရှုပ်နေတာ။ ကျွန်မကရော။ ကျွန်မက သူ့လိုမဟုတ်ဖူးလို့ပြောရင် လိမ်ရာကျလေမလား။

 

ထိုကောင်လေး ထွက်သွားချိန်တွင်။ အေးဆက်ခြင်းတွေသာကျန်ခဲ့သည်။ မကြည့်ချင်သည့်အတွက် အမှုဖိုင်တွဲကိုသာဖတ်နေလိုက်သည်။ သူလည်း သူ့ဟာသူနေပါစေတော့လေ။ မနှောက်ယှက်ချင်တော့။

 

laptop keyboard ပေါ်က နဒီ့ရဲ့လက်ဖဝါးနှစ်ဖက်လုံး ချွေးစေးတွေနဲ့ ပြည့်နေခဲ့ပြီ။ ဘေးကအမျိုးသမီးက‌တော့ခုထိ‌နေရာမ‌ရွေ့သေး။ နဒီ အဲကွန်းခန်းထဲမှာပင် နဖူးနှင့် နှာဖျားမှာချွေးတွေစို့နေချေပြီ။

 

"နေကောင်းရဲ့လား.."

 

ခပ်ဖျော့ဖျော့အသံလေးဟာ ကျွန်မနားထဲ သံရည်ပူလောင်းလိုက်ပမာ။ ပြီးတော့ ကမ္ဘာကြီးထဲက ကျွန်မကို အဝေးကိုလွှင့်သွား‌စေသလို။ နားထဲမှာ သူ့အသံကိုသာ ကြားနေရသည်။ နှလုံးသားဟာ ဒိတ်ခနဲဒိတ်ခနဲ ခုန်ပေါက်နေသည်မှာ နားကတောင်ပြန်ကြားနေရသည်။ နှစ်ယောက်ထဲရှိနေသလို။ ပြီးတော့ နှစ်ယောက်ထဲ ဝေးကွာနေသလို။ သူကကျွန်မကို အရင်ကလိုပဲကြည့်နေသည်။ ကျွန်မရဲ့အဖြေကို စောင့်နေသည်။ ဘာလို့လာမေးတာလည်း။ မသိသလိုသာ နေပါတော့လားရှင်ရယ်။

 

ခုန်ပေါက်နေတဲ့ နှလုံးသားကိုထိန်းလိုက်ပြီး သက်ပြင်းချလိုက်သည်။ နောက်မျက်နှာကိုတင်းလိုက်သည်။

 

"မြင်တဲ့အတိုင်းပါပဲ"

 

သူ့ဘက်က တိတ်ဆိတ်သွားသည်။ အရှေ့မှာချထားတဲ့ သူ့လက်နှစ်ဖက်ဟာ အငြိမ်မနေ။ လက်ချောင်းတွေကို ကစားနေသည်။ အကျင့်တွေလည်းမပြောင်းသေးပါ့လား။

 

"အင်း.."

 

ဤမျှပင်။ သူဆက်မပြောလာတော့။ ကျွန်မရှေ့ကဝိုင်းကိုသူဦးတည်သည်။ အသက်ရှူကျပ်လာသည်။ လက်ညိုးနဲ့ လက်မကို အားနဲ့ပွတ်ချေနေမိသည်။ လက်သီးဆုတ်မိပြန်သည်။

 

"အသက်ငယ်ငယ် ရှေ့နေကောင်လေးရထားတာပဲနော်"

 

တစ်ဖက်ဝိုင်း ကိုဦးတည်နေတဲ့ သူမ ခြေလှမ်းတွေဟာ ရုတ်ချည်ရပ်တန့်သွားသည်။ ကျွန်မကို လှည့်ကြည့်ပြီး ပြုံးပြသည်။

 

အဲ့အပြုံးကိုမုန်းလိုက်တာ။ အဲ့အပြုံးတွေနဲ့ပဲ နှိပ်ဆက်ခဲ့တာ။ ဒါပေမယ့် အဲ့အပြုံးတွေကိုပဲ စိုက်ကြည့်နေလိုက်သည်။

 

"ဒီလိုပါပဲ.."

 

"သူက ယောင်္ကျားလေးဆိုတော့ ရှင့်အတွက် ဂုဏ်သိက္ခာ သိပ်ရှိမှာပဲနော်"

 

သူတိတ်ဆိတ်သွားသည်။ အေးပေါ့ ဖြစ်သင့်ပါတယ်။ အနည်းဆုံးတော့ အားနာစိတ်လေးရှိသေးတာသိလိုက်ရတာပေါ့။

 

"မင်းရော..ချစ်သူရှိနေပြီလား"

 

သူတို့ နှစ်ယောက်လုံးရဲ့စကားတွေဟာ တိုးဖျသော်လည်း။ နှစ်ဦးကြား ကျယ်လောင်စွာပင်ဖြစ်နေသည်။

 

"အဟင်း..ရှိဖို့မျော်လင့်ပါတယ်"

 

သူ့မျက်ဝန်းထဲ ဖြတ်ပြေးသွားသော ပုံရိပ်တစ်ခု။ ထိုအရာကို ကျွန်မ မဖတ်တတ်ချေ။

 

"နဒီ..ဦးကို မုန်းနေလား"

 

'နဒီ'..မကြားရတာကြာပြီဖြစ်တဲ့ ထိုနာမ်စား။ ဘယ်သူမှ မခေါ်တော့တဲ့ထိုနာမည်။ ရင်းနှီးတဲ့ အသုံးအနှုန်းတွေကို မကြားချင်တော့သလို ကြားဖို့လည်း မျှော်လင့်မိပြန်သည်။ ခက်ပါ့လား။ မုန်းနေတာလားတဲ့။

 

မုန်းလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ နှလုံးသားက ငြင်းသည်။ ဦးနောက်က မုန်းသင့်တယ်လို့ပြောသည်။ မုန်းတယ်ဆိုတဲ့အဖြေကိုတော့ မည်သူမျှမပေးချေ။

 

"စိတ်မပူပါနဲ့..ကျွန်မရဲ့ ခံစားချက်တွေက ရှင့်လို လွယ်လွယ်ဆိုတဲ့အတန်းစားထဲကမဟုတ်ဘူး"

 

ထောင့်ဝိုင်းဖြစ်သလို အနီးတွင်လည်း မည်သည့်ဝိုင်းမျှလူမရှိ။ ထိုကြောင့်ကျွန်မ စကားကျယ်သွားလျှင်လည်း ကြားကြမည်မဟုတ်။ ရင်ထဲတင်းကြပ်လွန်းလို့ ဖောက်ထုတ်ပစ်လိုက်ချင်သည်။ အော်ဟစ်ပစ်လိုက်ချင်သည်။ သို့သော်လည်း ယခုထိငဲ့နေမိတုံး။

 

သူက ကျွန်မ အဖြေကို ကျေနပ်သွားသည့် အပြုံးမျိုးနှင့်တုန့်ပြန်သည်။ မုန်းချင်လိုက်တာ။

 

"နဒီ.."

 

"မမ..မထိုင်ရသေးဘူးလား"

 

သူ့ရဲ့ကောင်လေး ပြန်ရောက်လာသည်။ သူပြန်ပြီး တိတ်ဆိတ်သွားသည်။ ကျွန်မကို အကြည့်လွှဲသွားသည်။ ယခုကျ သူက သူမဟုတ်တော့။ သိပ်တော်တာပဲ။

 

"အင်း စကားပြောနေလို့"

 

ကျွန်မကို ထိုကောင်းလေးကလှမ်းကြည့်သည်။ နေရခက်လိုက်လေခြင်း။

 

"မမတို့က သိကြတာလား..ခုနတုံးကကြမသိကြသလိုပဲ"

 

စကားသိပ်များတာပဲ။

 

နှစ်ယောက်လုံးပြန်မဖြေမိကြ။

 

"ဟင်"

 

"လာပါမောင်ရယ်..ထိုင်ရအောင် ဒီတိုင်း

မောင့်စီနီယာကိုမိတ်ဆက်နေတာပါ"

 

ထိုကောင်လေးရဲ့ လက်ကို ကိုင်ကာ သူက ထိုင်ခိုင်းသည်။ ပြီးတော့ ကျွန်မကို ခေါင်းညိတ်ပြသည်။ အော် သူစိမ်း‌တွေပြန်ဖြစ်သွားပါ့လား။ တော်လိုက်တာရှင်ရယ်။ 

 

ကျွန်မရင်ထဲ မည်သည့်အရာက နေရာယူထားသည်မသိ တင်းကြပ်ကြပ်ရယ်။ သူကကျွန်မနဲ့မျက်နှာချင်းဆိုင်မှာထိုင်သည်။ ထပြန်လိုက်ရင်ကောင်းမလား။ မဖြစ်သေးဘူး။ သူ့ကိုချစ်နေသေးလို့ ထွက်သွားတယ်ထင်နေလိမ့်မည်။ သိပ်ခက်တဲ့မိန်းမ။ သိပ်အန္တရာယ်များတဲ့မိန်းမ။

 

မသိချင်ယောင်ဆောင်ပြီးသာ နေနေလိုက်ရသည်။ ဒီခဏလေးပါပဲ။ ဒီခဏလေးကို ကျွန်မရင်ထဲဆူပွက်လို့။

 

"မမ မောင်တို့ဘယ်တော့လက်ထပ်ကျမလဲဟင်"

 

"မမက အရမ်းချစ်ဖို့ကောင်းတာပဲ"

 

"မမ မောင့်ကို လက်ထပ်မှာမလား"

 

"မမ.."

 

"မမ"

 

"မမက ကလေးလား"

 

ကျွန်မကို ကျောပေးပြီး တောက်လျှောက်ပင်း မမဆိုတဲ့အသုံးကိုပါးစပ်ကမချသော ထိုကောင်လေး။ ထိုကောင်လေးပြောသမျှကို ခေါင်းတညိတ်ညိတ်နှင့် ရှက်ပြနေသောသူမ။

 

နားကြပ်မှ သီချင်းသံကိုကျော်၍ပင် ကျွန်မနားထဲသို့ဝင်ရောက်လာသော ပျားသကာနှင့်တူသည့် အရက်ပြန်ရည်များ။

 

နှုတ်ခမ်းမှာ ပေနေသော cream နည်းနည်းကိုပင် အရေးကြီးခွင်ကျယ်လုပ်‌၍သုတ်ပေးသောသူနှင့် သဘောတကျ ဖြစ်နေသောသူမ။ အားနာမှုလေးတောင်မရှိတော့။ သူ့စိတ်ထဲ ကျွန်မမရှိတော့။ ဘယ်ဘဝက အငြိုးတွေနဲ့လည်းရှင်ရယ်။

 

နောက်ဆုံး Laptop ကိုပိတ်လိုက်ပြီး အိတ်ထဲပြန်ထည့်လိုက်သည်။ ဒီနေရာမှာ ဒီလောက်နေတာလုံလောက်ပြီ။ ဒီထက်ပိုနေရင် အသက်ရှုကျပ်လွန်း၍ တစ်ခုခုဖြစ်သွားနိုင်သည်။

 

"အစ်မပြန်ပြီလား...အေးအေးဆေးဆေးမထိုင်တော့ဘူးလား"

 

ထိုကောင်လေးက ကျွန်မကို နှုတ်ဆက်သည်။ ကျင့်ဝတ်ဆိုပေမယ့် ကျွန်မအတွက်အဆင်ပြေမနေဘူး။ သူ့ကို ခပ်အေးအေးပင်ကြည့်လိုက်သည်။

 

"ကျွန်မရဲ့စိတ်ပါ..ခွင့်ပြုပါအုံး"

 

ထိုသို့ပင်ထွက်လာခဲ့သည်။ နောက်ထက် ထပ်မတွေ့ဖို့ဆုတောင်းမိတယ်။ ဒီနေ့ တွေ့ခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

 

__________

 

ထွက်ခွာသွားသော ကျောပြင်ငယ်ငယ်အား မြင်ကွင်းမှ ပျောက်သွားသည်အထိ လိုက်ကြည့်နေမိသည်။ ‌ထိုကျောပြင်ငယ်ငယ်ဟာ တစ်ချိန်က ကျွန်မရဲ့ မျက်နှာအပ်ထားရာ မွှေးပျံ့နွေးထွေးလှတဲ့ ကျောပြင်တစ်ခုဖြစ်ခဲ့ဖူးသည်။ ကျွန်မပြိုလဲခဲ့ဖူးတဲ့ ရင်ခွင်ပိုင်ရှင်။

 

သူ့ထံမှ အငွေ့အသက်ဟာ ပြောင်းလဲမသွားခဲ့။ ဆံပင်ရှည်လာတာနဲ့ လုပ်ယူ အေးဆက်သွားသည်ကလွဲလျှင် လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကအတိုင်းပင်။ ခုလို အဆင်ပြေနေတာမြင်ရလို့ဝမ်းသာမိတယ်။ အခု သူလေးသိပ်ဖြစ်ချင်တဲ့ နာမည်ကြီးရှေ့နေတစ်ယောက်ဖြစ်နေပြီ။ အရင်လို အနှောက်အယှက်ပေးမယ့် ကျွန်မ မရှိတော့။ သိပ်ဂုဏ်ယူတာပဲ။

 

"အစ်မက သိပ်တော်တာမမရဲ့..သူ့ကိုမောင်သိပ် အားကျတာ မောင်လည်းနောက်ကျသူ့လို ရှေ့နေတစ်ယောက်ဖြစ်လာနိုင်မှာပါနော်"

 

မောင်..ထိုအမျိုးသား ရဲ့စကားတွေကို တစ်ချိန်က အမျိုးသမီးတစ်ယောက်စီက ကျွန်မ ကြားခဲ့ဖူးသည်။ ဒီလိုမျိုး စိတ်အားထက်သန်တဲ့ အကြည့်မျိုးနဲ့ပဲပြောခဲ့သည်။

 

'အဲ့အစ်မကြီးကသိပ်တော်တာသိလား..နဒီလည်း တစ်ချိန်သူ့လိုမျိုး အရမ်းတော်တဲ့ရှေ့နေတစ်ယောက်ဖြစ်လာနိုင်တယ်မလား'

 

အတိတ်က မှတ်ဉာဏ်အပိုင်းအစတွေဟာ ခွင့်မတောင်းပဲ ဝင်ရောက်လာသည်။ နှစ်နှစ်ရှိသွားပြီ။ မေ့နိုင်ပြီးထင်ခဲ့တာ မမေ့ရက်ခဲ့ဘူးပဲ။

 

"ဟင်လို့.."

 

"အင်းပေါ့မောင်ရယ်"

 

ကျွန်မရဲ့စိတ်အစဉ်အား လက်ရှိအချိန်ကို ပြန်ခေါ်လိုက်မိသည်။ ယခုအချိန်မှာ ကျွန်မဟာ အရှေ့ကအမျိုးသားရဲ့ ချစ်သူ။ ချစ်သူကိုအရှေ့မှာထားပြီး တစ်ပါးသူကိုမတွေးသင့်ဘူး။

 

"မမ အရမ်းတိတ်ဆိတ်သွားတာပဲ..နေမကောင်းလို့လား မောင်ဆေးခန်းလိုက်ပို့ပေးမယ်လေ"

 

ကျွန်မ နှဖူးကိုစမ်းဖို့ မောင်ကလက်လှမ်းလာသည်။ ထိုလှမ်းလာတဲ့လက်ကို ကျွန်မ ဖမ်းယူကာ ခပ်ဖွဖွဆုပ်ကိုင်လိုက်သည်။

 

ဖြူဖွေးပြီး ကြမ်းရှရှဖြစ်နေတဲ့ ဤလက်ဖဝါးတစ်စုံဟာလည်း ကျွန်မဘဝရဲ့တစ်စိတ်တစ်ပိုင်းပါလား။ အထီးကျန်မွန်းကြပ်ခြင်းကို ကုစားပေးခဲ့တဲ့ အမျိုးသား။ ဆရာဝန်မဟုတ်ပဲ ကျွန်မရဲ့ ဒဏ်ရာတွေကို ကုစားပေးခဲ့တဲ့ ရှေ့နေပေါက်စလေးမောင်။ သူ့ကို ကျွန်မချစ်သည်။ အင်း...ချစ်သည်။

 

"ကောင်းပါတယ်..မမ စဉ်းစားနေလို့ပါ"

 

မောင်က ကျွန်မ လက်ဖမိုးကို နောက်လက်တစ်ဖက်ဖြင့်အုပ်မိုးလိုက်လေသည်။

 

"ဘာတွေစဉ်းစား‌နေတာလည်း..စိတ်ညစ်စရာတွေဆိုရင် မမ မစဉ်းစားပါနဲ့ မောင့်ကိုပဲပေးပါ..မမကို မောင်က အပြုံးတွေပဲ ရှိစေချင်တာ"

 

ကျွန်မ ပြုံးပြလိုက်သည်။ မောင်ဟာ မောင်ပါပဲ။ ဒါ့ကြောင့်လည်း ကျွန်မ မောင့်ကို ချစ်မိခဲ့တာ။

 

"သင်္ကြန်ပိတ်ရက်ကြ ခရီးထွက်ရင်ကောင်းမလားလို့ပါ"

 

မောင့်ကို ကျွန်မ ဖြူစင်သောမုသားနှင့် ဆိုလိုက်ရသည်။ ကျွန်မကို ပျော်ရွှင်မှုတွေသာပေးတတ်သောမောင့်ကို ကျွန်မ ဝမ်းမနည်းစေချင်။

 

"မမ ဘယ်သွားချင်လည်း"

 

မောင်ဘယ်တုံးက ကျွန်မစကားကိုငြင်းဖူးလို့လည်း။

 

"တောင်ကြီးသွားရအောင်.."

 

"Ok မမစိတ်တိုင်းကျဖြစ်စေရမယ်..မောင့်ပိတ်ရက်တွေကိုမမပိုင်တယ်"

 

မောင်ဟာ ပြုံးရယ်လျက်ပင် ပြောလေသည်။ အရမ်းတက်ကြွသည့်မောင်ပါ။

 

"ကဲ မမဓာတ်ပုံရိုက်အုံးမှာမလား..မောင်ကင်မရာယူလာတယ်"

 

သူ့အိတ်ထဲမှ ကင်မရာအမဲ‌လေးကိုထုတ်ပြရင်းပြောလေသည်။ အမှန်ဆို ဓာတ်ပုံရိုက်ချင်စိတ်မရှိပါ။ ဒါပေမယ့် မောင့်ရဲ့ပြင်ဆင်ထားမှုကိုအလကားမဖြုန်းပစ်ချင်။

 

"ကောင်းပြီလေ"

 

"ရော့ ဒီ Chocolate Cake လေးကိုင်ထား"

 

မောင့်ရဲ့ စကားတိုင်းသာ ကျွန်မအလိုက်သင့်‌နေပေးလိုက်သည်။ မောင်ဟာ ကင်မရာနှင့် ရှုထောင့်ပေါင်းစုံမှ တစ်ပုံပြီးတစ်ပုံ တစ်နေရာပြီးတစ်နေရာ စိတ်ရှည်ရှည်နှင့် ကျွန်မကို ဓာတ်ပုံရိုက်ပေးလေသည်။ သူ့ရဲ့ ကိုယ်ပိုင် ပါးချိမ့်လေးဟာအထင်းသား။ မောင်‌ရှိနေတဲ့ ကမ္ဘာလေးမှာ ကျွန်မနေပျော်နေပါပြီ။ မောင်နဲ့ရှိနေရင် အတိတ်ဟာ အတိတ်သာ။

 

__________

 

ရှမ်းပြည်နယ်၏ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဤမြို့လေးဟာ ကျွန်မရဲ့ စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးနိုင်လောက်သည့် သက်ရောက်မှုတို့ရှိနေသည်။ မြေပြန့်ဒေသလောက် အပူဒဏ်ကိုမခံစားရ။ တိတ်ဆိတ်ငြိမ်သက်မှုကို အအေးဓာတ်ပါးပါးလေးဟာ ပါရမီဖြည့်ပေးနေလေသည်။ အစကနီးနီးနားနားသာ ခရီးထွက်ဖို့စဉ်းစားခဲ့ပေမယ့် မသိစိတ်ရောသိစိတ်ကပါ ဤမြို့ကိုလာရန် တိုက်တွန်းနေခဲ့၍ အလိုလိုက်ပြီး လာခဲ့လိုက်သည်။ ကျွန်မရဲ့ အားလက်ရက်ကို ဤမြို့လေးမှာ နှစ်မြုပ်ထားလိုက်တော့မည်။

 

ကားတစ်စီး ကင်မရာတစ်လုံးဖြင့်ပင် လောကကြီးကိုအဆက်အသွယ်ဖြတ်ပြီး ထွက်ပြေးနေခဲ့တာ နှစ်ရက်ပင်ရှိပြီ။ ယနေ့က သင်္ကြန်အကြိုနေ့။ ကျွန်မ အင်းလေးကိုသွားဖို့ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ကားတစ်စီး ကျောပိုးအိတ်တစ်လုံးနှင့် တောင်ကြီး ဟော်တယ်ကထွက်ခဲ့လိုက်သည်။ နှစ်ရက်လောက်ကို အင်းလေးမှာပဲနေလိုက်မည်လို့ စဉ်းစားထားသည်။ booking လည်းတင်ထားပြီးသားမို့ အဆင်ပြေပြေဖြစ်ခဲ့သည်။

 

ဒီဘက်မှာ အမျိုးရော သူငယ်ချင်းရောမရှိတာမလို့ လွတ်လွတ်လပ်လပ်ပင်။ တစ်ယောက်ထဲနေတာများတော့ အဖော်မလိုတော့သလိုခံစားလာရသည်။ နေသားကျလာသည်။

 

လှေပေါ်မှ အင်းလေးရေပေါ်သင်္ကြန်ရဲ့ အငွေ့အသက်အပြည့်ကိုကျွန်မခံစားနေရသည်။ လှေဘေးမှ ဖြတ်သွားသောလှေများက ရေနဲ့ပတ်သွားကြသည်။ ကျွန်မ အဖြစ်အပျက်တစ်ခုခြင်းကို မှတ်တမ်းတင်ထားမိသည်။

 

အင်းလေးသူ အင်းလေးသားတို့ စိတ်‌လွတ်ကိုယ်လွတ် ပေါ့ပေါ့ပါးပါး ရယ်မောနေကြသည်မှာ ကြည်နူးဖွယ်အတိ။ ဤနေရာတွင်ရှိနေသောသူများသည် ပြဿနာအခက်အခဲများကို ခဏတာမေ့ရော့၍ စိတ်ကိုလွတ်လပ်ခွင့်‌ပေးထားကြသည်။

 

လူကြီးလူငယ် အားလုံးဟာ ဤနေရာတွင် တစ်သားထဲသာ။ ဒါဟာ ဘယ်လောက်ပျော်စရာကောင်းလိုက်လေလည်း။ ရန်သူဆိုတာမရှိ။ အားလုံးဟာ ညီကို မောင်နှမ သားခြင်းများပမာပင်။

 

ကျွန်မ ကင်မရာscreenပေါ်မှ ရေစက်‌တို့ကို လက်နဲ့ပွတ်လိုက်ပြီး ရိုက်ထားသောဓာတ်ပုံများကို တစ်ပုံပြီးတစ်ပုံကြည့်လိုက်သည်။

 

နဒီ့ ရဲ့မျက်နှာထက်တွင် အပြုံးပန်းတွေဟာ ဝေဆာလျက်။

 

"ကလေးမ..ဟိုရေပတ်နေတဲ့အထဲ ဦးလေးဝင်ပေးရမလား"

 

လေသံတို့ဖြင့် ဝိုးတဝါးကြားလိုက်ရသည်။ ကျွန်မ အ‌နောက်ကို လှည့်ကြည့်လိုက်သည်။ ပဲ့ထိန်းဦးလေးကြီးက တစ်နေရာကိုလက်ညှိုးညွှန်ပြီး စကားဝဲဝဲနှင့် လှမ်းအော်ပြောသည်။ လေသံနဲ့ပါဆိုတော့ ထိုစကားကို ကျွန်မနားလည်အောင်ကြိုးစားလိုက်ရသည်။

 

သူထိုးပြနေသောနေရာကိုကြည့်လိုက်တော့ မဏ္ဍပ်ရှိသည်။ ထိုရှေ့တွင်လှေများစုဝေးလျက်။ လူအရမ်းရှုပ်သည်။ သူတို့က ဒေသခံတွေဆိုတော့ လှေပေါ်မှာ ကလို့ခုန်လို့ပင်။ တစ်ချို့ခရီးသွားတွေလည်းရှိပါသည်။ ကျွန်မကတော့မရဲလှပါ။ ရေမကူးတတ်တာမလို့ ပြုတ်ကျမှာကြောက်သည်။ အင်းလေးရေက ဆားဓာတ်ပါလို့ တော်ရုံမနစ်တာသိပေမယ့် ကြောက်သည်။ ဦးလေးကြီးကြည့်ရတာ ကျွန်မကို ထိုနေရာသို့သွားစေချင်ပုံ။ သူ့မျက်ဝန်းထဲကစေသနာတွေကိုကျွန်မမြင်ရသည်။ ငြင်းတော့မငြင်းရက်။ သူတို့ရဲ့ ရိုးရာကို ကျွန်မတို့လိုခရီးသွားတွေကိုပြချင်တာပုံမှန်ပင်။

 

"ဟုတ်ကဲ့ အပြန်ကျရင် ခဏဝင်မယ်"

 

လှေပေါ်တွင် ခရီးသည်ဆိုလို့ ကျွန်မတစ်ယောက်သာပါသည်။ ပိုက်ဆံပေါနေလို့မဟုတ်ပေမယ့် ကျွန်မ ဓာတ်ပုံရိုက်ချင်တဲ့နေရာရှိရင်ရပ်ပြီး ရိုက်လို့ရအောင် လှေတစ်စီးလုံးငှားလိုက်ခြင်းပါ။ လှေကလည်း သေးပါသည်။ ထိုင်ခုံတန်းက သုံးတန်းမျှသာပါသည်။ ထို့ကြောင့်သိပ်မကုန်ချေ။

 

ယခုက ဖောင်တော်ဦးဘုရားကို သွားနေခြင်း။ ကမ်းဆက်မှဝေးလာသည်နှင့်အမျှ အင်းရေပြင်ဟာပိုမိုကြည်လင်လာသည်။ လှေဘေးကို လက်ချပြီး အအေးဓာတ်ကိုအရသာခံနေလိုက်သည်။ လက်ကိုရိုက်ခိုက်လာတဲ့ ရေစက်တို့ဟာ ကျွန်မရင်ကိုပါရိုက်ခက်နေသည်။ ရေစက်များလာသည်နှင့်အမျှ ပျော်ရွှင်မှုတို့ကပ်ပါလာသည်။ သဘောကျမိသည်။

 

ခဏအကြာ ဖောင်တော်ဦးဘုရားကြီးဟာ မြင်ကွင်းထဲပေါ်လာသည်။ ဘုရားပေါ်ရောက်တော့ ကျွန်မဟာ ကြွတ်စုတ်ဖြစ်နေချေပြီ။ တော်သေးသည်မှာ ရေပတ်မှာသိလို့ ဆံပင်စီးပြီး လျှာထုတ်ဦးထုပ်ဆောင်းခဲ့မိသည်။ ထို့ကြောင့် သိပ်တော့ပုံမပျက်။ ဆံပင်ကလည်း ပုခုံးလောက်သာရှိသည့်အတွက် သိပ်အလုပ်မရှုပ်ရ။ ဆောင်းထားတော့ ဦးထုပ်ထဲက အပြင်ကို ခပ်တိုတိုသာထွက်နေသည်။

 

အစက ထမိန်ဝတ်ဖို့ရည်ရွယ်ထားခဲ့သော်လည်း ရေပတ်ခံရရင် ထမိန်နဲ့ဆို သိပ်ဘဝင်မကျလို့ ဂျင်းပွ T shirt နဲ့ jacket ကိုသာ ဝတ်ခဲ့သည်။ ဒါဟာမှန်သွားတယ်ပြောလို့ရမည်။ စိတ်ထဲလွတ်လပ်နေသည်။

 

ဘုရားပေါ်တွင်လည်း လူမပြတ်။ ဘုရားဝတ်ပြုပြီးတာနဲ့ ကျွန်မ ကင်မရာတစ်လုံးဖြင့် ဟိုရိုက်ဒီရိုက် အလုပ်ရှုပ်နေသည်။ အင်း ရိုက်ထားတဲ့ပုံတွေတော်တော်များနေပေါ့။

 

"ဒီက အစ်မကြီး"

 

"အစ်မကြီး"

 

ပထမအခါခေါ်တုံးက ကြားပေမယ့် ကိုယ့်ကိုယ်ခေါ်တယ်မထင်လို့ လှည့်မကြည့်မိ။ ဒုတိယတစ်ခါကြတော့ ကျွန်မကိုခေါ်တာ သေချာသွား၍ လှည့်ကြည့်လိုက်သည်။ ဘာလို့ဆို ကျွန်မရဲ့ပုခုံးကို တို့ပြီးတော့ကိုခေါ်သည်လေ။ မကြည့်လို့မရ။

 

ကင်မရာကိုင်ထားရင်းပင် နောက်လှည့်ကြည့်သည်။

 

ကျွန်မရှေ့တွင် ရပ်နေသောကောင်မလေးမှာ အသားဖြူဖြူဝင်းဝင်းပင်။ ကျွန်မထပ် အနည်းငယ်တော့ အရပ်နိမ့်သည်။ သူ့လက်ထဲတွင် ကင်မရာတစ်လုံးကိုင်ထားသေးသည်။ ဒီပုံစံအရ ဒေသခံတော့မဟုတ်။ ကျွန်မလိုခရီးသွားပင်။ သူက ကျွန်မမျက်နှာမြင်တော့ ပါးစပ်ကိုလက်နဲ့ ဖြတ်ကနည်းအုပ်လိုက်သည်။ နောက်ပြန်ဖယ်သည်။ ဘာလုပ်တာပါလိမ့်။

 

"အဲ.. sorry နောက်ကကြည့်တော့ အသက်ကြီးတယ်ထင်သွားတာ ဟဲဟဲ..ကျဲ"

 

အသက်ကြီးတယ်? နောက်ကကြည့်ရင်? နေပါအုံး အဲ့လိုပုံစံပေါက်နေတာလား။ ပြီးတော့ ကျဲ? တရုတ်လား။ ကျဲဆိုတာ တရုတ်လို အစ်မလို့ခေါ်တာမလား။

 

"ဘာဖြစ်လို့လည်း"

 

ကျွန်မ မေးလိုက်တော့ သူက ကင်မရာကိုထောင်ပြသည်။

 

"ကျဲ စိတ်မရှိရင် ရှင်းကို ဒီနောက်ခံနဲ့ ပုံလေးနှစ်ပုံသုံးပုံလောက်ရိုက်ပေးပါ့လား"

 

ကျွန်မ ဓာတ်ပုံရိုက်နေတဲ့နေရာကိုပဲ သူကလက်ညှိုးထိုးပြပြီးပြောသည်။

 

နဒီ့ဘက်က အဖြေချက်ချင်းမလာ။

 

"လုပ်ပါ..နော်..နော်"

 

ထိုကလေးမလေးအသံမှာ ချွဲတယ်လို့လည်း တစ်ထစ်ချပြောမရ။ အေးအေးငြိမ်ငြိမ်ရယ်သာ။ ဒါပေမယ့် မျက်နှာမှာ ချွဲနွဲ့ပြီးတောင်ဆိုနေသလို။ ကျွန်မ အနောက်ကိုတစ်ချက်ခေါင်းဆက်ပြလိုက်သည်။ ထိုနေရာကိုသွားဆိုသည့်အဓိပ္ပယ်ဖြင့်ပင်။ သူက ပြုံးရွှင်လျက်ပင် ကျွန်မလက်ထဲကို ကင်မရာထိုးထည့်ပြီး အနောက်ကိုပြေးသွာသည်။

 

သူကကင်မရာကိုချက်ချင်းထိုးထည့်ပေးတော့ ကိုယ့်ကင်မရာကို‌တောင် ရုတ်တရက် လွတ်ချလိုက်ရသည်။ တော်သေးသည်က ကြိုးနှင့်လွယ်ထားလို့ မဟုတ်ရင်ကွဲမှာ။

 

ကျွန်မလက်ထဲရောက်လာတဲ့ ကင်မရာကို သေချာကြည့်လိုက်သည်။ ကျွန်မဟာနဲ့ တစ်ပုံစံထဲပါ့လား။

 

သူ့ကိုကြည့်လိုက်တော့ ပိုစ့်ပေးနေလေပြီ။ ဒီကလေးမ တော်တော် သွက်ပါ့လား။

 

"ဟိုဘက်နည်းနည်းတိုးလိုက်"

 

ကျွန်မ လက်ဟန်နဲ့ သူ့ကို ပြောလိုက်သည်။ သူက ကျွန်မညွှန်ပြသည့်အတိုင်း ထိုဘက်ကိုတိုးသွား၍ ပိုစ့်ပေးလေသည်။

 

"Okay"

 

ပုံရိုက်ပြီးတော့ okဆိုတဲ့ပုံစံနှင့် လက်ထောင်ပြရင်းပြောလိုက်သည်။ ထိုအခါ သူကချက်ချင်းပင် ကျွန်မထံပြေးလာသည်။ သူ့ကို ကင်မရာပေးလိုက်သည်။ ကင်မရာထဲက ကျွန်မရိုက်ပေးထားသော ဓာတ်ပုံတွေကို သူကကြည့်ပြီး ပျော်နေသည်။ ပြုံးနေသည်။

 

နဒီ ဘေးကိုသွား၍ လက်နောက်ပစ်ကာ ကိုယ်ရိုက်ထားတဲ့ဓာတ်ပုံတွေကို ထိုကောင်မလေးနှင့် အတူတူကြည့်‌နေသည်။ ငါးပုံလောက်ပါပဲ။

 

"လှလိုက်တာ..ဝိုး..ဒီပုံလေးကတော်တော်လှတယ် ဟီး...ကျေးဇူးတင်.."

 

ရှင်းက ဓာတ်ပုံတစ်ပုံချင်းကို ချဲ့ကြည့်ပြီးကို အသေအချာပြောနေသည်။ နဒီ့အကြည့်တွေဟာ ကင်မရာ screen ပေါ်မရှိတော့။ သူ့‌ဘေးနားက ရှင်းကို ငုပ်ကြည့်နေသည်။

 

"ကျဲ."

 

ရှင်း ရုတ်တရက် မော့ကြည့်လိုက်သောကြောင့် နှစ်ယောက်သား မျက်နှာချင်းအရမ်းနီးကပ်နေသည်။ ရှင်းက ချက်ချင်းပြင် နောက်သို့ဆုတ်သွားသည်။ နဒီဟာ ဒီတိုင်းပင်။

 

"အဟင်း.."

 

ရုတ်တရက် သူကမော့ကြည့်လာမယ်မထင်ထားတာအမှန်ပင်။ တော်တော်နီးကပ်သွားတာပဲ။ အရှက်ပြေ‌ချောင်းဟက်လိုက်မိသည်။ ပုံတော့ပျက်မသွားပါ။

 

"ကျဲ..ကျဲ ဓာတ်ပုံတော်တော်ရိုက်တတ်တာပဲနော်"

 

သူကလည်း ချီးမွန်းလေသည်။ ကျွန်မပြုံးပြလိုက်သည်။

 

"ဒီလိုပါပဲ.."

 

"ကျေးဇူးပါနော်"

 

ခေါင်းညိတ်ပြလိုက်သည်။

 

"မင်းကတစ်ယောက်ထဲလား.."

 

ကျွန်မ သူ့ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးမေးလိုက်သည်။

 

"ရှင်?"

 

"အော် မိန်းကလေးတစ်ယောက်ထဲခရီးထွက်လာတာလားလို့မေးတာ..သူငယ်ချင်းတွေမပါဘူးလား"

 

ကျွန်မအမေးကိုသူက ရယ်သည်။ ပြီးတော့ ကျွန်မကို ပြန်အကဲခက်သလို ခေါင်းအစခြေအဆုံးကြည့်သည်။ ကျွန်မ ယောင်၍ပင် သူကြည့်သလိုလိုက်ကြည့်မိသည်။

 

"ဘာလည်း.."

 

"အစ်မကြီးလည်းတစ်ယောက်ထဲပဲလေ"

 

သူက ခပ်နောက်နောက်ပင်ပြောသည်။ ဘယ်တူမလည်း။ သူ့ကြည့်တော့ အသက်က 18နှစ်တောင်ရှိတယ်မထင်ရတဲ့ ကလေးရုပ်နဲ့။

 

"မတူဘူးလေ မင်းကငယ်သေးတယ် ကိုယ်ကအရွယ်ရောက်နေပြီ"

 

သူက လက်နှစ်ဖက်ကို ကျွန်မလိုပင်နောက်ကိုပစ်သည်။ ပြီးတော့ ရှေ့သို့အနည်းငယ် တိုးလာသည်။

 

"ကျဲ စိုးရိမ်နေတာလား"

 

"...."

 

ရုတ်တရက်ဘာပြောရမှန်းမသိတော့။ မိန်းကလေးတစ်ယောက်ထဲမြင်တော့မေးလိုက်မိရုံပါ။

 

ရှင်းက နဒီ့ကိုသေချာကြည့်ပဲ မခိုတရိုရယ်လေသည်။

 

"အဟင်း..ရှင်းကတစ်ယောက်ထဲမဟုတ်ပါဘူး...ကော‌နဲ့ ကျဲကျဲပါတယ်..သူတို့က နှစ်ယောက်ထဲကမ္ဘာဖြစ်နေလို့ထွက်လာတာ..ပြီးတော့ ရှင်းအသက်က 20ပြည့်ခံနီးနေပါပြီကလေးမဟုတ်တော့ပါဘူးနော်"

 

လက်နှစ်ချောင်းထောင်ပြပြီး ပြန်ရန်တွေ့လေသည်။ ကျွန်မ ခပ်ဟဟပြုံးလိုက်သည်။

 

"ကိုယ့်အသက်က 26ရှိပြီ အဲ့တော့ ကိုယ့်အတွက်ဆိုငယ်တာပဲ"

 

"OMG တစ်ကယ်ကြီးလား အဲ့ဆိုအမကြီးပေါ့နော်"

 

ကျွန်မ မျက်မှောင်ကျုံ့လိုက်မိသည်။

 

"စတာပါ ကျဲရယ်..ကျဲကမထင်ရဘူး အရမ်းလှတာ"

 

သူ ကျွန်မ မျက်မှောင်ကျုံ့လိုက်တာမြင်သွားပုံရသည်။ ကျွန်မကို ချက်ချင်းမြှောက်ပင့်နေသည်။

 

နဒီ ခေါင်းအသာခါရင်း ခပ်ပေါ့ပေါ့ရယ်သည်။

 

"ဘာရယ်တာလည်း..ရှင်း ဟာသပြောနေတာမဟုတ်ဘူး"

 

"မဟုတ်.."

 

ကျွန်မ စကားစချိန်မှာပင် သူလွယ်ထားတဲ့ ရေစိုခံအိတ်ထဲမှ ဖုန်းသံထွက်ပေါ်လာသည်။

 

"ခဏနော် ကျဲ"

 

ကျွန်မခေါင်းညိတ်ပြလိုက်သည်။

 

"ဘာလည်း..ခဏစောင့်လာခဲ့မယ်"

 

သူကစကားကို ဆောင့်ဆောင့်အောင့်အောင့်ပြောပြီးဖုန်းချပစ်သည်။ နှုတ်ခမ်းကလည်း ဆူချင်သေး။ ကျွန်မသူ့ကို ခပ်ပြုံးပြုံးကြည့်လိုက်သည်။

 

"မင်း ပျောက်သွားလို့ဆက်တာလား"

 

"မဟုတ်ပါဘူး ရှင်းက သူတို့ကိုပြောပြီးမှထွက်ခဲ့တာ ခုကလှမ်းခေါ်တာ..သူ့ချစ်ချစ် နေမကောင်းလို့ပြန်တော့မယ်တဲ့..တစ်ကယ်ပါပဲ အနှံ့တောင်မပတ်ရသေးဘူး..သူ့ချစ်ချစ်ကို အရမ်အဖြစ်သည်းနေတာ"

 

နဒီ သွားပေါ်အောင်ပြုံးရင်းပင် ဆူအောင့်အောင့်ပြောနေသောရှင်းကို ကြည့်နေလေသည်။

 

"ကဲပါ သူလည်း သူ့ချစ်သူကိုစိုးရိမ်မှာပေါ့..ဒီလိုလုပ် မင်းဒီမှာနေအုံးမှာလား"

 

"ဒီမှာ အင်းလေးမှာလား?"

 

ခေါင်းညိတ်ပြလိုက်သည်။

 

"သင်္ကြန်ပြီးမှပြန်မှာ"

 

"ဘယ်မှာတည်းလည်း တစ်ကယ်လို့ မင်းလျှောက်လည်ခြင်သပဆိုရင် မနက်ဖြန် ကိုယ်လာခေါ်ပေးမယ်"

 

သူ့ရဲ့ မျက်ဝန်းတွေဟာ ဝင်းလဲ့သွားသည်။ သွားပေါ်တဲ့အထိပြုံးသည်။

 

"ဟာတစ်ကယ်လား..ဟိဟိ..ကျဲက ခင်ဖို့ကောင်းသားပဲ..ဖုန်းနံပေါတ်ပေး ရှင်းဆက်လိုက်မယ်"

 

"9 6 5 ... 8 6 7"

 

သူက ကျွန်မပြောသလိုလိုက်မှတ်သည်။ ပြီးတော့ ကျွန်မကိုယ်ကို ဟိုကြည့်ဒီကြည့်ကြည့်ပြန်သည်။

 

"ဖုန်းသံလည်းမကြားဘူးရော"

 

"ဖုန်းက ဟိုတယ်မှာထားခဲ့တာ ဘယ်ကြားမလည်း..ဖုန်းနံပါတ်မှန်ရင်ဝင်မှာပါ"

 

"မှန်တယ်မလား"

 

သူကဖုန်းကို ကျွန်မမျက်နှာနားကပ်ပြသည်။ သူပြတဲ့နံပါတ်ကို ကျွန်မကြည့်လိုက်သည်။

 

"အင်း"

 

"အဲ့ဆို ရှင်းသွားပြီ..ရှင်းနာမည်က ရှင်းမခအောင်ပါ ကျဲနာမည်တော့ ဖုန်းထဲကပဲမေးတော့မယ်

ဘိုင်ဘိုင် မနက်မှတွေ့မယ်"

 

အော်အော်ပြေးပြေး ပြေးသွားသောထိုကလေးမကိုကြည့်ပြီး ကျွန်မသက်ပြင်းချလိုက်မိသည်။ မလွယ်ကြောပါ့လား။

 

ကျွန်မ လည်းထက်မနေတော့ဘဲ လှေထံပြန်လာလိုက်သည်။ နေရာလည်းနှံ့နေပြီမလား။ နေ့လယ်ကျ အေးအေးဆေးဆေးနားရုံပဲ။

 

"ဦးလေးကလည်းလုပ်ပါဗျာ လူလည်းမရှိပဲနဲ့ အတူတူခေါ်သွားပေးလို့မရဘူးလား..တစ်ခြားလှေတွေကလူများတော့ အဆင်မပြေလို့ပါဗျာနော်..ကျွန်တော် ဒီလှေငှားထားတဲ့သူကို ရအောင်ပြော ကြည့်ပါ့မယ်..မမကတစ်ကယ်နေမကောင်းနေလို့ပါ"

 

ကျွန်မ လှေနဲ့နီးလာသည်နှင့် လှေပိုင် ဦးလေးကြီးကို လူသုံးယောက်ထဲက တစ်ယောက်က တိုးတိုးတိုးတိုးနှင့်ပြောနေတာကိုကြားရသည်။

 

ယောင်္ကျားလေးတစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်။ မိန်းကလေးနှစ်ယောက်ထဲမှ ညာဘက်ကမိန်းကလေးဟာ jacket တစ်ထည်ကိုခြုံထားသည်။ ယောင်္ကျားလေးဟာ ထိုအမျိုးသမီးကို ခါးမှဖက်ထားသည်။ ဘယ်ဘက်မှာတော့ ကောင်မလေးတစ်ယောက်ဟာ ဟိုကြည့်ဒီကြည့်နှင့်ပင်။ သူ့ကိုတော့ဘေးတိုက်မြင်ရသည့်အတွက် မည်သူဆိုတာသိရသည်။ ရှင်းပါလေ။ ဘေးကနှစ်ယောက်က သူပြောတဲ့ သူ့အစ်ကိုနဲ့ ‌သူ့အစ်ကို့ချစ်သူဖြစ်ရမယ်။ ကြည့်ရသလောက် ညာဘက်ကအမျိုးသမီးက နေမကောင်းလို့ လူအရမ်းများတဲ့လှေကိုမစီးစေချင်ပုံ။ ဒီဘက်မှာလှေက များများစားစားမရှိ တော်တော်များများက မဏ္ဍပ်ဘက်မှာဖြစ်သည့်အတွက် ရှိတဲ့လှေတွေက လူအပြည့်ပင်။

 

ကျွန်မကြည့်နေတာ ထိုညာဘက်က နောက်ကျောပြင်ကိုရင်းနှီးနေသလိုပဲ။ ထားပါလေ။ ကျွန်မနဲ့သိတာ ရှင်းပဲမလား။ ဒီတော့ကူညီရမှာပေါ့။ မတက်နိုင်တာ မျိုးလည်းမဟုတ်။

 

"ဦးလေးယုံပါတယ်..ငါ့တူပြောကြည့်ပေါ့ကွာ..သူလက်ခံရင်ဦးလေးတွက်ကအပန်းမကြီးပါဘူး"

 

"ဘာဖြစ်လို့လည်း"

 

ကျွန်မ ထိုနားရောက်သွားတော့ ရှင်းကိုကြည့်ပြီး မေးလိုက်သည်။ ရှင်းကလှည့်ကြည့်သည်။

 

"ကျဲ!"

 

ကျွန်မပြုံးပြလိုက်ပြီး ရှင်းဘေးမှာ ကပ်ရပ်လိုက်သည်။ ပြီးတော့ ဘေးကနှစ်ယောက်ကို ကြည့်လိုက်သည်။ ရုတ်တရက်ပင် ကျွန်မ ရှင်းဘေးမှ ဘေးကိုသိသိသာသာ ခွာမိသွားသည်။

 

__________

 

Thanks for reading 🍁

 

Mone Khar

 

__________