"ငြင်းလိုက်တယ် ဟုတ်လား"
ရှေ့နေကြီးဦးရွှေသာကအလိုမကျစွာဖြင့်မေးလိုက်၍ ဂျင်မီ တို့ သားအမိ ဘာမှပြန်မဆိုတော့ဘဲ ထိုင်နေလိုက်ကြသည်။
"၂ခါတောင်အငြင်းခံရတာကို မင်းမို့လို့မရှက် ဂျင်မီရာ"
ဖခင်၏စကားကြားတော့ ဂျင်မီ့မျက်နှာက ရှက်စိတ်ကြောင့်ရော ဒေါသစိတ်ကြောင့်ပါ နီရဲနေလေ၏။
ဆေးရုံတွင်မွေးနေ့က လက်ထပ်ခွင့်တောင်းတုန်းကငြင်းခံခဲ့ရသည့်အပြင် မနေ့က သားအမိနှစ်ယောက် အရေးပိုင်ကတော်မှတစ်ဆင့်ကမ်းလှမ်းတော့လည်း ထပ်ငြင်းခံရပြန်သည်တဲ့။
မုန်းကြောင့် သူမကိုယုက လက်မခံတာဟူသည့် အသိဖြင့် ဂျင်မီ မုန်းကိုရှင်းပစ်ခဲ့သော်ညား ယု က ခုထိသူ့ကိုလက်မခံသေး။
သစ္စာခံတပည့်များကဖမ်းမိမိချင်း သက်သေခဲ့ကြရာ ဂျင်မီ့လုပ်ရက်က မပေါ်သွား။ သို့သော် ယု က သူ့ကို သံသရမကင်းပုံ။
သို့သော်ညား ဂျင်မီမောင် ဟူသည် မရတာကိုမှ အရလိုချင်တတ်သူ။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း စိတ်ထဲမြည်ကျွေးမိသည်က..
"မင်းတစ်နေ့ ကိုယ့်လက်ထဲရောက်ကိုရောက်လာစေရမယ် ယု"
~~~~~
နေ့ မှ ည၊ ည မှ နေ့ တရွေ့ရွေ့ကုန်ဆုံးဖြတ်သန်းလာခဲ့ရာ အချိန်သည် ၅လနီးနီးရှိခဲ့ပြီ။
"မလုပ်နဲ့"
အလန့်တကြား အော်ဟစ်ပြီး နိုးလာသော မုန်း၏အသံကြောင့် ခင်ခင် ခြင်ထောင်ထဲမှ အမြန်ထွက်လာကာ
"ဘာဖြစ်တာလဲ မဟူရာ"
မုန်း ခင်ခင့်လက်ကိုဆုပ်ကိုင်လိုက်ပြီး
"ငါဟိုအိပ်မက် မက်ပြန်ပြီ ခင်ခင် ဘာလို့ ငါ့ရဲ့အိပ်မက်ထဲအဲ့အမျိုးသမီးက ညတိုင်းစိုးမိုးနေရတာလဲ"
ထိုလများတစ်လျှောက် မုန်း၏ အိပ်မက်ထဲဝယ် အမျိုးသမီးတစ်ဦးအား သူမက နည်းအမျိုးမျိုးဖြင့် နှိပ်စက်နေ၏။
သို့သော် ထိုအမျိုးသမီး၏ မျက်နှာကိုတော့ သူမခုထိသဲကွဲစွာမမြင်ရ။ ပုံရိပ်တို့ကရေးတေးတေးပင်။
ခင်ခင် ချွေးများရွှဲနေသောမုန်း၏ မျက်နှာလေးအား အဝတ်လေးဖြင့်သုတ်ပေးလိုက်ပြီးနောက်
"မဟူရာ နင်အဲ့အမျိုးသမီးအကြောင်းပဲငါ့ကိုပြောနေတာ ၂လကျော်ပြီ"
"ငါ သူ့ကိုအမြဲလိုလိုအိပ်မက်မက်တယ် အရင်ကဘယ်လိုမှ မနေပေမဲ့ ခုနောက်ပိုင်း သူ့အကြောင်းတွေးလိုက်တိုင်းရင်ဘက်ထဲက အောင့်လာတယ်ဟာ ရင်ခုန်သံတွေတောင်မမှန်တော့သလိုပဲ"
မုန်း၏စကားကိုကြားတော့ခင်ခင့်မျက်နှာမှာ သိသိသာသာပျက်ယွင်းသွားရသည်။
"ကြည့်ရတာ သူက နင့်ဆွေမျိုးတစ်ယောက်ယောက်များလား အမေ အဒေါ်.."
"မဟုတ်ဘူး ပုံစံကငယ်သေးတယ်"
"နင့်အစ်မနေမှာပေါ့"
မုန်းက အလေးအနက်စဉ်းစားနေဟန်ဖြင့်
"အဲ့ထက်ပိုလောက်တယ် ခင်ခင်"
လွန်ခဲ့သော၂လမှစ မုန်း၏ အတွေးထဲ ယုကပြန်လည်နေရာယူလာရာ လက်ရှိချစ်သူ ခင်ခင့်ကိုပစ် တစ်ခါတလေ ပစ်ထားမိသည်အထိ။
ဟိုး ယခင်ကတည်းက သူမအိမ်မက်များထဲ အမျိုးသမီးကိုမက်နေမိသော်သည်း မုန်းအလေးအနက်မထားမိ။ ယခုတော့ ဘာကြောင့်မှန်းမသိ ထိုအမျိုးသမီးကိုနှလုံးသားက တမ်းတလာလေပြီ။
မုန်းမဟူရာ ငါးရံ့ ၂ကောင်တော့ဖမ်းလို့မဖြစ်ပါ။
~~~~~
"ကဲ ယုရေ စောစောပြန်နားဦး မနက်ဖြန်ခရီးထွက်ရမှာလေ"
ဒေစီက နားနေခန်း၌ နားကြပ်လေးသိမ်းရင်းပြောနေ၍ ယု ခုံတွင်ချိတ်ထားသောဂျူတီကုတ်လေးကိုခေါက်သိမ်းနေရင်းမှ
"အင်းပါ ဒေစီရယ် နင်လည်းသေချာအနားယူဦး မနက်ဖြန်မနက်စောစောတွေ့မယ်နော်"
ဆေးရုံမှ ပရောဂျက်တစ်ခုဖြင့် မနက်ဖြန် ယု တို့ ပြင်ဦးလွင်ဘက်ထွက်ရမည်။
ပြင်ဦးလွင် သို့ ယု မသွားချင်ပါ။ မုန်း ပြင်ဦးလွင်သို့သွားသည့်နေ့တွင် သူမ နှင့် မုန်း ခွဲခွါခဲ့ရသည်။
ထိုနေရာသို့ ယု ခြေဦးပင်မလှည့်ချင်သော်လည်း မုန်းကိုများရှာဖို့အခွင့်လေးများရှိမလား ရှာများတွေ့လေမလားဟုမျှော်လင့်ချက်လေးဖြင့် သွားဖို့ဆုံးဖြတ်ခဲ့၏။
ကြားထဲလည်း တပည့်များကို မုန်းအားရှာခိုင်းခဲ့တာ တစ်ရက်မှမပျက်။
ယခုတော့ပြင်ဦးလွင်ဘက်ကို ကိုယ်တိုင်သွားရတော့မည်။
"မနက်ဖြန် ဘယ်ချိန်သွားမလဲ ယု"
ယု အရေးပိုင်မင်းတို့စံအိမ်သို့ရောက်နေရာ ဒယ်ဒီက ထမင်းစားနေရင်းမေးလိုက်၍
"မနက်စောစောပါဒယ်ဒီ"
စစချင်း မုန်းနှင့်ဖြစ်ခဲ့သည့်ကိစ္စကို ဒယ်ဒီရော မာမီရောက ယုအား စိတ်ဆိုးနေကြသော်လည်း အချိန်လေးတစ်ခုကြာလာတော့ စိတ်ပြေသွားကြပုံပင်။
"ကိုယ်ရံတော်ထည့်ပေးလိုက်မယ် ငြင်းဖို့မကြံနဲ့"
"ဟုတ်ကဲ့ ဒယ်ဒီ"
ယု က တို့ကနဲဆိတ်ကနဲသာစားနေသဖြင့် မာမီက စားလက်စ ဇွန်းကိုချလိုက်ကာ
"ယု စားမကောင်းဘူးလား"
"ကောင်းပါတယ် မာမီ"
"ဝလင်အောင်စားစမ်းပါ လူက နဂိုတည်းက မဝတာကိုခုပိန်ချုံးချင်နေပြီ"
ယု မာမီ့အားခပ်ယဲ့ယဲ့လေးပြုံးပြလိုက်ပြီး
"ဟုတ်ကဲ့မာမီ ယု စားပါ့မယ်"
"ဘယ်လိုအစီအစဉ်နဲ့သွားမှာလဲ"
"ဒေစီနဲ့သမီးနဲ့က ကားတစ်စီးနဲ့သွားမှာပါ"
ယု အဖြေကိုကြားတော့ မာမီကစ်ိတ်ပူသွားဟန်ဖြင့်
"သေချာဂရုစိုက်နော် ယု မင်းညီမလေးတုန်းကလည်း…"
မာမီကပြောနေရင်းမျက်ရည်ဝဲလာရာ ယု မျက်နှာပါ ငိုချင်စိတ်ကြောင့်နီတက်လာလေသည်။ သို့သော် ယု မငိုပါ။ ဒယ်ဒီ က ပျော့ညံ့တာကိုမကြိုက်။
"ယု သေချာဂရုစိုက်ပါ့မယ် မာမီ"
ထမင်းစားပြီးနောက် ယု သူမစံအိမ်သို့ပြန်ကာ မနက်ဖြန်ခရီးအတွက်လိုအပ်သည်များထည့်ရင်း မုန်း နှင့်နောက်ဆုံးတွေ့ခဲ့သည့် ညကိုအမှတ်ရနေမိသည်။
မုန်းကျိန်းသေပေါက်ပြန်လာမှာဟု သူမ၏ ယုံကြည်ချက်က ယနေ့ထိမပျောက်သေး။
ကားပေါ်တက်ကာနီးလေး သူမအားနမ်းရှိုက်ကာအမြန်ဆုံးပြန်လာခဲ့မည် ဟု ပြောနေသော မုန်း၏ ပုံရိပ်လေးက ယုအတွေးထဲ တစ်နေ့မှ မပျောက်။
ပစ္စည်းများထည့်ပြီး ယု အိပ်ယာပေါ်လှဲလိုက်ကာ မုန်း၏ အငွေ့အသက်တို့ကိုလွမ်းဆွတ်ရင်း မနက်ဖြန်ကားမောင်းရန် အားယူလိုက်တော့၏။
~~~~~
"ယု"
ဒေစီက ဆုံရပ်နေရာတွင် အထုပ်ကလေးကိုင်ကာ သူမကိုလက်လှမ်းပြနေ၍ ယု ကားလေးအား ဒေစီ့အနီးဦးတည်လိုက်သည်။
ယု ကားပေါ်မှ ဆင်းလိုက်တော့ ဒေစီ ယုအား ငေးနေမိ၏။
အဖြူရောင်ရင်ဖုံးင်္အကျီလက်ကျအရှည်လေးကို ထဘီ ခဲပုတ်ရောင် လေးဖြင့် တွဲဝတ်ထားကာ ဆံထုံးထုံးထားသဖြင့် ရှင်းလင်းနေသော လည်ပင်းသွယ်သွယ်လေးတွင် ပုဝါလေးခပ်လျော့လျော့စည်းထားပုံလေးက ကျော့ရှင်းနေလေသည်။
သူမ အား ငေးနေသော ဒေစီ့ မျက်နှာရှေ့သို့ ယု လက်ခုပ်လေးတီးလိုက်ပြီး
"ဟိတ် ယူ ဘာတွေငေးနေတာတုန်း"
"ဒီနေ့ နင် အရမ်းလှနေလို့"
ယု က မခို့တရို့လေးပြုံးလိုက်ကာ
"ဘာစားမလဲ"
"အတည်ပြောနေတာပါဟဲ့"
"ယု နဲ့ ဒေစီ သွားကြတော့မယ်တဲ့"
သူငယ်ချင်းနှစ်ယောက် စနောက် နေတုန်းပင် ဂျင်မီက ရောက်လာပြီး လာခေါ်သဖြင့် ယု ဒေစီ့ကိုကားပေါ်တက်စေကာ ကားစက်လေးကိုစနှိုးလိုက်သည်။
လမ်းခရီးက သာယာချောမွေ့နေသော်လည်း ယု မပျော်နိုင်ပါ။ ဘေးမှ ဒေစီ့နေရာတွင် မုန်း၏ မျက်နှာကိုသာ မြင်နေမိသည်။
ဝေ့ဝဲတက်လာသော မျက်ရည်တို့ကို ဒေစီမမြင်အောင် ပုတ်ထုတ်လိုက်သော်လည်း
"မုန်းကိုလွမ်းနေတာမလား"
ယု ချက်ချင်းပြန်မဖြေ။ ထပ်မံကျလာသည့် မျက်ရည်စအချို့ကို သုတ်လိုက်ပြီးမှ
"ငါမလိမ်ပါဘူး မုန်းကိုအရမ်းလွမ်းတယ်"
ဒေစီ ယု၏ပုခုံးကိုကိုင်လိုက်ကာ
"ငါလည်းအားမပေးတတ်တော့ဘူး ဒါနဲ့ ဆရာဂျင်မီနဲ့ရော ဘယ်လိုနေလဲ သူ့ဘက်ကထပ်ကမ်းလှမ်းတဲ့ကိစ္စ"
"ငါငြင်းလိုက်တယ် ငါ သူ့ကိုလုံးဝလက်မခံနိုင်ဘူး"
"နင်တို့ခုတလော စကားလည်းပြောတာမတွေ့မိဘူးနော် နင် ဆရာဂျင်မီကို အထင်လွဲ.."
“ဟင့်အင်း ငါအထင်မလွဲဘူး သူ့လက်ချက်ပဲ အဲ့ဒီ့ဂျင်မီမောင် ဆိုတဲ့လူယုတ်မာ လက်ချက်ပဲ"
ယု မျက်ဝန်းများက အရောင်ပြောင်းလာကာ မျက်နှာဖြူဖြူလေးပါ ရဲတက်လာ၍ ဒေစီ လန့်ရပြန်ပြီ။
"အေးပါ ဆောရီးနော် ငါမသိဘဲပြောမိသလိုဖြစ်သွားတယ် နင်စိတ်လျှော့ပါ ယုရယ်"
ဒေစီက တောင်းပန်စကားဆိုလိုက်တော့မှ ယု သက်ပြင်းချလိုက်ကာ ကားကိုပဲ အာရုံစိုက်မောင်းနေလိုက်တော့သည်။
~~~~~
"အဲ့အမျိုးသမီးကဘယ်သူလဲ"
အိမ်ရှေ့ကွပ်ပစ်လေးတွင်ထိုင်ကာ နှလုံးသားနေရာကိုဖိရင်း တွေးနေမိသူမှာ မုန်း။
"သူ့ပုံရိပ်တွေကိုတွေးမိတိုင်းခုန်လာတဲ့နှလုံးခုန်နှုန်းက ခင်ခင်နဲ့တောင်မတူဘူး"
ယနေ့ မုန်းနှင့်အတူ ပြင်ဦးလွင်မြို့ပေါ်တက်စရာရှိ၍ ခင်ခင် အိမ်ရှေ့ထွက်အလာ တစ်ယောက်တည်းပြောနေသော မုန်း၏ စကားများကြောင့် သူမရင်ထဲဆစ်ကနဲ။
သိုသော်ညား ခင်ခင် မျက်နှာမပျက် မုန်းအနားသွားလိုက်ကာ
"သွားရအောင် မဟူရာ"
“ဪ သွားကြမယ်လေ"
"ပရောဂျက် က မနက်ဖြန်မှစရမှာဆိုတော့ ဒီနေ့ နားနားနေနေပဲ နေရအောင်"
"အင်းပါ"
ဈေးကြီးအနီးရှိ စားသောက်ဆိုင်ငယ်လေးတစ်ဆိုင်တွင် ထိုင်ပြီး အစားအသောက်များမှာရင်း ပြောနေသာ ဒေစီ့ကို ယု ထောက်ခံလိုက်၏။
ဂျင်မီနှင့်အခြားသူများက တည်းခိုခန်းမှထွက်မလာကြသေးခင် သူမတို့နှစ်ယောက် ပြင်ဦးလွင်တစ်ခွင်ပတ်ကြည့်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
အစားအသောက်များမလာခင်ပြင်ဦးလွင်မြို့၏ ဝန်းကျင်ကိုယု အကဲခတ်နေစဉ် မိန်းကလေးတစ်ဦး၏ လက်ကိုဆွဲပြီး စားသောက်ဆိုင်ရှေ့မှဖြတ်သွားသည့်ရင်းနှီးနေသော ပုံရိပ်လေး။
"မုန်း"
ထွက်ကျလာသည့်စကားသံလေးနှင့်အတူ ယု က ကမန်းကတန်းထသွား၍ ဒေစီပါ ကြောင်တောင်တောင်ဖြင့် လိုက်ရလေပြီ။
"မုန်း"
နာမည်တစ်ခုကိုခေါ်ကာ သူမလက်ကိုဆွဲလိုက်သည့် အမျိုးသမီးတစ်ဦးကြောင့် မုန်း လှည့်ကြည့်လိုက်မိသည်။
"မုန်း တကယ် မုန်းပဲ မုန်းရယ် မမယု မုန်းကို ဘယ်လောက်လွမ်းနေလဲသိလား"
ထိုအမျိုးသမီးက သူမကိုတွေ့တော့ ဝမ်းသာအားရ ပွေ့ဖက်လိုက်ပြီး အသံကလည်းငိုသံဆွတ်နေ၍ မုန်း ကြောင်နေမိသည်။
"ခ ခနလေး အမိ"
မုန်း ယု အား တွန်းလိုက်တော့ ယု ကဝမ်းနည်းသွားပုံလေးဖြင့်
"မုန်း မမယုလေ မမှတ်မိဘူးလား မုန်းရယ် ဘယ်တွေလျှောက်သွားနေတာလဲကွယ်"
"ယု နင်ဘာဖြစ်…ဘုရားရေ မုန်း"
နောက်ထပ်အမျိုးသမီးတစ်ဦးကပါ ထပ်ရောက်လာကာ သူမကို မုန်းဟု ခေါ်လိုက်ရာ မုန်းနှင့်ခင်ခင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်၏။
ထို့နောက် မုန်းက ယု မျက်နှာကိုသေချာကြည့်လိုက်ကာ
"အမိကဘယ်သူလဲ ကျွန်မကိုသိလို့လား"
သူမ ကိုမျက်မှောင်ကြုံ့ရင်း မေးလိုက်သည်မုန်းကြောင့် ယု မျက်ဝန်းလေးများကျယ်လာကာ
"မုန်း မမယုလေ မုန်း ဘာတွေပြောနေတာလဲ"
မုန်းလက်ကို ယုက မလွှတ်တမ်းကိုင်ပြီးပြောနေ၍ ဒေစီကပင်ကြားမှ
"ခ ခန ယု မုန်းက မှတ်ညဏ်ပျောက်နေတာလည်းဖြစ်နိုင်တယ်လေ နင်မလောပါနဲ့ဦး"
ဒေစီ့စကားကိုကြားတော့ ယု၏ မျက်ဝန်းတွင်အလံန်တရာ စိုးရိမ်မှုအရိပ်အယောင်တို့ကပိုလို့ပင်ဖုံးလွှမ်းလာရ၏။
ယု မုန်းလက်ကိုမလွှတ်သည့်အပြင် မုန်းအနားပိုတိုးကပ်လာပြီး
"တကယ်ကြီးလား မုန်း မမကို တကယ်မမှတ်မိတော့တာလားဟင်"
ဒေစီ ယု ကိုတားမည်အလုပ် ယု လက်ကိုဖယ်ထုတ်လိုက်ကာ မုန်းရှေ့မှ ကာရပ်လိုက်သည့် မိန်းကလေးကြောင့် ဒေစီ့မျက်ခုံးနှစ်ဖက်ကအလိုမကျစွာ တွန့်ချိုးသွားရသည်။
"ဒီမှာ အစ်မ အစ်မကဘယ်သူလဲ ဘာလို့ မဟူရာ့ကိုခုလိုအတင်းအကြပ်လုပ်နေတာလဲ"
သူမကို ရန်တွေ့နေသည့် ခင်ခင့်ကို ယု မျက်လုံးစိမ်းတို့ဖြင့် ခပ်စူးစူးကြည့်လိုက်ကာ
"မင်းကဘယ်သူမို့လို့ မုန်းနဲ့တို့ရဲ့ဆက်ဆံရေးကို မင်းကိုပြောပြရမှာလဲ"
ယု၏ အမေးကြောင့် ခင်ခင် ဂုဏ်ယူစွာဖြင့်
"ကျွန်မက သူ့ချစ်သူရှင့်"
"ဘာ"
ယုအသံမှာ ထိုဝန်းကျင်တစ်ခွင်ဟိန်းထွက်သွားလေသည်။ သူမတို့အား ဘေးမှ လူအချို့က စပ်စုသလို ကြည့်နေကြသေး၏။
"မင်း ဘာစကားပြောလိုက်တာလဲ"
ခင်ခင့်အင်္ကျီလည်ပင်းကို ဆုပ်ကိုင်ရင်းမေးနေသော ယု အား မုန်းက အားပြင်းပြင်း ဆောင့်တွန်းလိုက်၍ ဒေစီ နောက်ကနေ ယု ကို ထိန်းပေးလိုက်ကာ
"မုန်း ယုကိုခုလိုမကြမ်းတမ်းပါနဲ့"
"ရှင့်လူက ကျွန်မချစ်သူကိုအရင်လာထိတာလေ"
"ချစ်သူဟုတ်လား တကယ်တော့ ယုက.."
"ဒေစီ"
ဒေါသတကြီးပြောနေသောမုန်းကို ဒေစီကလည်းအလျှော့မပေးသော လေသံဖြင့် ပြန်ပြောမည်လုပ်တော့ ယု ဒေစီ့အားလှမ်းတားလိုက်မိသည်။
"မမတို့ အေးဆေးပြောရအောင်"
ယုစိတ်ကို အတတ်နိုင်ဆုံးလျှော့လိုက်ကာ ခပ်အေးအေးပြောလိုက်တော့ မုန်းက ခင်ခင့်ကိုတစ်ချက်ကြည့်ပြီး ခေါင်းငြိမ့်ပြ၏။
သူမ တို့၄ယောက် ဆိုင်၏ ထောင့်ကျကျဝိုင်းလေးတွင်ထိုင်လိုက်ကာ
"မုန်းနာမည်က.."
"နေပါဦး"
ယု မပြောခင် မုန်းကလှမ်းတားလိုက်ပြီး
"အမိက ကျွန်မကို သိတာသေချာလို့လား"
"မုန်းရဲ့ဘယ်ဘက်ရင်ဘက်မှာ အမာရွတ်တစ်ခုရှိတယ်"
ယု၏ အဖြေကိုကြားတော့မှ မုန်းက ခေါင်းငြိမ့်လိုက်ပြီး ဆက်ပြောဟူသော အမူအယာဖြင့်
"ဟုတ်တယ် ကျွန်မမှာအမာရွတ်ရှိတယ် ကျွန်မနာမည်ဘယ်သူလဲ"
"မုန်းနာမည်က မုန်းမဟူရာ"
ခင်ခင်ရော မုန်းပါ အံ့ဩသွားပုံ။ ခင်ခင်က အပြုံးလေးတစ်ခုဖန်ဆင်းလိုက်ပြီး
"မဟူရာ ငါနင့်နာမည်ကိုမသိတာတောင် ငါပေးထားတဲ့နာမည်က နင့်နာမည်အစစ်နဲ့တူနေတာပဲ"
မုန်းကလည်းပြန်ပြုံးပြလိုက်ရင်း
"နှလုံးသားချင်းထပ်တူကျနေလို့နေမှာပေါ့"
ထို၂ယောက်ကြောင့် ယု ၏ မျက်နှာလေးသိသိသာသာပျက်သွားသည်ကို ဒေစီသဘောပေါက်မိပါသည်။
ခင်ခင့်ကို မုန်းက သူမချစ်သူဟု မိတ်ဆက်ပေးလိုက်တည်းက ယုရင်ထဲဘယ်လောက်တောင်ခံစားနေရလဲ ဒေစီ သိသည်။
ယုသည် ခံစားချက်ကိုဖော်မပြတတ်သူ။ တစ်ကိုယ်တည်းကြိတ်ပြီးနာကျင်မှုတို့အားသည်းခံတတ်သူမှန်းလည်း ဒေစီသိပါသည်။
"ဆက်ပြောပါဦး အမိ ကျွန်မကဘယ်သူလဲ"
"မုန်းက ရန်ကုန်က အရေးပိုင်မင်းဦးဟယ်ရီမန်းရဲ့သမီး"
ယု၏ စကားအဆုံး မုန်းပုံစကအတော်လေးအံ့ဩသွားသလို ခင်ခင်ဆိုလျှင် ပါးစပ်လေးကိုပါ အုပ်မိသွား၏။
မုန်း ဆက်လက်သိသွားချင်ပုံပင်။
"အမိနဲ့ကျွန်မကရော ဘာတော်တာလဲ"
ထိုမေးခွန်းကို မဖြေမီ ယု ဝေ့ဝဲတက်လုနီးနီး မျက်ရည်စတို့အားမမြင်သာအောင်ကြိုးစားဖုံးကွယ်ရင်း
"မမက မုန်းရဲ့..မွေးစားအစ်မပါ"
ထိုစကားကို ယု အတော်လေး အားတင်းပြောလိုက်ရမှန်း ဒေစီ ရိပ်မိပါသည်။
ဒေစီ ယု ကိုအားပေးရန် သူမလက်လေးအား ယု ပုခုံးကိုကိုင်မည်အလုပ်
"မုန်း မမတို့နဲ့ရန်ကုန်ပြန်လိုက်ခဲ့ပါနော်"
ယု က မုန်းကိုစကားဆိုလိုက်သဖြင့် ဒေစီ သူမလက်လေးကိုပြန်သိမ်းလိုက်မိသည်။
ထိုစကားကြောင့် ခင်ခင်က စိုးရိမ်တကြီးဖြင့်
"မဟူရာ နင်ငါတို့ကိုထားသွားတော့မှာပေါ့နော်"
မျက်ရည်လေးများဝဲကာပြောနေသော ခင်ခင့်လက်လေးကို မုန်းက တယုတယကိုင်လိုက်ကာ ခင်ခင့်မျက်ရည်လေးကိုသုတ်ပေးရင်း
"ငါ နင့်ကိုမခွဲသွားဘူးလို့ပြောထားတယ်လေ ခင်ခင်"
"မရဘူးနော် မုန်း မုန်း မမယုတို့နဲ့ပြန်လိုက်ရမယ်"
ယုကအလန့်တကြားထပြောလိုက်ရာ မုန်း ယုကို မကြည်ကြည့်ဖြင့် ကြည့်ရင်း
"အမိက ကျွန်မကိုပိုင်လို့ အမိန့်ပေးနေတာလား ကျွန်မချစ်သူစိတ်ကျေနပ်အောင်ပြောပါရစေဦး"
ထွက်ကျလာသည့် မုန်း၏ စကားတိုင်းသည် ယု ရင်ကို ထိုးခွဲနေသကဲ့သို့ပင်။ ယု စကားတစ်ခွန်းမှပြန်မဆိုနိုင်တော့ပေ။ တုန်ရီနေသည့် သူမအသံကို အခြားသူများအား မကြားစေလိုပါ။
မုန်းတစ်ယောက်ကတော့ ရှေ့မှ ယုနှင့်ဒေစီ့ကိုပင်အဖက်မလုပ်ဘဲ ခင်ခင့်ကိုသာ ချော့မော့နေရာ ဒေစီ ဘယ်လိုမှမနေနိုင်တော့၍
"ယုက မင်းအပေါ်ဘယ်လောက်တောင်ချစ်သလဲ မင်းမသိတာလား မုန်းမဟူရာ ခုမှပြန်တွေ့တဲ့ကိုယ့်အစ်မကိုခုလိုဆက်ဆံရသလား"
မုန်း စုတ်တစ်ချက်သပ်လိုက်ပြီး
"ကျစ် ရှုပ်လိုက်တာ ဒီမှာ ပြန်လည်းကျွန်မတစ်ယောက်တည်းတော့မပြန်ဘူး ခင်ခင်တို့ကိုပါခေါ်သွားမယ်"
ဒေစီ့ယုကိုလှမ်းကြည့်လိုက်တော့ ယု က မျက်လုံးများပင်နီနေလေပြီ။
"မုန်းသဘောပါ ဒယ်ဒီ့ဆီကြေးနန်းပို့လိုက်ဦးမယ်"
ယုက ကြေးနန်းပို့ရန် ထဖို့လုပ်တော့ ဒေစီ ယုကိုတားလိုက်ကာ
"ငါပို့လိုက်မယ် နင်ဒီမှာ မုန်းနဲ့ပြောလိုက်ဦး"
"အင်း"
ဒေစီ ထသွားပြီးနောက်
"မုန်း နဲ့ သူက ဘယ်လိုတွေ့တာလဲ"
"မိတ်ဆက်ပေးမယ်သူ့နာမည်က ခင်ခင်လှ သူတို့က ကျွန်မကိုကယ်ထားတာ"
ယု ခင်ခင့်ကို အတတ်နိုင်ဆုံးအားတင်းပြုံးပြလိုက်ကာ"
"တို့ညီမကိုကယ်ပေးထားလို့ကျေးဇူးတင်ပါတယ် မင်းတို့က ဘယ်မှာနေတာလဲ"
သူမကိုပြုံးပြီးမေးနေသည့် ယု အား ခင်ခင် အကဲခတ်နေမိသည်။ မုန်း၏ မွေးစားအစ်မဟူသည့် ထိုအမျိုးသမီးမှာ မိန်းကလေးချင်းလည်ပြန်ငေးရလောက်အောင်ပင် စွဲဆောင်နိုင်သော အလှပိုင်ရှင်။ ဝတ်စားပုံမှာလည်း အထက်တန်းစားသခင်မလေးတစ်ယောက်နှင့်ကိုင်ညီလွန်းသည်။
ဘယ်လိုပဲကြည့်ကြည့် ယု သည် ခင်ခင့်ထက် အဆပိုင်းများစွာ သာနေ၏။
ခင်ခင် ယု ကို အားရပါးရမပြုံးပြမိပါ။ ဘယ်လိုပဲ အစ်မဟုဆိုဆို မုန်းကိုကြည့်သည့်ထိုအမျိုးသမီး၏ အကြည့်ကို ခင်ခင် သဘောမကျ။
"ခင်ခင်တို့က ဟိုးရွာလေးမှာနေတာပါ…"
ခင်ခင်က ရွာလိပ်စာနှင့် မုန်းကို စတွေ့သည့်နေ့အကြောင်းပြောပြနေခြင်းအား ယု နှင့်အတူ မလှမ်းမကမ်းစားပွဲမှ နားထောင်နေသည့် အမျိုးသားတစ်ဦးလည်းရှိပါသေး၏။
ဂျင်မီ ယု တို့နောက်သို့လိုက်လာရင်း မုန်းကိုတွေ့လိုင်သဖြင့် သူမတို့မမြင်လောက်သည့် တစ်နေရာမှ အခြေအနေကိုအကဲခတ်နေမိသည်။
"ဪ ဒင်းတို့ကယ်ထားလို့ မုန်းမဟူရာ မသေတာပဲ"
ဂျင်မီ လက်သီးကို ခပ်ကျစ်ကျစ်ဆုပ်လိုက်ကာ
"အားလုံးပေးဆပ်ရမယ်"
~~~~~
ဆေးရုံပရောဂျက်မှာ ရက်သိပ်မကြာသဖြင့် ယု နှင့် ဒေစီ မုန်းနှင့်ခင်ခင့်ကို ခေါ်ကာ ရန်ကုန်သို့ပြန်ခဲ့ကြသည်။
ခင်ခင့်မိဘများက ရွာကိုမခွဲနိုင်၍ ခင်ခင့်ကိုသာ လိုက်သွားစေပြီး သူတို့ကတော့ နေခဲ့ကြသည်။ သတိရရင်တစ်ခါတလေလာလည်ပေါ့တဲ့။
ဂျင်မီကတော့ အမျိုးအိမ်လည်စရာရှိသေး၍ ပြန်မလိုက်သေး။
ယု ကားမောင်းနေသော်လည်း မှန်ထဲမှနေ နောက်ခန်းထဲမှ မုန်းနှင့် ခင်ခင့်ကိုသာ ငေးနေမိ၏။
မုန်းသည် ခင်ခင့်ကိုအတော်လေးသဘောကျပုံပင်။
မိဘများကိုလွမ်းလျှင် သွားလည်နိုင်ကြောင်း အားမငယ်နှင့်သူမရှိကြောင်းတစ်ဖွဖွ နှစ်သိမ့်ပေးနေ၏။
ပြန်တွေ့သော်လည်း မုန်းက ယု ကိုလုံးဝ မမှတ်မိ။သူစိမ်းဆန်စွာပင် ဆက်ဆံသည်။ ဘေးမှ ဒေစီကတော့ ယုအစား စိတ်မကောင်းရုံမှလွဲမတတ်နိုင်။
ယု က အားကျပုံလေးဖြင့် လှမ်းလှမ်းငေးနေသော်ညား ဒေစီကတော့ စောင်သာကြည့်နေမိ၏။ တစ်ဆက်တည်း မုန်းကိုပြေးရိုက်ချင်စိတ်များလည်းထထပေါ်သလို မုန်းဘေးမှ ပျော့ပျော့နှင့်နံသည့်ကြောင်ချေးမလေးကိုလည်း ကားပေါ်မှကန်ချချင်နေမိသည်။
ထိုစဉ် သူမတို့နောက်မှ လိုက်လာသည့် ကား၄စီး။ ယု မှန်ထဲကနေ ကြည့်နေမိတာကြာပြီ။ ထိုကားများက မြို့ထဲမှာတည်းက သူမတို့နောက်မှမခွါ။
ထိုတစ်ခါတော့ မုန်းကိုရအောင်ကာကွယ်မည်ဟု ယု ဆုံးဖြတ်ထားသည်။
ထို့ပြင်ဒယ်ဒီက ဘော်ဒီဂတ်များမသိမသာထည့်ပေးထားရာ ယု သိပ်မကြောက်မိပါ။
"ဒေစီ ဟိုကားတွေက ငါတို့နောက်လိုက်နေတာထင်တယ်"
ယု ၏ ခပ်တိုးတိုးအသံကိုကြားတော့ ဒေစီက ဘေးကြည့်မှန်ကနေ ဆက်တိုက်အကဲခတ်နေရင်း
"အေး ဖြစ်နိုင်တယ်"
"မုန်းကိုလုပ်ကြံဖို့များလား"
"ဟုတ်မယ်ထင်တယ်"
"ငါဒီတစ်ခါတော့မုန်းကိုဘာမှအဖြစ်မခံတော့ဘူး"
ရှေ့ခန်းကနေ တိုးတိုးကြိတ်ကြိတ်ပြောနေသည့် ယု တို့၂ယောက်ကိုကြည့်ကာ မုန်း သိချင်နေမိသည်။ စမြင်သည့်နေ့တည်းက ဒေစီဆိုသော အမျိုးသမီးက သူမ အစ်မဖြစ်သူနားကပ်နေတာကို မုန်းသိပ်အမြင်မကြည်။
ခုလည်း၂ယောက်တည်း တိုးတိုးတိတ်တိတ်လုပ်နေ၍ မုန်း မျက်နှာကိုမဲ့လိုက်ပြီး ချောင်းလေးဟန့်လိုက်ကာ
"အဟမ်း ရှေ့က၂ယောက် နောက်မှာလူပါတယ်နော် ၂ယောက်တည်းများထင်နေလား"
အသံထွက်လာသည့်မုန်းကြောင့် ယု က ကျေနပ်ပုံလေးပြုံးလိုက်ပြီး
"သိပါတယ်ရှင့် နောက်ကသခင်မလေး အန္တရာယ်ကင်းဖို့ မမယုက သေချာဂရုစိုက်နေတာပါ"
သူမကို အပြုံးချိုချိုလေးဖြင့်တုံ့ပြန်နေသည့် ယုမျက်နှာလေးအား မုန်း ကားမှန်ထဲကနေကြည့်ရင်း သဘောကျနေမိသည်။
ယုကိုမြင်ပြီးတည်းက မုန်း အိပ်မက်ဆိုးမမက်တော့သလို ယုကိုတွေ့သည်နှင့် နှလုံးသားထဲနွေးထွေးလာသလိုလေး။
ဒေစီက နှုတ်ခမ်းလေးမဲ့လိုက်ကာ
"သခင်မလေးက မွေးတည်းကိုက ကံကောင်းတာနော် ကာကွယ်ပေးမဲ့ ဘော်ဒီဂတ်လှလှလေးက အဆင်သင့်"
အရွဲ့တိုက်လိုက်သည့်ဒေစီ့စကားကြောင့် ယု သဘောကျစွာရယ်မိလိုက်၏။ မုန်းကလည်း မထိတထိလေးပြုံးနေလေသည်။
ထိုစဉ်
ဒိုင်း ဒိုင်း
သေနတ်သံများက နောက်ကနေဆက်တိုက်ထွက်ပေါ်လာပြီး ကားဘီးကိုထိသွား၍ ယု ကားကိုထိန်းကာ ဘေးတွင်ထိုးရပ်လိုက်လေသည်။
"မုန်း ငုံ့နေ"
ယု ကား desktop ထဲမှ သေနတ်ကိုထုတ်လိုက်ပြီး ဒေစီကလည်း အသင့်ဆောင်ထားသည့် ပစ္စတိုလေးကို ထုတ်လိုက်ကာ ရန်သူကိုရင်ဆိုင်ရန်အသင့်ဖြစ်နေ၏။
ယု နှင့် ဒေစီက ရဲဝင့်နေသော်ညား ခင်ခင်က အလွန်ကြောက်နေကာ မုန်းကတော့ စိုးရိမ်နေပုံ။
"ဒေစီ မုန်းကိုစောင့်ရှောက်ပေးထားပါ"
ယု နောက်ခန်းမှ မုန်းကိုတစ်ချက်ကြည့်လိုက်ပြီးသူမတို့ကားအနီး လူတစ်စုက ကပ်လာတော့ ကားအပြင်ထွက်လိုက်ကာ ထိုသူတို့အား စတင်တိုက်ခိုက်လိုက်သည်။
တစ်ဆက်တည်း ဒယ်ဒီ ထည့်ပေးလိုက်သော ဘော်ဒီဂတ်များပါ ထွက်လာပြီး အပြန်အလှန်တိုက်ခိုက်ကြတော့၏။
ဆက်တိုက်ထွက်ပေါ်လာသည့်သေနတ်သံများကြောင့် မုန်း၏ အာရုံထဲ ပုံရိပ်စအချို့ကပေါ်လာကာ မျက်လုံးနှင့် နားကိုစုံပိတ်လိုက်မိသည်။
အရေးပိုင်မင်း၏လေ့ကျင့်သင်ကြားမှုကြောင့် ယုနှင့်မုန်းသည် သေနတ်ပစ်ကျွမ်းကျင်ကြ၏။ သို့သော် ယုက ဆရာဝန်ဖြစ်ပြီးတည်းကသေနတ်မကိုင်ဖြစ်။
ယခုတွင်တော့ မုန်းကိုထိပါးချင်လာသူများမို့ သူမလက်ဖြင့်ကိုယ်တိုင်အပြစ်ပေးရန်ဆုံးဖြတ်ခဲ့သည်။
ယု ပစ်လိုက်သည့်ကျည်တစ်ချက်ချင်းက ရန်သူများ၏ ရင်အုံထဲဝင်သွားသဖြင့် ဒေစီအားရနေမိသည်။ ထိုအချိန်မှာပင် သူမတို့ကားထဲ မီးပုလင်းဖြင့်တစ်စုံတစ်ယောက်ကလှမ်းပစ်၍ ဒေစီ မုန်းတို့ကိုခေါ်ကာ အမြန်ရှောင်ရတော့သည်။
ဘော်ဒီဂတ်များပါသော်ညား တစ်ဖက်ကလူများ၍ ယုတို့ပမ်းလာပြီ။ မုန်းကိုတွေ့တော့ လူတစ်ချို့က မုန်းအားတိုက်ခိုက်ရန် လုပ်နေရာ ယု ထိုအနားပြေးပြီး မုန်းကိုကာကွယ်ရတော့သည်။
ဒိုင်း ဒိုင်း
"ခင်ခင်"
နီးကပ်နေသောသေနတ်သံများကြောင့် ခင်ခင် ထိုင်ချမိသွားသလို မုန်းက ခင်ခင့်ကိုဖက်ထားကာ ကွယ်ပေးနေ၏။
မုန်းတစ်ယောက် သက်စွန့်စံဖျားတိုက်ခိုက်နေသော ယုကိုတောင် မျက်လုံးထဲ မမြင်ဘဲ ခင်ခင့်ကိုသာ ပူပန်နေသည့် ထိုမြင်းကို ယု ခံနိုင်ရည်မရှိတော့ပါ။
ဒိုင်း
"အ.."
အနီးကပ်ကြားလိုက်ရသော ကျည်တစ်ချက်နှင့်အတူ ထွက်ပေါ်လာသည့် ခပ်တိုးတိုး ညည်းညူသံလေး..။
JikoJane